Healthy Food

ဆေးဖက်ဝင်တဲ့ မြင်းခွာရွက်လို့ ဘာကြောင့် ပြောကြတာလဲ ?

October 20, 2020

မြင်းခွာရွက်ပင်က ကျန်းမာရေးအတွက် ကောင်းမွန်တာကို လူတိုင်းသိကြပါတယ်။ သို့သော် မသိသေးတဲ့သူတွေအတွက် အသေးစိတ်ရှင်းပြပေးလိုက်ပါတယ်။

ရုက္ခဗေဒအမည်( မာရီမီးယား အီမာဂျီနေတာ) လို့ခေါ်တဲ့ မြင်းခွာရွက်ပင်ဟာ မြေကြီးပေါ်မှာ တွားသွားသော ပင်စည်ပျော့မျိုးအပင်ဖြစ်တယ်။ မြင်းခွာပုံသဏ္ဍာန်ရှိနေလို့ မြင်းခွာရွက်လို့ခေါ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြေသြဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်လို့ အခြားအပင်တွေထက် ပေါက်ရောက်မှုများပြားပါတယ်။ မြင်းခွာပင်ဟာ တစ်နှစ်ခံပင် (သို့) နှစ်ကြာခံပင်မျိုးဖြစ်၍ ပေါများစွာ တွေ့နိုင်ပါတယ်။

အဖြူရောင်(သို့) အဝါရောင်ပန်းပွင့်ကလေးများ ဟာ ဇွန်လမှ ဇန်နဝါရီလအထိ မြင်းခွာရွက်အပွင့်ပွင့်တတ်ကြပါတယ်။ပန်းခိုင်ရှည်ပြီး တစ်ခိုင်တွင် ပွင့်ညှာမဲ့အပွင့်ကလေး သုံးပွင့်ပွင့်တယ်။

အသီးမှာ အလွန်သေးငယ်ပြီး နှစ်လုံးမှ ခုနစ်လုံးအထိရှိတတ်ကြပါတယ်။ အဖြူရောင်(သို့) အစိမ်းရောင် ရှိပြီး၊အလျားလိုက်အမြှောင်းကိုးခုပါရှိတယ်။ အသီးနံရံသည် အလွန်ထူ၍အစေ့သည် ဘေးတိုက်အားဖြင့် ကျပ်နေသည်။

မြင်းခွာရွက်(၂) မျိုးရှိတယ်လို့သိရတယ်။ မြင်းခွာအယဉ်ပင်နှင့် မြင်းခွာအရိုင်းပင်နှစ်မျိုးတွင် အယဉ်ပင်သည် အေး၍ချိုတယ်၊ အမွေးမရှိ၊ မြင်းခွာအရိုင်းကတော့ အရွက်တွင်အမွေးရှိတယ်လို့ သိရပါတယ်။

သူ့အရသာမှာ ခါးသက်သက်ရှိတယ်၊ စပ်ရှားရှားရှိပြီး ချိုတယ်၊ သလိပ်ကို ရှင်းစေပါတယ်။ အရေပြားရောဂါ၊ ယားနာ ၊ အဖုအပိန့်များ အနာပေါက်ရောဂါ၊ နူနာတို့ကို ပျောက်ကင်းနိုင်ပါတယ်။ မြင်းခွာရွက်ရဲ့ ဆေးနည်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ်သောက်ရင် ခွန်အားတိုးတယ်။

 

(၂) မြင်းခွာရွက်အမှုန့်ကို အနည်းငယ်ပူအောင်လုပ်ပြီး ရင်ဘတ်တွင် လိမ်းပေးရင် ချောင်းဆိုးရောဂါ၊ အဆုတ်နာရောဂါတို့ကို ပျောက်ပါတယ်။

 

(၃) မြင်းခွာရွက်ကို အရည်ညှစ်ပြီး ရေနံဆီဖြင့် ဆတူရောစပ်၍ နှိပ်နယ်လိမ်းပေးပါက အဆစ်အမြစ်ကိုက်ခဲခြင်းတို့အတွက် သက်သာစေပါတယ်။

 

(၄) အရေပြားရောဂါအတွက် အရွက်၏ အရည်ကိုညှစ်ပြီး လိမ်းပေးပါ။

 

(၅) ထိခိုက်ရှနာကြောင့် ရောင်ရမ်းခြင်းဖြစ်လျှင် အရွက်ကိုကြိတ်ပြီး အရည်ကိုလိမ်းပေးပါက သက်သာစေပါတယ်။

 

(၆) မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ဖြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိနာရောဂါတွေအတွက်ပါ သက်သာပျောက်ကင်းစေပါတယ်။

 

(၇) မြင်းခွာရွက်အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသဖွယ်ပြုလုပ်သောက်သုံးပါက သွေးတိုးကို သက်သာစေပါတယ်။

 

(၈) မြင်းခွာရွက်အစိမ်းကိုကြိတ်ပြီး အဝတ်ပါးပါးထဲထည့်၍ မျက်လုံးမှာ အုပ်ပေးလျှင်လည်း မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းအတွက် ပျောက်ကင်းစေနိုင်ပါတယ်။

 

ဆေးဖက်အရမ်းဝင်တဲ့အတွက်ကြောင့် အနောက်နိုင်ငံတွေမှာ မြင်းခွာရွက်ကို အမှုန့်ပြုလုပ်ပြီး ရောင်းချကြတာကို တွေ့ရပါတယ်။

နူနာနှင့် ကာလသားရောဂါများတွင်လည်း အရွက်ကို ကြိတ်၍ အုံပေးခြင်း၊ အမှုန့်ပြုလုပ်၍စားပေးခြင်း၊ အမှုန့်ကိုအနာတွင် ဖြူးပေးခြင်း၊ ဖြင့် သက်သာစေတယ်လို့ မြန်မာ့ဆေးကျမ်းတွင် ဖော်ပြထားပါတယ်။

ဒါကြောင့် ပေါပေါများများရနေတဲ့ ဆေးဖက်ဝင်မြင်းခွာရွက်ကို အသုံးတည့်စေပြီး ကျန်းမာသော ၊ အနာကင်းသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။


Read 2011 times.