Cafes & Restaurant

မြောက်ဒဂုံထဲက ကယားဝက်အူချောင်းနဲ့ ဟင်းထုပ် နာမည်ကြီးတဲ့ ကယားစာဆိုင်

January 8, 2024

ကယားဒေသအစားအစာတွေကို ကယားပြည်နယ်အထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် သူ့ရဲ့အရသာစစ်စစ်အတိုင်း မြည်းစမ်းကြည့်ချင်တဲ့ Foodie တွေအတွက် ကယားသူလေးကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားတဲ့ "ကယားစာ" ဆိုင်လေးကို ညွှန်ပေးချင်ပါတယ်။ ကယားဝက်အူချောင်းနဲ့ ဟင်းထုပ်ကို ကယားခေါင်ရည်စစ်စစ်လေးနဲ့ မြည်းပြီး တောင်ပေါ်ဒေသ အငွေ့အသက်လေးကို ခံစားရစေမှာပါ။  ကယားစာမို့ ဗမာပါးစပ်နဲ့ မကိုက်မှာတော့ မစိုးရိမ်ပါနဲ့။ မွှေးမွှေးစပ်စပ်လေးနဲ့ စားလို့ အဆင်ပြေပါတယ်။ 

ဆိုင်က အိမ်ဆိုင်ပုံစံလေးကိုမှ မကျဉ်းမကျယ်လေးနဲ့ အဖြူရောင် သန့်သန့်လေးမို့ ရိုးရှင်းလှပပြီး အေးဆေးထိုင်လို့ ရပါတယ်။ သူ့ဆိုင်မှာ နာမည်အကြီးဆုံးက အသားအိအိလေးကိုမှ မက်ခါမှုန့်လေး ဖြူးပေးထားတဲ့ ကယားဝက်အူချောင်းနဲ့ ငရုတ်ဆီချက်စပ်စပ်လေး ဆမ်းထားပြီး ဂျူးမြစ်လေးနဲ့ တွဲဖက်စားရတဲ့ လွိုင်ကောဟင်းထုပ်ပူပူလေးတို့ပဲ ဖြစ်ပါတယ်။ 

မနက်စောစော အလုပ်ကို အပြေးအလွှားမသွားခင်လေး မနက်စာကို နှမ်းထောင်းခေါပုတ်နဲ့ သဘာ၀ကော်ဖီစစ်နှပ်လေး စားကြည့်ကြည့်ပါ။ နောက်ပြီး မနက်စာကို ခေါက်ဆွဲလေး စားချင်တယ်ဆိုရင် သူ့ဆိုင်မှာ ကြက်/၀က် ကျောရိုးခေါက်ဆွဲ၊ အမဲသားခေါက်ဆွဲတို့လည်း ရှိပါတယ်။ 

ဘယ်နေရာရောက်ရောက် ထမင်းပါမှဆိုရင်လည်း ကယားစာ ထမင်းကြော်နဲ့ ရိုးရာထမင်းထောင်း၊ ဖရုံစေ့ထမင်းနယ်၊ ပဲပုတ်ထမင်းနယ်တို့ကို ရွေးချယ်စားသုံးနိုင်ပါတယ်။

ဒါ့အပြင် ဆောင်းရာသီရဲ့ ဓာတ်စာလေးတွေ ဖြစ်တဲ့ ပူပူနွေးနွေး ၀က်ခြေထောက်စွပ်ပြုတ်၊ ကြက်ရိုးရာ၊ ၀က်ရိုးရာ၊ အမဲသားစွပ်ပြုတ်လေးတို့ကို ညနေစောင်းလေးမှာ ထိုင်သောက်ရင်း တစ်နေတာလုံး ကုန်ခမ်းသွားတဲ့ Energy တွေကို ပြန်ဖြည့်လိုက်ပါ။

နေရတာမအီမသာနဲ့ ပါးစပ်ပျက်နေတာဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ဆန်လှော်ခရုပြုတ်၊ ကြက်သားဆန်ပြုတ်၊ ၀က်သားဆန်ပြုတ်၊ ကယားဆန်ပြုတ်နဲ့ သက်သက်လွတ်ဆန်ပြုတ်တို့ကို မှာစားကြည့်ပါ။ 

အင်းလေးစာဆိုပေမဲ့ ကယားမှာ အရမ်းစားကြတဲ့ ငါးဒုက္ခဆိုတဲ့ မီနူးလေးလည်း သူ့ဆိုင်မှာ ရပါတယ်။ သူက  ကက္ကတစ်ငါးရဲ့အထဲက ဥနဲ့ ကလီစာတွေကို ပင်စိမ်း၊ ရှမ်းနံနံ၊ မက်ခါမှုန့်နဲ့ ကြော်ပြီး အစာပြန်သွပ်ပြီးမှ နှီးနဲ့ချည်ပြီး ငါးကို ပြန်ကြော်ထားတာပါ။ 

May be an image of text

ဒါတင်မကသေး တခြားသော ကယားဒေသအစားအစားတွေလည်း အများကြီး ထပ်ရှိပါသေးတယ်။ ကယားဒေသအစားအစာတွေနဲ့ အလိုက်အဖက်ဆုံးဖြစ်တဲ့ ကယားပြည်ကနေ တိုက်ရိုက်ယူတဲ့ ခေါင်ကျရည်စစ်စစ်လည်း သူ့ဆိုင်မှာ ရပါတယ်။ လောလောဆယ်တော့ လမ်းခရီးအခြေနေကြောင့် ခေါင်ရည်က ပစ္စည်းပျက်နေပါတယ်။  ဒါပေမဲ့ မပူပါနဲ့ အအီပြေ အမောပြေစေမယ့် အသီးဖျော်ရည်လေးတွေ ရှိပါတယ်။ 

May be an image of chow mein and text

စျေးနှုန်းတွေကတော့ ၃,၀၀၀ ကျပ်ကနေစရှိပြီး ပွဲအကြီးမီနူးတွေမှ ၁၀,၀၀၀ ကျပ်ဝန်းကျင်ပါ။ ဒေသအစားအစာတွေမို့ စျေးနည်းနည်းတော့ များပေမဲ့ တန်တယ်လို့ ထင်ပါတယ်။ မြောက်ဒဂုံရောက်ဖြစ်ခဲ့ရင် ကယားဒေသအစားအစာလေးတွေ မြည်းစမ်းကြည့်ဖို့ ကယားစာဆိုတဲ့ ဆိုင်လေးကို ဝင်ဖို့ မမေနဲ့နော်။ 

လိပ်စာ - C 24၊ ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ယာအပိုင်း(၃)၊  (၂၇) ရပ်ကွက်၊ မြောက်ဒဂုံ၊ AYA bank ဘေးကပ်ရပ်။ ( ပင်လုံ City Mall နား)

ဖုန်း - 09 750695920

8:00 Am to 8:00 Pm (ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်)

May be an image of text


Read 390 times.