Cafes & Restaurant

ကြက်သောက်စမ်းနဲ့ အရံဟင်း (၈) မျိုးပါ ၁၀,၀၀၀ ကျပ်တန် အ၀စားဆိုင် - အောင်စည်တော်

November 2, 2023

အစားအသောက်ပျက်နေတဲ့သူတွေ၊ ဘာပဲစားစား ခံတွင်းမတွေ့ဘူး ဖြစ်နေတဲ့သူတွေအတွက် လုံး၀ ပွင့်ထွက်သွာအောင် ပူပူစပ်စပ်လေးတွေ စားရမယ့် ဆိုင်လေးတစ်ဆိုင်ကို ညွှန်ပေးလိုက်ပါတယ်။ ဆိုင်နာမည်ကတော့ အောင်စည်တော်ဖြစ်ပြီး အစစအရာအရာ စျေးတက်နေတဲ့ခေတ်ကြီးမှာ ငွေတစ်သောင်းနဲ့ မြန်မာဟင်းလျာတွေကို ကြိုက်သလောက် အ၀စားနိုင်မယ့် ဆိုင်ပါ။ 

အ၀စား ၁၀,၀၀၀ ကျပ်ထဲမှာ 

- ထမင်း

- ကြက်သောက်စမ်း အချို/အစပ်နဲ့ အရံဟင်း (၈) မျိုး ဖြစ်တဲ့

- ပြောင်းဖူးကြော်

- ကြက်အသဲအမြစ်ငရုတ်ပွချက်

- နှမ်းဖတ်ချဥ်သုပ်

- အာလူးဟင်း

- ငှက်ပျောဖူးရခိုင်ချက်

- ခရမ်းသီးမီးဖုတ်သုပ်

- ဘာလချောင်ကြော်

- ဘဲဥဟင်းတို့အပြင် ငါးပိထောင်း၊ ငါးပိရည်နဲ့ တို့စရာအစုံတို့ ပါဝင်ပါတယ်။ 

Advertisement

Click Here > URBAN 

ထမင်းစား မြိန်ပြီး အညာဆန်တဲ့ ထမင်းပွဲလေးဖြစ်အောင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေးထားပါတယ်။ အ၀စားဖြစ်တဲ့အတွက် လိုသလောက်ကို အားမနာတမ်း ကြိုက်သလောက် ထပ်တောင်းလို့ ရပါတယ်။ ဒါပေမဲ့ အားနည်းချက်အနေနဲ့ ပြောရမယ်ဆိုရင် သူ့ဆိုင်က လူများတဲ့အချိန်ဆို ကုန်သွားတဲ့ ဟင်းပွဲတွေ ထပ်ဖြည့်ဖို့ အချိန် စောင့်ရတတ်ပါတယ်။  

ကြက်သောက်စမ်းကို ဆီနည်းနည်း သုံးပြီး ဗာမာကြက်နဲ့ပဲ အထူးပြု ချက်လုပ်ထားတာဖြစ်တဲ့အတွက် အရသာရှိပြီး အာဟာရလည်း ဖြစ်ပါတယ်။ ရခိုင်ချက် ကြက်အာပူသောက်စမ်းလေးကို အစပ်မစားနိုင်လို့ မစားချင်ဘူးဆိုရင် ဘူးသီးလေးနဲ့ ရောချက်ထားတဲ့ အချိုချက် ကြက်သောက်စမ်းလေးကို ရွေးချယ်နိုင်ပါတယ်။

အ၀စားပုံစံ မစားချင်ဘူး၊ ကိုယ်စားနိုင်သလောက်ပဲ တစ်ပွဲချင်း မှာစားမယ်ဆိုရင်လည်း ရပါတယ်။ 

မြန်မာကြက်ကြော် - ၆,၀၀၀ ကျပ်၊ 

ကြက်သဲမြစ်ကြော် -  ၆,၀၀၀ ကျပ်၊ 

ပြည်ထမင်းသုပ် - ၂,၅၀၀ ကျပ်၊ 

အရံဟင်း တစ်ပွဲ - ၁,၂၀၀ ကျပ်၊ 

ထမင်းဖြူ - ၇၀၀ ကျပ်၊ 

ကြက်သောက်စမ်း အစပ်/အချို - ၆,၀၀၀ ကျပ်တို့ အသီးအသီး ဖြစ်ပါတယ်။ အ၀စားက ပိုတန်ပြီး တစ်ပွဲချင်း မှာစားမယ်ဆိုရင် စျေးက အနည်းငယ်တော့ ကြီးပါတယ်။ 

ဆိုင်ခန်းလေးက အရမ်းကြီးမကျယ်ပေမဲ့ သပ်သပ်ရပ်ရပ် ရှိတာကြောင့် အဲကွန်းခန်း အေးအေးလေးမှာ အေးဆေး ထိုင်စားလို့ကောင်းတဲ့ ဆိုင်မျိုးပါ။ ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖြစ်ပြီး ကြာသပတေးနေ့တိုင်း ဆိုင်ပိတ်ပါတယ်။ ဒီဆိုင်မှာ သွားစားမယ်ဆိုရင် မသွားခင်လေး ကြိုတင်ဖုန်းဆက်ထားပြီး ဘိုကင်လုပ်ဖို့တော့ လိုပါမယ်နော်။

လိပ်စာ - အမှတ် ၉၇၁၊ သံသုမာလမ်း၊ ၁၃ ရပ်ကွက် ၊ စီမံကိန်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ်၊၊

ဖုန်း - 09-5193621


Read 293 times.