Cafes & Restaurant

(၂၀၀) ကျပ်ကနေ စရွေးလို့ရပြီး အကင်အမျိုးပေါင်း (၁၀၀) ကျော်ရှိတဲ့ "ဘာညာအကင်ဆိုင်"

August 28, 2023

လူရွေးမှန်ဖို့လိုသလို Foodie တွေအတွက် ဆိုင်ရွေးမှန်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ အစားအသောက်လည်း ကောင်းရမယ်၊ စျေးလည်း တန်ရမယ်၊ မီနူးတွေလည်း စုံရမယ်ဆို ဒီဆိုင်လေးကို ညွှန်းရမှာပါပဲ။ ဆိုင်နာမည်လေးက ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါပါး "ဘာညာအကင်ဆိုင်" တဲ့။

ဆိုင်ကတော့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ သင်္ကန်းကျွန်းတို့မှာ ဆိုင်ခွဲ (၃) ဆိုင် ရှိပါတယ်။ ဆိုင်အပြင်အဆင်ကတော့ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ သာမန်အကင်ဆိုင်လေးတစ်ဆိုင်ပါပဲ။ သပ်သပ်ရပ်ရပ်နဲ့ မိသားစုလို နွေးထွေးတဲ့ ဆိုင်ပုံစံလေးပါ။ 

Advertisement

Click Here > Reliance Security

ဒီဆိုင်က စျေးတန်သလို အစားအသောက် အရသာပိုင်းကိုလည်း ခိုထားတာမျိုး မရှိပါဘူး။ သူ့ဆိုင်မှာ အကင်တွေကို (၂၀၀) ကျပ်ကနေ စရွေးလို့ ရပြီး အကင်မီနူး အမျိုးပေါင်း တစ်ရာကျော် ရှိပါတယ်။

အကင်မှာဆို ကြက်၊ ဝက်၊ အမဲ အပြင် ကြက်မဲ၊ ကြက်ဆင်၊ ယုန်သား၊ ဆိတ်သား၊ ပင်လယ်စာမှာဆို တူနားငါး၊ ဆယ်လ်မွန်ငါး၊ ကင်းမွန်၊ ကျောက်ပုဇွန်၊ ငါး၊ ရေဘဝဲ၊ ခရု၊ ဂုံး၊ ကမာ၊ ထုံချိုင်းအကင်စုံ၊ အသီးအရွက်၊ မှိုလိပ် စသဖြင့် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ အရသာတွေဆိုလည်း အချဉ်မပါဘဲ အကင်ချည်း စားရင်တောင် တော်တော်ကောင်းနေပါပြီ။ အကင်နဲ့ တွဲစားဖို့ အချဉ်နဲ့ ဆလပ်ရွက်တို့ကို ကိုယ်တိုင်ယူစနစ်ဖြင့် ကြိုက်သလောက် ထယူလို့ရပါတယ်။ 

အကင်စားရုံနဲ့ မ၀သေးရင် မာလာရှမ်းကော၊ မာလာမောက်ချိုက်၊ မာလာဟော့ပေါ့၊ ဝက်နံရိုးမီးတောက်ကအစ ပေါ့ပေါ့ပါးပါး ကြက်အရေခွံကြော်လေးတွေ၊ ငုံးကြော်၊ ဝက်သားလုံးကြော်၊ မာလာကြက်ခြေထောက်ပေါင်း၊ ဝက်လက်ပေါင်းတို့လို ဟင်းပွဲတွေလည်း ထပ်ရပါသေးတယ်။ 

ဒီဆိုင်မှာက သောက်စရာအနေနဲ့ အအီပြေ၊ အစပ်ပြေမယ့် စတော်ဘယ်ရီ၊ ကီဝိ၊ ပျားသံပုရာ၊ ပင်မှည့် စတဲ့ Soda Juice တွေပဲ ရှိပါတယ်။ အအေးစျေးနှုန်းတွေကလည်း (၁၀၀၀) ဝန်းကျင်လောက်ပါပဲ။ ဒါ့အပြင် အပြင်က ကြိုက်တဲ့ဘူး ယူဆောင်လာခွင့် ပြုထားပါတယ်။ ဒီအတွက် ဘာ Charges မှလည်း ထပ်ပေးစရာ မလိုပါဘူး။  

ပြောရမယ်ဆိုရင်တော့ ဘော်ဒါတွေ စုပြီး စျေးတန်တန်လေးနဲ့ အရသာကောင်းကောင်း စားချင်တဲ့သူတွေအတွက် ဒီဘာညာဆိုတဲ့ အကင်ဆိုင်လေးကို မရောက်ဖူးသေးရင် သွားကြည့်ကြဖို့ ပြောချင်ပါတယ်။ 

ဆိုင်ဖွင့်ချိန် _ 11 AM to 9 PM ( 3 PM မှ အကင်စရ)

ဆိုင်ပိတ်ရက် - လတိုင်း 10 ရက်နေ့ နှင့် 20 ရက်နေ့

နေရာ (၁) - အမှတ် ၂၆၂ (ခ)၊ သံသုမာလမ်းမ၊ ကြီးပွားရေးရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်

ဖုန်း - 09882255642၊ 09796655292

နေရာ (၂) - တောင်ဥကလာ၊ မေတ္တာလမ်းမပေါ်၊ CB ဘဏ် မျက်စောင်းထိုး၊ အမျိုးသမီးနဲ့ ကလေးဆေးရုံနား

ဖုန်း - 09770490614၊ 09400623026

နေရာ (၃) - မြောက်ဥက္ကလာ၊ ခေမာသီလမ်းမပေါ်၊ မေဓာဝီလမ်းဆုံနှင့် ရုံးတစ်မှတ်တိုင်ကြား

ဖုန်း - 09422232244၊ 09774708994


Read 547 times.