Best Cuisine

အချိန်အကန့်အသတ်ချက်မရှိ အ၀စားလို့ရတဲ့ မူကထဘူဖေးဆိုင် (၈) ဆိုင်

September 6, 2023

အစားတလိုင်းလေးတွေကတော့ ဘူဖေးဆိုတဲ့ အသံကြားလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ ဒီတစ်ပတ်မှာတော့ အချိန်ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက် အ၀ကြိတ်လို့ရပြီး စျေးလည်းမများတဲ့ မူကထ ဘူဖေးဆိုင် (၈) ဆိုင်ကို စုစည်းဖော်ပြပေးထားပါတယ်။

၁။ Good Food

စျေးတန်တန်နဲ့ မူကထလည်း အ၀စားချင်တယ်၊ ဟော့ပေါ့လည်း အ၀ကြိတ်ချင်တယ်ဆို ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ Good Food မူကထဆိုင်လေးကို ညွှန်ပေးပါရစေ။ ဒီဆိုင်မှာက ယုန်သား၊ ကြက်မဲ၊ ကြက်ဆင်၊ ကြက်၊ ဝဲ၊ အမဲ၊ ပုစွန်ထုပ်ကြီး၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ခရု စတဲ့ အသား၊ ငါးနဲ့ ပင်လယ်စာတွေအပြင် ရွေးချယ်စရာ အသီးအရွက်တွေကိုလည်း စုံနေအောင် ထားပေးထားပါတယ်။ 

ဟင်းရည်ကိုတော့ ကြက်ပြုတ်ရည်ပဲ သုံးပြီး အရသာကတော့ အချို၊ တုံယမ်း၊ ချဉ်စပ် ရှိပါတယ်။ ဘူဖေးမှာ တခြားစားစရာအနေနဲ့ မာလာရှမ်းကော၊ ဖရဲသီး၊ အအေး (၂) မျိုး ပါဝင်ပါတယ်။ အချဉ်က ကိုယ်တိုင်စပ်လို့ရသလို မန်ကျည်းဆော့စ်၊ ပင်လယ်စာဆော့စ်နဲ့ ရိုးရိုးဆော့စ်ဆိုပြီး (၃) မျိုး လုပ်ပေးထားပါတယ်။

စျေးနှုန်းတွေကတော့ ၃ ပေအောက် ကလေးဆို အခမဲ့ စားသုံးခွင့်၊ ကလေး ၃ ပေ နှင့် ၃ ပေခွဲကြားဆို ၈,၀၀၀ ကျပ်၊ ကလေး ၃ ပေခွဲ နှင့် ၄ ပေအထိဆို ၁၀,၀၀၀ ကျပ်၊ ၄ ပေအထက်ဆို လူကြီးစျေး ၁၃,၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 

ပင်လယ်စာနဲ့ အသားငါးများ ပိုလျှံနေရင် ၁၀၀ ဂရမ်ကို ၃,၀၀၀ ကျပ် ကောက်ခံတဲ့ စည်းမျဉ်းလေးရှိလို့ ကုန်နိုင်သလောက်ပဲ ယူကြနော်။ 

လိပ်စာ - ကားလေးဂိတ်မှတ်တိုင်နှင့် ခေါင်သုံးလုံးမှတ်တိုင်ကြား၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းမကြီး၊ ငွေလမ်းထိပ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09420151216

၂။ "အိုး" မူကထ

ဒီဆိုင်လေးကိုတော့ ရန်ကုန်က မူကထ အသည်းစွဲတွေ အားလုံးသိကြမယ် ထင်ပါတယ်။ သူ့ဆိုင်ကို အရင်က ၆၄ လမ်းကနေ အခု ၆၃ လမ်းထိပ်မှာ ဆိုင်အသစ် ပြန်ဖွင့်ထားပါတယ်။

မူကထဘူဖေး စားဖို့ ရွေးချယ်စရာ အသား၊ ပင်လယ်စာ၊ အသီးအရွက်တွေ စုံစုံလင်လင် ထားပေးထားပြီး အရံဟင်းပွဲတွေကိုလည်း (၁၀) မျိူးထက်မနည်း စီစဉ်ပေးထားပါတယ်။ ဝက်မှိုလုံး၊ ဘေကွန်၊ ကြက်ဆင်၊ ကြက်မဲ၊ ပြည်ကြီးငါး၊ မရွတ်၊ ကင်းမွန်၊ ရေဘဝဲ၊ ပုစွန်၊ ဂဏန်း၊ ဂုံးချော၊ သွေးဂုံး အစုံရပါတယ်။ အချိုတည်းဖို့အတွက် ဖရဲသီးနဲ့ အအေးတွေလည်း ထားပေးထားပါတယ်။     

လူကြီးတစ်ယောက်ကို အပြီးအစီး ၁၅,၉၅၀ ကျပ်၊ ကလေး ၃ ပေနဲ့ ၃ပေခွဲကြား ၇,၀၀၀ ကျပ်၊ ၃ ပေခွဲနဲ့ ၄ ပေကြားက ၈,၀၀၀ ကျပ်၊ ၄ ပေနဲ့ ၄ ပေခွဲကြား ၉,၀၀၀ ကျပ်ဆိုပြီး စျေးနှုန်းသတ်မှတ်ထားပါတယ်။ နေ့လယ် (၁၂) နာရီကနေ စပြီး ည (၉) နာရီအထိ ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်။ 

လိပ်စာ - ကုန်သည်လမ်းမပေါ် ၆၃ လမ်းထိပ် Hotel 63 ရှေ့

ဖုန်း - 09 777 773523

၃။ “ဂေါ် “မူကထ 

မူကထအကင်နဲ့ ဟော့ပေါ့ ဘူဖေးကို အချိန်အကန့်သတ်ချက်မရှိ အ၀စားချင်တယ်ဆိုရင် ဒီဆိုင်လေးကို ချန်ခဲ့လို့မရပါဘူး။ သူ့ဆိုင်မှာ လူကြီးတစ်ယောက်စာ အ၀စား စျေးနှုန်းက ၁၆,၈၀၀ ကျပ် ဖြစ်ပါတယ်။

ဟော့ပေါ့အရည်ကို တုံယမ်း၊ မာလာ၊ အချို၊ ချဉ်စပ် အရသာ (၄) မျိုး လုပ်ပေးပြီး အကင်နဲ့ တို့စားဖို့ ဆော့စ်ကို (၃) မျိုး စီစဉ်ပေးပါတယ်။

"ဂေါ်"  မူကထမှာ အသားအနေနဲ့ ကြက်၊ အမဲ၊ ဝက်အပြင် ကြက်မဲ၊ ကြက်ဆင်တို့အပြင် ပင်လယ်စာနဲ့ အသီးအရွက်တို့ အစုံအလင် ရှိပါတယ်။ ဒါတင်မကသေး အ၀စား ဘူဖေးမှာ အချိုတည်းဖို့ အအေး (၂) မျိုးနဲ့ ရေခဲမုန့် (၂) မျိုးလည်း ပါပါသေးတယ်။ 

လိပ်စာ - အမှတ် (၄) ၊ စမ်းချောင်းလမ်း၊ ပဒုမ္မာရပ်ကွက်၊ KBZ Pay စင်တာအနီး

ဖုန်း - 09797777420, 09777500422

၄။ ရွှေမိုင်စ

အချိန်​ရော၊ အသားလွှာ​​ရော၊ ပင်လယ်စာ​ရော ဘယ်အရာကိုမှ အကန့်အသတ်မရှိတဲ့ ရွှေမိုင်စ မူကထဘူဖေးဆိုင်မှာ လူကြီးတစ်ယောက်စာ အ၀စားကိုမှ အပြီးအစီး ၁၈,၈၀၀ ကျပ် ဖြစ်ပါတယ်။ က​လေး ၃ ​​ပေက​​​နေ ၃ ပေခွဲကြားဆို ၇,၅၀၀ ကျပ်၊ က​လေး ၃ ​ပေခွဲက​နေ ၄ ​ပေကြားက ၈,၅၀၀ ကျပ်၊ ကလေး ၄ ပေကနေ ၄ ပေခွဲကြားဆို ၉,၅၀၀ ကျပ် အသီးသီး သတ်မှတ်ထားပါတယ်။ 

အသားလွှာတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေက လတ်ဆတ်ပြီး အရံဟင်းပွဲတွေလည်း တော်တော်စုံပါတယ်။ ဒီဆိုင်မှာက ကစားကွင်းလည်းရှိတော့ ကလေးရှိတဲ့ မိသားစုဆို သွားရတာ ပိုအဆင်ပြေပါတယ်။ 

အချိုတည်းဖို့အတွက်ဆိုလည်း ရေခဲမုန့် အရသာ (၅) မျိုးနဲ့ အအေးတွေ ပြင်ဆင်ပေးထားပါတယ်။ ယူပြီးမှ မကုန်ဘဲ ကျန်တယ်ဆို ၁၀၀ ဂရမ်ကို ၃,၀၀၀ ပြန်ပေးရတဲ့ သတ်မှတ်ချက်လေး ရှိတာမို့ ကိုယ်စားနိုင်သလောက်ပဲ ယူပါ။

ဆိုင်ဖွင့်ချိန်က ကြားရက်တွေဆိုရင် နေ့လည် ၃ နာရီကနေ ည ၉ နာရီအထိ ဖြစ်ပြီးတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်ဆိုရင်တော့ နေ့လယ် ၁၂ နာရီကနေ ည ၉ နာရီအထိပါ။

လိပ်စာ - ထောက်ကြန့်နှင့် ဇီးရိုးမိုင်ကြား၊ မင်းလမ်းမုန့်တီ​နှင့် မျက်နှာချင်းဆိုင်

ဖုန်း - 09777776469

Advertisement

Click Here > Asia Concrete

၅။ Winner BBQ & Mookata

ဒီဆိုင်လေးမှာကတော့ ဘူဖေးအမျိုးအမယ်ပေါင်း (၈၀) ကျော်ကို အချိန်အကန့်အသတ်ချက်မရှိ ၁၆,၉၀၀ ကျပ်နဲ့ အဝစားလို့ရပါတယ်။ စပါယ်ရှယ် ကြော်ထား/ချက်ထားတဲ့ ဝါရင့်စားဖိုမှူးရဲ့ အကောင်းစား အရံဟင်းပွဲကြီးတွေ၊ ဆူရှီတွေရယ်၊ စားရင်း အအီပြေ သောက်ဖို့ အအေးတွေရယ်၊ အချိုတည်းဖို့ ရာသီပေါ် အသီးအနှံတွေ၊ ကျောက်ကျော၊ ကိတ်မုန့်တွေရယ် ပြင်ဆင်ပေးထားပါတယ်။

အသား၊ ပင်လယ်စာ၊ အသီးအရွက်၊ ခေါက်ဆွဲတို့လည်း စုံစုံလင်လင် ခင်းကျင်းပေးထားတော့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဆိုင်ကတော့ ည​နေ ၃ နာရီမှာ ဘူဖေး စခင်းပြီး ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ - အမှတ် ၃၆၄/၃၆၅၊ ၁ထိပ်၊ တပင်ရွှေထီးလမ်းမပေါ်၊ ညောင်ပင်မှတ်တိုင်၊ FMI အနောက်ဖက် တံခါးနဲ့နီး၊ (၃) ရပ်ကွက်၊ လှိုင်သာယာ။

ဖုန်း - 095408868, 095073737

၆။ ဆုံမှတ် မူကထ

ဆုံမှတ် မူကထက ဘူဖေးဆိုင်ဆိုတဲ့အတိုင်း ဝက်သားလွှာ၊ ကြက်သားလွှာ၊ ကြက်ဆင်အသားလွှာ၊ ဝက်ပေါင်ခြောက်၊ ဝက်ဂုတ်သားလွှာ၊ အမဲသားလွှာ၊ ရေချိုပုစွန်၊ ပြည်ကြီးငါး၊ ဂုံး၊ ဂဏန်း၊ ကင်းမွန်၊ ရေဘဝဲ စတဲ့ Item တွေ အများကြီးအပြင် ဘုန်းကြီးဂဏန်းတို့ ကြက်မဲလွှာ၊ အမဲထပ်တရာတို့လို Premium Item ကြီးတွေထိ စုံစုံလင်လင် ခင်းပေးထားတော့ စိတ်ကြိုက်ရွေးပြီး စားနိုင်ပါတယ်။

အသားလွှာလေးနဲ့ တို့စားဖို့ အချဉ်ရည်ကိုလည်း ဆုံမှတ်ရဲ့ ပင်တိုင် အချဉ်ရည် (၃) မျိုးအပြင် ကိုယ်တိုင် စိတ်တိုင်းကျ အချဉ်စပ်နိုင်ဖို့ အချဉ် (၁၀)  မျိုးကျော်လောက်ကို သပ်သပ်ထားပေးထားတော့ စိတ်ကြိုက်ကင်၊ စိတ်ကြိုက် အရသာစပ်ပြီး စားနိုင်ပါတယ်။

အချိုပွဲထဲမှာလည်း ရေခဲမုန့် ၆ မျိုးရယ်၊ အကင်နဲ့ လိုက်ဖက်တဲ့ Coca Cola၊ Sprites တို့အပြင် တခြား ဖျော်ရည်တွေလည်း စုံလင်အောင် ခင်းကျင်းပေးထားပါတယ်။  

စျေးနှုန်းကတော့ လူကြီးတစ်ယောက်စာ အ၀စား ၂၃,၀၀၀ ကျပ်၊ အရပ် ၃ ပေနဲ့ ၄ ပေကြားဆို ၁၁,၀၀၀ ကျပ်ဖြစ်ပြီး ၃ ပေအောက်ကလေးဆို ဖရီးပါ။

လိပ်စာ (၁) - သံသုမာလမ်း (မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့) ၊ မေတ္တာညွန့်ရပ်ကွက် (ကြက်ဘဲဈေးအနီး) ၊ ဈေးလေးမှတ်တိုင် ၊ တာမွေမြို့နယ် ။

ဖုန်း - 09965412435

လိပ်စာ (၂) - အမှတ် (၁၁၈၀)၊ ဦးဝိစာရလမ်းမပေါ်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်

ဖုန်း - 09885412435

၇။ Kim Pot House 

Kim Pot House မှာ အ၀စားဘူဖေး (၂) မျိုး ရှိပါတယ်။ ဘတ်ဂျက်ချွေတာပြီး အ၀စားချင်ရင် ကြက်နဲ့ ဝက်သားလွှာ ပါတဲ့ Kim Pot Set A - ၂၁,၉၀၀ ကျပ်နဲ့ ကြက်၊ ဝက်သားလွှာအပြင် အမဲသား၊ ပင်လယ်စာနဲ့ ကြက်မဲ၊ ကြက်ဆင်၊ ဆယ်လ်မွန်ဗိုက်သားတွေပါ အကုန်စားချင်တဲ့ သူတွေဆို Kim Pot Set B - ၂၅,၉၀၀ ကျပ်ကို ရွေးလို့ရပါတယ်။

ဒီဈေး ၂ ခုစလုံးမှာ အာလူးချောင်းကြော်၊ ဆန်ပြားကြော်၊ ထမင်းကြော်၊ ဝက်သားပေါင်း၊ မောက်ချိုက်၊ ဆူရှီ၊ ကင်မ်ချီ၊ သင်္ဘောသီးထောင်းနဲ့ အချိုတည်းစရာ အသီး၊ ယိုးဒယား ရေခဲမုန့်၊ Brownie၊ Coffee Jelly တွေကအစ ပါပြီးသားဖြစ်ပါတယ်။

အချိန်အကန့်သတ်ချိန်မရှိ အ၀စားဘူဖေးက တနင်္လာကနေ သောကြာနေ့၊ မနက် ၁၁ ကနေ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။ ကျန်အချိန်တွေဆိုရင် အ၀စားဘူဖေးကိုမှ အချိန် ၂ နာရီခွဲ သတ်မှတ်ထားပါတယ်။ သူ့ဆိုင်မှာ ဘီယာ ဘူဖေးလည်း ရှိပါသေးတယ်။ အချိန်သတ်မှတ်ချက်ကတော့ ၂ နာရီခွဲ ပေးထားပြီး ဘီယာ အ၀သောက်ကို ၇,၅၀၀ ကျပ် ဖြစ်ပါတယ်။  

Kim Pot မှ စက်တင်ဘာလ ပရိုမိုးရှင်းများ
--------------
- ကိုယ့် Facebook Wall မှာ ပုံနဲ့ Check In တင်ပြီး Review ရေးပေးရင် ၅% လျှော့ပေးပါတယ်။
- September Born တွေ လာစားရင် ၁၀% လျှော့ပေးပါတယ်။
- September Born အပါအဝင် ၅ ယောက်နဲ့အထက် လာတယ်ဆိုရင်တော့ ၁၅% လျှော့စျေးရှိပါတယ်။

လိပ်စာ - အမှတ် ၆၀၊ ပန်းလှိုင်လမ်း(ဟုမ်းလမ်း)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့် ဗဟိုလမ်းကြား (ဟုမ်းလမ်းဘူတာအနီး)

ဖုန်း - 09970731174, 09970731175

(၈) Raw25 Fresh Seafood

မူကထကို လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေနဲ့ ဘူဖေးစားချင်တယ်။ ဘတ်ဂျတ်ကိုလည်း နှစ်သောင်းမကျော်ချင်ဘူးဆိုရင် Raw25 Fresh Seafood က နောက်ထပ် ရွေးချယ်စရာ ဆိုင်တစ်ခုပါပဲ။ 

သူ့ဆိုင်မှာက ပင်လယ်စာအစိမ်းတွေကိုလည်း လက္ကားရောင်းသေးတာမလို့ မူကထအတွက် ပင်လယ်စာတွေ မလတ်မှာ၊ မစုံမှာကိုတော့ မစိုးရိမ်ရပါဘူး။ ပင်လယ်စာတွေမှာဆို ပုစွန်၊ ဂဏန်း၊ ရေဘဝဲ၊ ကင်းမွန်၊ ဆယ်လ်မွန်ဗိုက်သား၊ ငါးလိပ်ကျောက်၊ ရေခူ၊ မရွတ်နဲ့ ဂုံးမျိုးစုံ ရှိပါတယ်။ 

အသားတွေမှာဆိုလည်း အရသာနှပ်ထားတဲ့ အမဲသား၊ ကြက်သား၊ ဝက်သား၊ ကြက်မဲ၊ ကြက်ဆင်တို့ ရှိပါတယ်။ ဒါတွေအပြင် တစ်နေ့တစ်မျိုး မတူတဲ့ အရံဟင်း (၁၂) မျိုးနဲ့ မြန်မာမုန့် အချိုပွဲ၊ သစ်သီး၊ အအေးနဲ့ ရေခဲမုန့်တွေကို ဘူဖေးခင်းထားပေးပါတယ်။

ဟော့ပေါ့အရည်အတွက် တုံယမ်း၊ မာလာ၊ ချဥ်စပ်၊ အချို စတဲ့ ရွေးချယ်စရာ အရသာ (၄) မျိုး ရှိပါတယ်။  ဘူဖေး စားသုံးချိန်ကိုတော့ (၂) နာရီခွဲ သတ်မှတ်ထားပါတယ်။

စားသုံးသူ ၂ ယောက်ကနေ စတင်ပြီး မူကထအိုးရော၊ မီးသွေးအကင်အိုးပါ (၂) အိုးနဲ့ ချပေးတာ ဖြစ်ပါတယ်။ အဲတော့ မူကထအိုးတစ်ခုတည်းနဲ့ ကင်တာ ကျက်တာကို စိတ်ရှည်ရှည်နဲ့ စောင့်နေစရာမလိုပါဘူး။ မီးသွေးအကင်အိုးလေးလည်း ပေးထားလို့ သာမာန်ထက် ပိုမိုမွေးပျံ့တဲ့ အကင်အရသာကိုလည်း သုံးဆောင်နိုင်ပါတယ်။

စျေးနှုန်းကတော့ - 

အရပ်ပေ ၃ ပေ အောက်ဆို Free

၃ ပေအထက် ၁၂,၀၀၀ ကျပ်

၄ ပေအထက် ၁၉,၀၀၀ ကျပ် ဖြစ်ပါတယ်။

အပေါ်မှာ ပြောပြပေးခဲ့တဲ့ ဆိုင်တွေက လူအရမ်းကျတတ်တာမို့ မသွားခင် ဖုန်းဆက်ပြီး ဘိုကင်ကြိုယူဖို့ အကြံပေးချင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မူကထဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် မြန်မာ့စားသောက်ဆိုင်လမ်းညွှန်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။ 

>> https://www.restaurantguide.com.mm/listing/k:Mookata


Read 1403 times.