New Opening

သုံးတတ်ရင် ဆေး အဖြစ်ကောင်းကျိုးရရှိမှာပါ ...

January 8, 2020

သိထားသင့်တဲ့ ကျန်းမာရေးအတွက် " အရက် " ရဲ့ကောင်းကျိုး (၇) ချက်..

ကဲဒီနေ့တော့ကျွန်တော်တို့အရက် အကြောင်းပြောရအောင်ဗျာ။

" အရက် " 

လို့ကြားလိုက်တာနဲ့ လူကြီးမိဘဆရာသမားတွေအားလုံးဟာ အဆိုးလို့မြင်ကြတာ၊ " သေရေ " လို့မြင်ကြတာများပါတယ်။

တကယ်ပဲအရက်ဟာအဆိုးကြီးပဲလား???

အရက်ဟာအလွန်အကျွံသောက်ရင် " ဘေး " ဖြစ်တတ်တာတော့အမှန်ပါ။ ဒါပေမယ့် အရက်ကို " ဆေး " အနေနဲ့သုံးလို့ရပါတယ်။ (မြန်မာစကားပုံလိုပေါ့ - တန်ဆေးလွန်ဘေးပါပဲ)

ကဲ.... ကဲ ယမကာမင်းသားလေးတွေ ဒီစာကိုမြင်ပြီး စိတ်ဝင်စားသွားပြီလား???

စိတ်ဝင်စားရင်ကျွန်တော့်အနေနဲ့အရက်ကို ဘယ်လိုကောင်းကျိုးအတွက် သောက်မလဲဆိုတာကို ပြောပြပါရစေ။

အားလပ်ရက် စနေ၊ တနင်္ဂနွေတွေမှာ အနားယူပြီးအချိန်ဖြုန်းနေခြင်းဟာ စိတ်ရောကိုယ်ရော အတွက်အကောင်းဆုံးမဟုတ်ပါဘူး။ အဲဒီ့အစား အရက်အနည်းငယ် သောက်သုံးလိုက်တာဟာ ကျန်းမာရေး ကောင်းကျိုးတချို့ကိုတောင် ရရှိစေပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့ တစ်ဦးတော့ ပုံစံမတူလို့ တုံ့ပြန်မှုမတူလို့ သောက်သုံးသင့်ပုံလည်းကွာပါလိမ့်မယ်။

အမေရိကန်အစားအသောက်ဆိုင်ရာ ညွှန်းဆိုချက် ရဲ့အဆိုအရဆိုရင်တော့ -

နေ့စဉ် အမျိုးသမီးများဟာ သင့်တင့်မျှတသောအရက် ပမာဏ တစ်ခွက်သောက်ရင်
နေ့စဉ် အမျိုးသားများဟာ သင့်တင့်မျှတသောအရက် ပမာဏ နှစ်ခွက်သောက်ရင်

ကျန်းမာရေးအတွက်ကောင်းစေပါတယ်။
(ဒီနေရာမှာ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးကိုသာ ရည်ညွှန်းပါတယ်)

အရက်ရဲ့ကောင်းကျိုးတွေဟာ-

၁ - နှလုံးရောဂါဖြစ်နှုန်းကိုလျှော့ချပေးပါတယ်။ 

ကျွန်တော့်လူနာတွေကိုပြောလေ့ရှိပါတယ်။ အရက်အသင့်အတင့် ပုံမှန်သောက်ရင် high density lipoprotein (HDL) ကိုမြင့်တက်စေပါတယ်။ HDL ဆိုတာလွယ်လွယ်ပြောရရင် လူကိုအကျိုးပြုတဲ့ အဆီပါ။ သင့်တင့်မျှတသောအရက်သောက်ခြင်းဟာ insulin (အင်စူလင်) ရဲ့အစွမ်းသတ္တိကို ကောင်းစေပြီး သွေးခဲလေးများ ဖြစ်ပေါ်မှုကို ကာကွယ်ပါတယ်။ နှလုံး ၊ လည်ပင်း နဲ့ ဦးနှောက်မှာ သွေးခဲလေးများကြောင့် သွေးကြောပိတ်ရင် heart attack (နှလုံးသွေးကြောပိတ်ရောဂါ) နဲ့ လေဖြတ်ခြင်းကို ဖြစ်စေတတ်လို့ပါပဲ။

၂ - အသက်ရှည်စေပါတယ်။

အရက်သောက်ခြင်းဟာ ပုံမှန်ထက် နှစ်အနည်းငယ် အသက်ပိုရှည်စေပါတယ်။ အံံ့သြသွားကြပြီလား အမျိုးတို့။ ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ အစားအသောက်စားရင်း အရက်အသင့်အတင့် သောက်သုံးတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေမှာ သာမာန်လူတွေထက် သေဆုံးမှုနုှန်း ၁၈% လျော့နည်းစေပါတယ်။
ဒါကြောင့် မြေထဲပင်လယ်ဒေသတွေမှာဆိုရင် အရက်နဲ့ဝိုင်ဟာ နေ့လည်စာတို့ ညစာတို့မှာအမြဲမပါမဖြစ်တဲ့ မိတ်ဖက်သူငယ်ချင်းတွေပါပဲတဲ့ဗျာ။
အလွယ်ပြောရရင် အရက်သောက်ရင် အမြည်းကောင်းကောင်း စားပါ။

၃ - ကာမစိတ်ကိုနိုးကြွားစေတယ်။ 

အရက်အသင့်အတင့်သောက်သုံးခြင်းဟာ အမျိုးသားများရဲ့လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းမှုကို ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနစ်မှာ ပြုလုပ်တဲ့လေ့လာတွေ့ရှိချက် တစ်ခုအရ အရက်သောက်သုံးသူတွေမှာ ၂၅% ကနေ ၃၀% လောက် အမျိုးသားလိင်စွမ်းဆောင်ရည်ပိုကောင်းစေသေးတယ်တဲ့ မိတ်ဆွေတို့။
" အရက်ကောင်းကျိုးတွေက မနည်းပါလား " လို့အံသြနေကြပြီလား?

၄ - အဖျားကိုကာကွယ်ပေးပါတယ်။ 

ဆေးလိပ်သောက်ခြင်းဟာ အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့ နံရံတွေကိုပျက်စီးစေပြီး အပြင်က ဝင်လာတဲ့ပိုးမွှားတွေဖြစ်တဲ့ bacteria (ဗက်တီးရီးယား) နဲ့ virus (ဗိုင်းရပ်စ်) တွေကြောင့် အအေးမိတုပ်ကွေး၊ နှာရည်ယို၊ ဖျားနာခြင်းကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းဟာ အဖျားကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါပေမယ့် ဆေးလိပ်မသောက်တဲ့ အရက်အသင့်အတင့် သောက်သူတွေကျတော့ ဖျားနာခြင်းကို ၆၀% လျော့ကျစေပါတယ်။ ဒီနေရာမှာ အရက်ထက်ဝိုင်ကပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိုင်မှာ antioxidant action (ဓါတ်တိုးဆန့်ကျင်အာနိသင်) ကြောင့်နဲ့ vitamin C (ဗီတာမင်စီ) ကြွယ်ဝစွာပါဝင်လို့ဖျားနာခြင်းကို ကာကွယ်တဲ့နေရာမှာအလွန်ထိရောက်ပါတယ်။ အဲဒါကြောင့်လည်း တချို့အေးတဲ့နေရာမှာ ချမ်းပြီး အဖျားမဝင်အောင်ဝိုင်နဲ့ရမ် တွေသောက်သုံးကြတာပေ့ါ။

၅ - အတိတ်မေ့ခြင်းကိုလျော့ကျစေပါတယ်။ 

၁၉၇၇ ခုနစ်က ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာရောဂါနဲ့ ကုထုံးဂျာနယ်မှာ လူပေါင်း ၃ သိန်း ၆ သောင်း ၅ ထောင်ကို သုတေသနပြုခဲ့ပါတယ်။ အရက်ကို သင့်တင်တင့်မျှတစွာ သောက်သုံးသူဟာ Alzheimer's disease (အယ်လ်ဇိုင်းမား ရောဂါ) နဲ့ dementia (အတိတ်မေ့ရောဂါ) ကို ၂၃% လျော့နည်းစေတယ်လို့တွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်အနည်းငယ်သောက်သုံးခြင်းဟာ ဦးနှော်က်ဆဲလ်တွေကိုကျန်းမာစေလို့ပါပဲ။ အရက်ဟာ စိတ်ဖိစီးမှုကိုလျော့ကျစေလို့ (စိတ်ဖိစီးမှုတွေများရာက အတိတ်မေ့ရောဂါကို ဦးတည်သွားခြင်းကို ကာကွယ်ပေးပါတယ်။)

၆ - သည်းခြေကျောက်တည်ခြင်းကို ကာကွယ်ပါတယ်။ 

အရက်ကို သင့်တင့်မျှတစွာ သောက်သုံးသူဟာ သည်းခြေအိတ်ကျောက်တည်ခြင်းကို သာမာန်လူတွေထက် သုံးပုံတစ်ပုံလျော့ကျစေပါတယ်။

၇ - ဆီးချိုဖြစ်နိုင်ချေကိုလျော့ကျစေပါတယ်။ 

ကျန်းမာသောလူတစ်ယောက်ဟာ တစ်ရက်ကို အရက်တစ်ခွက်မှ နှစ်ခွက်ထိ သောက်သုံးခြင်းဖြင့် အရက် လုံးဝမသောက်သုံးသူထက် type 2 diabetes mellitus လို့ခေါ်တဲ့ လူကြီးဆီးချိုရောဂါဖြစ်မှုကို လျော့စေပါတယ်။

အရက်ရဲ့အကျိုးကျေးဇူးကမနည်းပါလားနော်။

ဒါပေမယ့်အားလုံးကို မှာချင်တာကတော့ ကျွန်တော်ရေးတဲ့အထဲမှာ အရက်ကို သင့်တင့်မျှတစွာသောက်သုံးသူကိုသာ ရည်ညွှန်းတာပါ ခင်ဗျာ။ အလွန်အကျွံ သောက်သုံးသူဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါလိမ့်မယ်။

" အရက်ဟာ ကိုယ့်ရဲ့ ကျေးကျွန်သာဖြစ်သင့်ပါတယ်။ ကိုယ်ဟာ အရက်ရဲ့ ကျေကျွန်တော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့ " 

ဒါနဲ့အရက်သောက်လို့ကျန်းမာနိုင်ကြပါစေ..

မေတ္တာဖြင့်
ဒေါက်ထက် (ဒေါက်တာထက်ဝင်း)


Read 1183 times.