Cafes & Restaurant

Vintage ဆန်ပြီး ၁၉၉၀ ပြည့်နှစ်က အမှတ်တရတွေကို ပြန်လွမ်းလို့ရမယ့် "ကာကာဆိုင်"

December 8, 2023

ဟိုးအရင် ရန်ကုန်မှာ ကိုလိုနီခေတ်က အိန္ဒိယလူမျိုးတွေ ဖွင့်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကို "ကာကာဆိုင်" လို့ ခေါ်ခဲ့ကြတယ်ဆိုတာ သင်သိပါသလား? ဒီဆိုင်လေးက လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို အစပြုခဲ့တဲ့ ကာကာဆိုင်တွေရဲ့ အငွေ့အသက်ကို ပြန်လည်သက်ဝင် ခံစားနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

ဒီခေတ်မှာတော့ အခုလိုမျိုး "ကာကာဆိုင်" တွေ မရှိသလောက် ရှားသွားပါပြီ။ ဒါကြောင့် "ကာကာဆိုင်" ကိုရော၊ လက်ဖက်ရည်ဆိုင်စစ်စစ် အရသာကို လွမ်းနေကြသူတွေအတွက်ရော၊ လက်ဖက်ရည်ဆိုင်မှာ ကတ်ဆတ်နဲ့ ခေတ်ဟောင်းသီချင်း နားထောင်ရတဲ့ ခံစားချက်ကို လွမ်းဆွတ်နေသူတွေအတွက်ပါ တစ်ခါလောက် သွားထိုင်ကြည့်သင့်တဲ့ ဆိုင်ဖြစ်ပါတယ်။ 

Click Here > Ko Thein Zaw

ဆိုင်အပြင်အဆင်ကတော့ စီရီထားတဲ့ သီချင်းတိတ်ခွေတွေ၊ ကာကာဆိုင်တွေရဲ့ ဇာတ်လိုက်မင်းသား ဘွိုင်လာအိုး (ဒန်ရေနွေးအိုး)၊ ကတ်ဆတ်၊ ဆေးပေါ့လိပ်၊ နံရံပေါ်က ပိုစတာတွေ စသဖြင့် ရှေးတုန်းက ကာကာဆိုင်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ပြယုဂ်တွေကို အသေအချာ ခင်းကျင်းပြင်ဆင်ပေးထားပါတယ်။ 

ဆိုင်က မနေ့ကမှ စဖွင့်တာဖြစ်တဲ့အတွက်ကြောင့် လူအရောက်အပေါက်လည်း နည်းဦးမယ်ထင်ပါတယ်။ ကာကာဆိုင်မှာ ကာကာသောက်ပြီး ကတ်ဆတ်ထဲက လွင့်ပျံလာတဲ့ မြန်မာရှေးဟောင်း သီချင်းတွေကို နားဆင်ရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲကို အတွေးနဲ့ တစ်ခါလောက် ပြန်ရောက်သွားနိုင်မှာပါ။  

ဆိုင်ကတော့ ကမ္ဘာအေးဘုရားလမ်း၊ တိုက်D၊ G-08၊ မြေညီထပ်၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်မှာ ရှိပါတယ်။ သူ့ဆိုင်က မီနူးတွေကို ရှေးဆန်တဲ့ နာမည်လှလှလေးတွေ ပေးထားတာကလည်း နောက်ထပ် သဘောကျစရာပါပဲ။

လက်ဖက်ရည်ဆိုင်ဆိုတော့ အထူးသဖြင့် လက်ဖက်ရည်အမျိုးမျိုး ရပါမယ်။ နောက်ပြီး ကော်ဖီ၊ ဖွာဇိမ် (ဆေးပေါ့လိပ်)၊ ဘိလပ်ရည် (အအေး)၊ ကိုမြမောင်အကြိုက် အိန္ဒိယအစားအစာတွေ၊ ခင့်လက်ရာ မြန်မာအစားအသောက်တွေကို ရနိုင်ပါတယ်။ အစားအသောက်တွေကတော့ နည်းနည်း စျေးကြီးတဲ့ထဲမှာ ပါပါတယ်။

ကိုယ်တွေ မမှီလိုက်တဲ့ ရှေးခေတ်က ကာကာဆိုင်ရဲ့ Vibe ကို ရချင်တယ်၊ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကိုလည်း သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေဆီ တစ်ခါလောက် အရောက်ပို့ပေးကြည့်ချင်တယ်ဆိုရင် ထိုင်ကြည့်ရမယ့်ဆိုင်ထဲမှာ သူလည်းပါပါတယ်။ 


Read 320 times.