Cafes & Restaurant

မြန်မာပြည်အနှံ့က ဒေသရိုးရာအစားအစာတွေ အစုံရတဲ့ Shwe Tea House

September 18, 2023

မနက်စာကို ရှင်ဘုရင်လို စားပြီး ကိုယ့်ရဲ့ တစ်နေ့တာကို အားအင်အပြည့်နဲ့ ခြေလှမ်းစချင်တယ်ဆိုရင် မြန်မာအစားအစာနဲ့ အိန္ဒိယအစားအစာ ကောင်းကောင်းတွေ ရနိုင်တဲ့ Shwe Tea House က ရွေးချယ်စရာ ဆိုင်တွေထဲက တစ်ခုပါ။ လက်ဖက်ရည်ဆိုင်ဆိုပေမဲ့ သူ့ဆိုင်က စားသောက်ဆိုင်ကြီးလိုမျိုး ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး လူမျိုးဘာသာမရွေး စားလို့ရတဲ့ Halal ဆိုင်လည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနှံ့ ပတ်သွားစရာမလိုဘဲ ဒေသအစားအစာတွေကို အလွမ်းပြေ စားချင်ရင် Shwe Tea House ရှိပါတယ်။ ‌ဒေသအစားအစာတွေကို သူ့ရဲ့ မူရင်းအရသာ မပျက်စီးအောင် ပြင်ဆင်ချက်လုပ်ပေးထားတာဟာ သူ့ဆိုင်ရဲ့ ထူးခြားချက်ပါ။ ဒီဆိုင်မှာ မြန်မာ အစားအသောက်တွေအပြင် ဟင်းခတ်အမွှေးအကြိုင်အနံ့ မွှေးမွှေးလေးနဲ့ အိန္ဒိယအစားအသောက်တွေကိုပါ မြည်းစမ်းနိုင်ပါတယ်။ 

ပါကင် ကျယ်ကျယ်ဝန်းဝန်း ရှိတာကြောင့် ကားနဲ့ လာမယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အပြင်ဘက်ဝိုင်းတွေမှာ ထိုင်လို့ရသလို ကိုယ့်မိသားစု ဒါမှမဟုတ် ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် လူကြီးတွေနဲ့အတူ သီးသန့်ဝိုင်းချင်တယ်ဆိုရင်လည်း Aircon နဲ့ Private Room တွေ ယူလို့ရပါသေးတယ်။ 

သူ့ဆိုင်မှာက အသုပ်စုံကောင်တာ၊ မန္တလေးအစားအစာကောင်တာ၊ လက်ဖက်ရည်ကောင်တာ၊ ရှမ်းအစားအစာကောင်တာ စသဖြင့် ကောင်တာတွေ သက်သက်ဆီ ခွဲထားတာကလည်း တခြားလက်ဖက်ရည်ဆိုင်တွေနဲ့ မတူတဲ့ အချက်ပါပဲ။

ဒီဆိုင်မှာ မြန်မာမနက်ခင်း အစားအစာအနေနဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့အပြင် ရှမ်းအစားအစာ၊ မန္တလေးအစားအစာ၊ ပဲပြုတ်ထမင်းကြော်၊ ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊ အကြော်စုံနဲ့ မတူညီတဲ့ ဒေသတစ်ခုချင်းစီရဲ့ ထမင်းသုပ်တွေ ရပါတယ်။

အိန္ဒိယအစားအစာတွေအနေနဲ့ဆို စမူဆာ၊ ပလာတာ၊ နံပြား၊ အိကြောကွေး၊ ကီမား၊ တိုရှည်၊ ပူရီ၊ ချာပါတီ စသဖြင့် အစုံရပါတယ်။ 

နေ့လည်စာ (သို့) ညစာအနေနဲ့ ကြာဆံကြော်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းပေါင်းတို့အပြင် ကြက်ကုန်းဘောင်၊ ကြက်ပင်စိမ်း၊ ကြက်ချိုချဉ်၊ ကြက်ချဉ်စပ် တို့ရှိပါတယ်။    

လက်ဖက်ရည်နဲ့ ကော်ဖီမှာတောင် မဆလာလက်ဖက်ရည်၊ အိန္ဒိယလက်ဖက်ရည်၊ အိန္ဒိယကော်ဖီ၊ မေမြို့နှပ်ကော်ဖီ၊ စီလုံတီး၊ Jasmine Green Tea စသဖြင့် အမျိုးအစား အစုံ ရပါတယ်။ ဒါတင်မကသေး အချိုတည်းစရာ သီးစုံ၊ သရက်၊ စတော်ဘယ်ရီ၊ ပျားရည်နဲ့ ထန်းလျက် ဒိန်ချဉ်တွေလည်း ရပါတယ်။

အစားအသောက် အရသာပိုင်းမှာရော သန့်ရှင်းသပ်ရပ်မှုမှာပါ ပြောစရာမလိုအောင် ပြည့်စုံတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဆိုင်က လမ်းမတန်းပေါ်မှာ ကိန်းကြီးခမ်းကြီးနဲ့ ရှိနေတာကြောင့် အစားအသောက် စျေးနှုန်းတွေကတော့ ၂၀၀၀-၄၀၀၀ ကျပ်ဝန်းကျင်လောက် ရှိပါတယ်။ ဒါကြောင့် မနက်စာကို Luxury Vibe အပြည့်နဲ့ စားချင်တဲ့ ရွှေမြန်မာတို့အတွက်တော့ Shwe Tea House ကို လမ်းညွှန်ပေးလိုက်ပါတယ်။ 

ဆိုင်လိပ်စာ-  အမှတ် ၇/၈၊ ကြည့်မြင့်တိုင်ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်၊ သစ်တောရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ မှတ်ချက် - ဒန်အိုးစက် မှတ်တိုင်အနီး။

ဖုန်းနံပါတ် - 09 451 555 200 , 09 451 555 400


Read 628 times.