Cafes & Restaurant

ကန်‌ရေပြင်ဘေး သစ်ရိပ်အောက်မှာ လေညှင်းခံရင်း မနက်စာစားကြမယ်

October 2, 2023

အခုပြောပြပေးမယ့်ဆိုင်က ရှုခင်းကောင်းကောင်းနဲ့ မနက်စာကို အေးဆေးထိုင်စားချင်သူတွေအတွက် အကြည်ဓာတ်လေး ဖြစ်မှာပါ။ Sky Lake View ဆိုင်က ကန်တော်ကြီးထဲမှာ ရှိတာ‌ကြောင့် မနက်ခင်း လေ့ကျင့်ခန်းလုပ်ရင်း ဗိုက်ဆာလာရင်လည်း မနက်စာဝင်စားလို့ရပါသေးတယ်။ ဆိုင်အပြင်အဆင်နဲ့ နေရာထိုင်ခင်းလေးကတော့ မှန်တွေနဲ့ ကာရံထားတဲ့ Aircon ခန်းထဲမှာ အေးအေးဆေးဆေး ထိုင်စားလို့ရသလို အပြင်ဘက် ကန်တော်ကြီး Lake View ဘေးမှာ လေညှင်းခံရင်း မနက်စာကို သုံးဆောင်လို့ရပါတယ်။

မိုးရွာရင်တော့ အပြင်ဘက်မှာထိုင်ရင် မိုးနည်းနည်း ပတ်တတ်တာလေးတော့ ရှိပါတယ်။ အထဲမှာဆိုရင်တော့ အဲကွန်းအေးအေးလေးနဲ့ မှန်ခန်းလေးရှိလို့ အပြင်ဘက် အလှကို ကြည့်လို့ရသလို မိုးရွာနေတာလေးကို တစိမ့်စိမ့်ကြည့်ရင်း အဆွေးမုဒ်လေး အွန်ချင်တဲ့သူတွေအတွက်ဆို လုံးဝကွက်တိဖြစ်စေမှာပါ။ 

ဒီဆိုင်မှာ မြန်မာ့ရိုးရာမနက်စာတွေအပြင် မန္တလေးအရသာစစ်စစ် နန်းလတ်သုပ်တွေနဲ့ ထမင်းပေါင်း၊ ရှမ်းရိုးရာအစားအစာတွေ၊ အိန္ဒိယအစားအစာတွေအထိ အစုံရှိပါတယ်။ ရွှေမြန်မာတွေအကြိုက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ မန္တလေးမြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ ဆန်စီးခေါက်ဆွဲ စတဲ့ ခေါက်ဆွဲမီနူးတွေအပြင် မန္တလေး ထမင်းပေါင်း၊ ပုန်းရည်ကြီးထမင်း၊ လက်ဖက်ထမင်း၊ ထမင်းသုပ်၊ ပြည်ထမင်းသုပ်၊ ငါးထမင်းနယ်တို့လို ထမင်းမီနူးလေးတွေလဲ ရပါတယ်။

ဒါ့အပြင် ဆန်းဆန်းပြားပြားကြိုက်သူတွေအတွက် နံပြားမှာဆို ပဲပြုတ်နံပြား၊ မလိုင်နံပြားအပြင် နံပြားချဉ်စပ်၊ နံပြားကြက်ဥကပ်ကြော်တို့ ရှိပြီး ပလာတာမှာဆိုရင် ချီစ့်ပလာတာ၊ ချောကလတ်ပလာတာ၊ ထောပတ်သီးပလာတာ၊ ကီမားပလာတာ၊ ချဉ်စပ်ပလာတာ၊ ဆိတ်သားဟင်းပလာတာတို့အပြင် အုန်းပေါင်းလိပ်ခုတ်၊ ငချိတ်လိပ်ခုတ်၊ အကြော်စုံပူပူလေးတွေလည်း ရပါတယ်။   

သောက်စရာအနေနဲ့ကတော့ အနံ့လေးသင်းနေတဲ့ နှပ်ကော်ဖီ၊ မလိုင်ဖက်များများနဲ့ စီလုံတီး၊ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ပုံမှန်နဲ့ ဖန်ချို စတဲ့ အရသာ မျိုးစုံရှိတဲ့ လက်ဖက်ရည်နဲ့ နွားနို့တို့ ရပါတယ်။ စျေးနှုန်းတွေကတော့ သူ့ဆိုင်ရဲ့ မုန့်ဟင်းခါးထဲမှာ အိုးဘဲဥ၊ ငါးဖယ်၊ ပဲကြော်နဲ့ အီကြာကွေး အကုန်ပါတာကိုမှ ၂,၅၀၀ ကျပ်ပါ။ တခြားမီနူးစျေးနှုန်းတွေကလည်း ၂၀၀၀ - ၄၀၀၀ ကျပ်ဝန်းကျင်လောက်ရှိတာမို့ ဘတ်ဂျတ်ဖြစ်တဲ့ဆိုင်တော့ မဟုတ်ပါဘူး။  

မနက်စာကို မနက် (၆) နာရီကနေ ညနေ (၄) နာရီအထိ ရောင်းတာကြောင့် မနက်ခင်း‌ လေ့ကျင့်ခန်းလုပ်ပြီးလို့ ဗိုက်ဖြည့်မယ့်သူ‌တွေ၊ အိပ်ရာထနောက်ကျတတ်သူတွေ၊ Brunch (မနက်+နေ့လယ်စာ) ‌ပေါင်းစားချင်သူတွေအတွက် လုံးဝ ကွက်တိဖြစ်စေမယ့် ဆိုင်လေးပါ။  နောက်ကျရင်တော့ ရွှေမြန်မာတို့ရဲ့ အကြိုက် မုန့်ဟင်းခါးတို့ ရွှေတောင်ခေါက်ဆွဲတို့က ကုန်နေတတ်ပါတယ်။ 

မနက်ခင်းထဲက စိတ်ကြည်နူးမှုရှိမှ တစ်နေ့တာလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်မှာပါနော်။ ဒါကြောင့် လူရွေးမှန်ဖို့ လိုသလို မနက်စာဆိုင်ကို အရွေးမှန်ဖို့လည်း လိုပါတယ်။ ကန်ရေပြင်ကြီးနဲ့ ရွှေတိဂုံဘုရား ပေါင်းစပ်ထားတဲ့ ကန်တော်ကြီးအလှကို ကြည့်ရင်း မနက်စာစားချင်သူတွေအတွက် ဒီဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

ကရဝိတ်အနီး၊ ကန်သာယာစင်တာအရှေ့က ဝင်ပေါက်/ ကန်တော်ကြီးအပန်း‌ဖြေဥယျာဉ် ၊ ရန်ကုန်မြို့။
09 789407772 , 09 881110655 
6:00 AM to 4:00 PM 


Read 364 times.