Best Cuisine

ရန်ကုန်မြို့တွင်းက နာမည်ကြီး လူကြိုက်များနေတဲ့ ချစ်တီးထမင်းဆိုင် (၅) ဆိုင်

February 14, 2023

ပုံမှန်မြန်မာအစားအစာ၊ ထိုင်းအစားအစာနှင့် ဟော့ပေါ့အကင်တွေစား ရတာငြီးငွေ့လာတဲ့ Foodie လေးတွေ အတွက် အိန္ဒိယအစားအစာကိုမှ အိန္ဒိယလက်ရာစစ်စစ် မဆလာနံ့မွှေးမွှေးနဲ့ ချက်ထားတဲ့ ချစ်တီးထမင်း စားချင် သူများအတွက် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး နာမည်ကြီး လူကြိုက်များနေတဲ့ ချစ်တီးထမင်းဆိုင် (၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>> Tin Aye (U)

(1) Bar Bar Cafe - ဘာဘာကဖီ
အခု ပထမဆုံး ပြောပြမယ့်ဆိုင်နာမည်ကတော့ Online နဲ့ Food Blogger တွေကြားမှာ နာမည်ကြီးနေတဲ့ Bar Bar Cafe - ဘာဘာကဖီး ဆိုတဲ့ ချစ်တီးထမင်းဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကတော့ စားသုံးသူတွေရဲ့ Review ကောင်းတွေကို ရထားတဲ့ဆိုင်ဖြစ်ပြီး ကန်သာယာမှတ်တိုင် ( သုဓမ္မာလမ်းမကြီးပေါ် ) မြောက်ဥက္ကလာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆိုင်နေရာက ကျယ်ဝန်းတာကြောင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့လာ ရောက်စားသုံးရင် လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် ချစ်တီးထမင်းအတွက် အသားဟင်းစုံစုံလင်လင်ရှိပြီး ရွေးချယ်တဲ့ ဟင်းပွဲပေါ်မူတည်၍ စျေးနှုန်းတွေက ၄,၀၀၀ ကျပ်ကစလို့ ၈,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ထိ ရှိပါတယ်။ ချစ်တီးထမင်းအပြင် တိုရှည်၊ အာလူးပူတီ၊ ချာပါတီ၊ ပဲဟင်းနံပြား၊ ဆိတ်ပဲ၊ ဆိတ်စွပ်နံပြား၊ ပလာတာ၊ ကီးမားပလာတာ တို့ရရှိပြီး သောက်စရာအနေနဲ့ကတော့ Milk Tea၊ ဂျင်းလက်ဖက်ရည်၊ နွားနို့ စတာတွေလည်း ရပါသေးတယ်။ 

(2) Shwe Myot Taw တီးဟောက်စ်နှင့် ချစ်တီးစားတော်ဆက်
နောက်ထပ်တစ်ဆိုင်ကတော့ ဆိုင်ဖွင့်သက်တမ်း ၂၈ နစ်ရှိပြီဖြစ်ပြီး  ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ ဖွင့်ထားတဲ့ Shwe Myot Taw တီးဟောက်စ်နှင့် ချစ်တီးစားတော်ဆက် ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ စားသုံးသူတော် တော်များများရဲ့ Review ကောင်းလေးတွေရထားတဲ့ဆိုင်ဆိုရင်လည်း မမှားပါဘူး။ အရသာစုံလင်လှတဲ့ ချစ်တီး ထမင်းနဲ့ ဟင်းများအပြင်၊ မြန်မာအစားအစာများနှင့် ဒင်ဆမ်းမျိုးစုံကိုလည်းရရှိပြီး သောက်စရာကတော့ Fresh Juice နဲ့ Cold Drink တို့ရရှိမှာဖြစ်ပါတယ်။  မိသားစုလိုက်နဲ့ အသင်းအဖွဲ့များအတွက်လည်း အထူး VIP ခန်း များလည်းရှိပါသေးတယ်။

(3) New Delhi Indian restaurant
ဒီဆိုင်ကတော့ စတင်ဖွင့်လှစ်တဲ့ (၁၉၆၃) ခုနှစ်ထဲက ယခု (၂၀၂၃) ခုနှစ်ထိ မူလလက်ဟောင်း အရသာမပြောင်းဘဲ လူတိုင်းကြိုက်တဲ့ အိန္ဒိယတောင်ပိုင်း အရသာစစ်ကိုပဲပေးတဲ့  ပန်းဘဲတန်းမြို့နယ်က ချစ်တီးထမင်းဆိုင်တွေထဲမှာ နာမည်ရပြီးသားဆိုင်ဖြစ်တဲ့ New Delhi Indian restaurant ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် သတ်သတ်လွတ်ထမင်းနဲ့ ချစ်တီးထမင်းဟင်းအစုံကို ပိုက်ဆံ ၂၀၀၀ ထဲနဲ့စားလို့ရမှာဖြစ်ပြီး ဟင်းကလည်း ၈ မျိုးတောင်ပါပါသေးတယ်။ သတ်သတ်လွတ်မစားတဲ့သူတွေအတွက်ကတော့ ချစ်တီးထမင်းနဲ့ ဆိတ်နှပ်၊ ကြက်ကလျာ၊ ကြက်ဥငါးခြောက်ဟင်းနဲ့ ဟင်းမျိုးစုံအပြင် ပူရီ၊တိုရှည်၊ လက်ဖက်ရည် တွေလည်းရရှိပါသေးတယ်။ ဆိုင်ဖွင့်ချိန်က မနက် ၅ နာရီခွဲကနေ ည ၈ နာရီခွဲထိဆိုတော့ တစ်နေ့လုံးအတွက် ဘယ်ချိန်လာစားစား အဆင်ပြေစေမယ့်ဆိုင် လည်းဖြစ်ပါတယ်။

(4) Yangon Chittee Food Center
ဒီဆိုင်လေးကတော့ မျက်နှာစာနှစ်ခု အဖွင့်နဲ့ ဖွင့်ထားတဲ့ Yangon Chittee Food Center ဆိုတဲ့ဆိုင်ပဲဖြစ်ပါ တယ်။ ဆိုင်လိပ်စာလေးကတော့ ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြား၊ ကမ်းနားဘလောက် မှာဖွင့်လှစ်ထားပြီး ၃၇ လမ်းကရော ၊၃၈ လမ်းကပါ ဝင်ရောက်နိုင်ပါတယ်။ ပိတ်ရက်လေးမှာ မိသားစု၊မိတ်ဆွေအပေါင်းအသင်းများနဲ့ နံနက်စာကောင်းကောင်း ဒါမှမဟုတ် ချစ်တီထမင်းကောင်းကောင်း စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို လမ်းညွှန်ပေးချင်ပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ဖက်ရွက်သင်းသင်းလေးနဲ့ ချစ်တီးထမင်းကို ချစ်တီး ဟင်းမျိုးစုံနဲ့ သုံးဆောင်လို့ရတာပဲ ဖြစ်ပါတယ်။ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းမှာ မိသားစုနဲ့ အေးအေး ဆေးဆေးစားလို့ အဆင်ပြေစေတဲ့ဆိုင်လည်းဖြစ်ပါတယ်။

(5) Golden Myan Lyca Chetty Restaurant
နောက်ဆုံးပြောပေးမယ့်ဆိုင်ကတော့ ဆိုင်ခွဲနှစ်ဆိုင်ဖွင့်ထားပြီး Food Blogger တွေကိုယ်တိုင် review ကောင်းတွေပေးထားတဲ့ Golden Myan Lyca Chetty Restaurant ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ပိတ်ရက်တွေမှာ မိသားစု သူငယ်ချင်းတွေနဲ့ လည်ပတ် ဓာတ်ဖမ်းရင်း အိန္ဒိယလက်ရာစစ်စစ် ချစ်တီးထမင်းဟင်း နဲ့ မုန့်မျိုးစုံကို ဒီဆိုင်လေးမှာ ဝင်ရောက်သုံးဆောင်လို့ရမှာပဲဖြစ်ပါတယ်။ ချစ်တီးထမင်းကိုမှ ဆိတ်သား၊ ကြက်သားဟင်းအစုံ တို့ကိုလည်း ဒီဆိုင်မှာ ရရှိတဲ့ အပြင် အခြားအိနိ္ဒယအစားအစာတွေဖြစ်တဲ့ တိုရှည်၊ အာလူးပူရီ၊ အီစိမ့်မွှေး မလိုင်နံပြား၊ ပဲပြုတ်နံပြားနှင့် မလိုင်အပြည့်စီလုံတီးတိုလည်းရရှိမှာဖြစ်ပါတယ်။ မြန်မာငွေ ၅၅၀၀ ကျပ်တည်းနဲ့ ဟင်းတစ်ပွဲ ရွေးချယ်လိုက်ရုံနဲ့ ထမင်းဖြူ၊ သီးစုံပဲဟင်းရည်၊ အရံဟင်း၊ မနုဿဏီဟင်းရည်၊ ရှောက်သီးသနပ်၊ ငရုတ်သီးကြော်တို့က Free Flow ရရှိမှာဖြစ်ပြီး ဟင်းအနှစ် လိုချင်လည်း ထပ်တောင်းလို့ရတဲ့ အစီအစဉ်လေးလည်းရှိပါသေးတယ်။
 

The Myanmar Restaurant Guide


Read 2210 times.