Cafes & Restaurant

မန်းမြေကို အလွမ်းပြေစေမယ့် Peace - မန္တလေးအရသာ အစားအစာဆိုင်

January 29, 2024

မနက်ခင်းလေးမှာ မန္တလေးမုန့်တီ၊ မန္တလေးမြီးရှည်တို့ကို မန္တလေးအရသာစစ်စစ်အတိုင်း စားချင်တယ်ဆိုရင် ဒီဆိုင်လေးမှာ တစ်ခါလောက် သွားစားကြည့်ဖို့ အကြံပြုပါတယ်။ ဒီဆိုင်ရဲ့ Signature ဖြစ်တဲ့ ဝက်အူစုံမြီးရှည်ကိုဆို Foodie တွေတော်တော်များများ ကြိုက်ကြပါတယ်။ ပုံမှန်က မြီးရှည်ကို အဆီအခေါက် အသားနဲ့ပဲ လုပ်ရောင်းကြတာ များပေမဲ့ သူ့ဆိုင်မှာတော့ ထူးထူးခြားခြား ဝက်အူအစုံနဲ့လည်း ရပါတယ်။

ဆိုင်လေးက အိမ်ဆိုင်ဖြစ်တဲ့အတွက် ခမ်းနားမှုတော့ မရှိပါဘူး။ အဓိကက သန့်ရှင်းသပ်ရပ်ဖို့နဲ့ အစားအသောက်တွေရဲ့ အရသာက ထိမိနေဖို့ပဲ အရေးကြီးတာဆိုရင်တော့ ဒီဆိုင်လေးက အဆင်ပြေမှာပါ။ ဆိုင်ရှင် ဦးလေးကြီးက မန္တလေးသားဖြစ်ပြီး အစားအသောက်လုပ်ငန်းကို စိတ်ဝင်စားတာကြောင့် မန္တလေးအထမ်းမြီးရှည်ဆိုင်လေး စဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင် မန္တ​လေးသားစစ်စစ် ကိုယ်တိုင်က ပွဲပြင်​ပေးတာဖြစ်တဲ့အတွက် အရသာမကောင်းမှာတော့ ပူစရာမလိုပါဘူး။ မန္တလေးအစားအစာဖြစ်တာကြောင့် ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ မုန့်ဖက်ကအစ မန္တလေးက မှာယူတာလို့လည်း သိရပါတယ်။

ဒီဆိုင်လေးမှာ မန္တလေးအစားအစာတွေဖြစ်တဲ့ မန္တလေးမြီးရှည်၊ ဝက်အူစုံမြီးရှည်၊ နန်းတုတ်ကြီး၊ မန္တလေးမုန့်တီ၊ နန်းသေး၊ နန်းပြား စတာတွေအပြင် ရှမ်း‌ခေါက်ဆွဲ၊ ဆန်စီး၊ ဆီချက်နဲ့ ငါးဖယ်လုံးဟင်းချိုတို့ပါ ရရှိနိုင်ပါတယ်။ အချိုမများ၊ အဆီမကဲတဲ့အတွက် စားရတာ မအီတဲ့အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ 

သူ့ဆိုင်ကို သွားရင် မစားမဖြစ် စားရမှာက ဝက်အူစုံမြီးရှည်ပါ။ အချင်းတိုင်၊ အူချို၊ အူပွ၊ အူပိတ် စတဲ့ ကောင်းနိုးရာရာတွေ ထည့်ပြီး ပွဲပြင်ပေးပါတယ်။ တွဲဖက်စားဖို့ ဝက်သားပြုတ်ဟင်းချို၊ မုန်ညင်းစိမ်းချဥ်၊ ပဲတီချဥ်၊ မုန်လာဖြူချဥ်တို့ကိုလည်း ချပေးပါတယ်။ 

ဈေးနှုန်းတွေကတော့ ၂,၅၀၀၊ ၃,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ဝက်အူစုံမြီးရှည်က တစ်ပွဲ ၅,၀၀၀ ကျပ်နဲ့ ဝက်အူစုံသုပ်တစ်ပွဲကို ၆,၀၀၀ ကျပ်ကတော့ အများဆုံး ဖြစ်ပါတယ်။ ဆိုင်ရှင်ဦးလေးကြီးရဲ့ သဘောကောင်းမှုနဲ့ အရသာအစပ်အဟပ်တည့်မှုကြောင့် မနက်ခင်းတစ်ပိုင်းတည်းဖွင့်တာတောင် လူများနေတတ်ပါတယ်။ အလှူတွေ၊ ပွဲတွေအတွက်လည်း အော်ဒါမှာလို့ ရပါတယ်။ 

ဆိုင်ဖွင့်ချိန် - မနက်(၆)နာရီမှ နေ့လည်(၁၂)ထိ

လိပ်စာ - အမှတ်(၃၇)၊ ရတနာလမ်း၊ ကျိုက္ကဆံရပ်၊ ဗဟန်း၊ ရန်ကုန်မြို့။

ဖုန်း - 09/253375575


Read 329 times.