Cafes & Restaurant

ပြင်သစ်ပေါင်မုန့်လေးတွေ အဓိကရောင်းတဲ့ ရိုးရိုးရှင်းရှင်း ပေါင်မုန့်ဆိုင်လေး

December 5, 2023

"ပေါင်မုန့်ဆိုင်" ဆိုတဲ့ ဆိုင်လေးကို စမ်းချောင်းမှာ ဖွင့်ထားထဲက အားလုံးသိကြမယ် ထင်ပါတယ်။ အခုတော့ တာမွေ၊ ဖိုးစိန်လမ်းအထိပါ ခြေဆန့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ဖိုးစိန်လမ်းဆိုင်ခွဲဟာ ခြံဝန်းကျယ်ထဲက ရှေးအိမ်အိုဟောင်းကြီးမှာ လှလှပပလေး တည်ရှိနေတဲ့ ဆိုင်လေးပါ။ မနက်ခင်း နေရောင်ခြည်နွေးနွေးလေးမှာ ရိုးရှင်းတဲ့ မနက်စာစားရင်း အဆွေးဓာတ်လေး အွန်ချင်တယ်ဆိုရင်တော့ သွားကြည့်သင့်တဲ့ နေရာလေးပါ။ 

ရိုးရိုးရှင်းရှင်းနဲ့ လူရှုပ်တာကို မကြိုက်တဲ့သူတွေအတွက်တော့ ထိုင်လို့ကောင်းတဲ့ ဆိုင်မျိုးပါ။ ဆိုင်မှာ ကော်ဖီသောက်ရင်း စာအုပ်လေးတွေ ဖတ်ပြီး အေးအေးဆေဆေး ငြိမ့်ဖို့ ပြင်သစ်၊ မြန်မာ၊ အင်္ဂလိပ်စာအုပ်လေးတွေ ထားပေးထားပါတယ်။ ပြင်သစ်စာအုပ်လေးတွေပါ ရှိတော့ ပြင်သစ်စာ လေ့လာနေတဲ့သူတွေအတွက်ဆို ပိုအဆင်ပြေတာပေါ့။ 

ဆိုင်ပုံစံက စားပွဲဝိုင်းနည်းနည်းလေးနဲ့ ရှေးဆန်တဲ့အပြင် နွေးထွေးတဲ့ Vibe ကို ရရှိစေပါတယ်။ ခြံဝန်းထဲမှာဆို စိမ်းစိမ်းစိုစို ပန်းပင်လေးတွေ ရှိတာကြောင့် စိတ်ကို ပိုကြည်လင်လန်းဆန်းစေပါတယ်။ ခြံအကျယ်ကြီးထဲမှာ ထိုင်လို့ရအောင်လည်း စားပွဲဝိုင်း (၃) ဝိုင်းလောက် လုပ်ပေးထားပါတယ်။ အိမ်ထဲမှာလည်း ထိုင်လို့ရအောင် ဝိုင်းလေးတွေ စီစဉ်ပေးထားပါတယ်။   

     Advertisement

Click Here > Super Apollo

သူ့ဆိုင်မှာ ကိုယ်တိုင်ဖုတ်ပြီး ရောင်းတဲ့ ပြင်သစ်ပေါင်မုန့်မွှေးမွှေးလေးတွေရယ်၊ နှပ်ကော်ဖီ၊ နို့၊ လက်ဖက်ရည်နဲ့ အအေးတွေပဲ ရပါတယ်။ ဆိုင်မှာ စားဖူးသမျှ လူတိုင်းကလည်း အရသာကောင်းလို့ရော ထိုင်ရတာ တိတ်ဆိတ်ငြိမ်သက်လို့ရော အဆင်ပြေလို့ ထပ်ခါထပ်ခါ သွားကြတဲ့ ဆိုင်လေးပါ။ 

ဆိုင်မှာ ခွေးအကြီးကြီးတစ်ကောင် ရှိပါတယ်။ ဒါကြောင့် ခွေးကြောက်တတ်တဲ့သူတွေက စမ်းချောင်းဆိုင်ခွဲကို သွားတာ ပိုကောင်းပါတယ်။ မီးမလာတဲ့အချိန်တွေမှာလည်း မီးစက်နှိုးထားတာမို့ အေးအေးဆေးဆေး ကော်ဖီသောက်ပြီး စာဖတ်၊ အလုပ်လုပ်ချင်သူတွေအတွက်ပါ အဆင်ပြေမှာပါ။ 

ဖိုးစိန်လမ်းဆိုင်ခွဲကတော့ ခြံဝန်းထဲမှာ ဖွင့်ထားတာကြောင့် တိတ်တိတ်ဆိတ်ဆိတ် အနားယူလို့ရပြီး ကိုယ့်အိမ်က Pet လေးတွေကိုလည်း ခေါ်လာခွင့်ပြုထားပါတယ်။

စမ်းချောင်းဆိုင်လေးမှာ တနင်္ဂနွေနေ့ ညနေ (၆) နာရီနောက်ပိုင်းဆိုရင် ပေါင်မုန့်လက်ကျန်လေးတွေကို တစ်ဝက်စျေးနဲ့ ရောင်းပေးတာမျိုး ရှိပါတယ်။ တနင်္လာနေ့ ဆိုင်ပိတ်တာမို့ ပေါင်မုန့်လက်ကျန်တွေ ကုန်အောင် ဖြတ်တဲ့ သဘောပါ။ အဲ့အချိန်တွေ စမ်းချောင်းနား ရောက်နေခဲ့ရင်တော့ တနင်္လာမနက်ခင်း ရုံးသွား၊ ကျောင်းသွားခါနီး စားဖို့အတွက် ဝင်ဝယ်သွားသင့်ပါတယ်။ ဆိုင်ကတော့ ဖိုးစိန်လမ်းဆိုင်ခွဲလည်း တနင်္လာနေ့တိုင်း ပိတ်ပါတယ်နော်။ 

စမ်းချောင်းပေါင်မုန့်ဆိုင်

မနက် (၉) နာရီမှ ညနေ (၆) နာရီအထိ

ဖုန်း - 09 979 555 812

လိပ်စာ - အမှတ် (၁)၊ သုခမိန်လမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်။

ဖိုးစိန်လမ်းပေါင်မုန့်ဆိုင်

မနက် (၇) နာရီခွဲမှ ညနေ (၃) နာရီအထိ

ဖုန်း - 09 266 481 813

လိပ်စာ - Holiday Hotel မျက်နှာချင်းဆိုင်လမ်း၊ လမ်းသွယ်အဆုံး၊ တာမွေမြို့နယ်။ 


Read 285 times.