Cafes & Restaurant

Picnic ထွက်သလိုမျိုး အပန်းဖြေလို့ရမယ့် မြောက်ဒဂုံထဲက အိမ်ပိစိ

February 1, 2024

ဒီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးတဲ့ မြောက်ဒဂုံမြို့နယ်ထဲက ကော်ဖီဆိုင်အသစ်လေးပါ။ ဆိုင်နာမည်က "Pico Casa အိမ်ပိစိ" လို့ခေါ်ပြီး နာမည်လေးအတိုင်း ဆိုင်ကလည်း Decoration ပိုင်းမှာ သေချာပြင်ဆင်ထားတော့ ချစ်စရာကောင်းပါတယ်။

သားသားမီးမီးတွေပါခေါ်ပြီး မိသားစုလိုက် သွားမလား? Outfit အလန်းစားနဲ့ သူငယ်ချင်းတွေ စုပြီး ဓာတ်ဖမ်းမလား? ချစ်ရသူနဲ့အတူ Rooftop မှာ အေးအေးဆေးဆေး ကော်ဖီဒိတ်မလား? တစ်ဆိုင်ထဲမှာ Vibe (၃) မျိုးလောက်ရတဲ့ ဆိုင်မျိုးပါ။

သူ့ဆိုင်က ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ရှိပြီး ကြည့်လိုက်တဲ့နေရာတိုင်းမှာ ပန်းပင်တွေ၊ ပန်းအိုးတွေ၊ မြက်ခင်းပြင်တွေနဲ့ စိမ်းစိမ်းစိုစို ရှိနေပါတယ်။ ဆိုင်လေးက အိမ်ပိစိသာဆိုတယ်၊ နေရာလေးက မကျဉ်းဘဲ ကျယ်ကျယ်ဝန်းဝန် ရှိပါတယ်။ ဆိုင်လေးက အပေါ်၊ အောက် နှစ်ထပ်ပါ။  

အောက်ထပ်မှာဆို Tent ဝိုင်းလေးတွေ၊ မြက်ခင်းတုပေါ်က သက်တောင့်သက်သာရှိတဲ့ အောက်ထိုင်ဝိုင်းလေးတွေ၊ သစ်သားခုံဝိုင်းလေးတွေ စတဲ့ ဝိုင်းပုံစံ (၃) မျိုးလောက် ပြင်ပေးထားပါတယ်။ နောက်ပြီး အပေါ်ထပ် Rooftop မှာဆိုရင် ညနေခင်း ဆောင်းအငွေ့အသက်ကြား ကော်ဖီသောက်ရင်း အနွေးဓာတ် ရှာလို့ရပါတယ်။ ဒီဆိုင်လေးက မနက်ပိုင်း သွားတာထက် ညနေပိုင်းသွားတာကို ပို Recommend လုပ်ပါတယ်။ ညဘက်ဆို တစ်ခြံလုံး Fairy Lights တွေနဲ့ လင်းထိန်နေပြီး ပိုလှလို့ပါ။ 

"Pico Casa အိမ်ပိစိ" မှာ ဘာတွေ ရလဲ? စျေးနှုန်းဘယ်လောက်လဲ?

ကော်ဖီအမျိုးအစား (၁၀) မျိုးကျော်လောက် ရပြီး  စျေးနှုန်းက ၃,၀၀၀ ကျပ်နဲ့ ၅,၀၀၀ ကျပ်ကြားပါပဲ။ ဒါ့အပြင် နောက်ထပ် သောက်စရာအနေနဲ့ Chocolate၊ Milk၊ Tea၊ Fresh Juice၊ Soda Drinks၊ Smoothies၊ Frappe တို့လည်း ရပါတယ်။

စားစရာကတော့ ထိုင်းအစားအစာ၊ ကိုရီးယားအစားအစာနဲ့ အဆာပြေမုန့်တွေဖြစ်တဲ့ ပေါင်မုန့်ကြက်ဥကြော်၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ပုစွန်တန်ပူရာ၊ ဆန်းဝှေ့ချ်၊ ဟော့ဒေါ့တို့လည်း ရပါတယ်။ အချိုပွဲအနေနဲ့ အသီးသုပ်၊ ရေခဲသုပ်၊ ရေခဲမုန့်တို့ ရှိပါတယ်။ စျေးနှုန်းကတော့ ၂,၀၀၀ ကျပ်ကနေ အများဆုံး ၅,၀၀၀ ကျပ်ပါ။ ဒါကြောင့် စျေးသင့်တဲ့ ဘတ်ဂျတ်ကော်ဖီဆိုင်လေးတစ်ခုလည်း ဖြစ်ပါတယ်။ 

အားလပ်ရက်မှာ ဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲ စဉ်းစားနေတဲ့သူဆိုရင် ဒီဆိုင်လေးမှာ သွားထိုင်ကြည့်ပါ။ ဆိုင်လေးကလည်း လှတယ်၊ အစားအသောက်တွေလည်း ကောင်းတယ်၊ စျေးလည်းတန်တယ်ဆိုတော့ ကော်ဖီဒိတ်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဆိုင်မျိုးပါ။ 

လိပ်စာ - အမှတ် ၂၅၊ ခွါညိုလမ်းနဲ့ သရဖီလမ်းထောင့်၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

ဖုန်း - 09420740410

ဆိုင်ဖွင့်ချိန် - Monday to Friday - 3:00PM to 9:00 PM

Weekends - 1:00PM to 9:00PM


Read 262 times.