Cafes & Restaurant

မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ ပြည်တွင်းပြည်ပ Franchise ဆိုင်များ

December 14, 2023

ယနေ့ခေတ် စီးပွားရေးရေစီးကြောင်းတွင် Franchise ( လုပ်ငန်းခွဲဝေပေးခြင်း ) သည် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် ရေပန်းစား ထူထောင်လာကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ Franchise လုပ်ငန်းများကို စတင် လုပ်ကိုင်လာကြသည်။

 

Franchise ( လုပ်ငန်းခွဲပေးခြင်း ) လုပ်ငန်းဆိုသည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုခု၏  ကုန်သွယ်ရေးအမည်နှင့် စီးပွားရေးစနစ်များကို အသုံးပြု၍ ၎င်း၏ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ရောင်းချ (သို့) ဝန်ဆောင်မှု ပေးလိုသူက လုပ်ငန်းခွဲယူ၍ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားတစ်မျိုး ဖြစ်သည်။

 

Franchise လုပ်ကိုင်ရာတွင် Traditional (or) Product Distribution Franchising နှင့် Business Format Franchising ဟူ၍ (၂) မျိုးရှိသည်။ Product Distribution Franchising ဆိုသည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုခု၏ အမည်ကိုယူ၍ ၎င်းထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ပြန်လည် ရောင်းချရုံမျှသာ ဖြစ်သည်။

 

Business Format Franchising သည် ကုန်အမှတ်တံဆိပ်၏ အမည်၊ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို သာမကပဲ သင်တန်းပေးခြင်းများ၊ ဈေးကွက်ရှာဖွေရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အကြံဉာဏ်ပေးခြင်းများ၊ အရည်အသွေး စစ်ဆေးခြင်းများ စသသည့်  လုပ်ငန်းတစ်ခုလုံး လည်ပတ်သည့် စနစ်များ အားလုံးကို ၎င်းကို လုပ်ငန်းခွဲဝေပေးသည့် အမှတ်တံဆိပ်မှ မျှဝေပေးသည်။

 

များသောအားဖြင့် Franchise လုပ်ငန်း လုပ်ကိုင်လိုသူ ( လုပ်ငန်းခွဲယူသူ ) များသည် ကနဦးမတည်ငွေ ( The Franchise Fee )၊ ကုန်အမှတ်တံဆိပ် အမည်နှင့် လုပ်ငန်းလည်ပတ်သည့် စနစ်များ ရယူ အသုံးပြုခြင်းအတွက် Continuing Fee တို့ကို ပေးဆောင်ရသည်။

 

Franchise နှင့် Intellectual Property (IP) ဆိုင်ရာ သီးသန့်ဥပဒေသည် မြန်မာနိုင်ငံတွင် ယခုအချိန်ထိ မရှိသေးသော်လည်း Competition Law 2015, Companies Law 2017, Sale of Goods Act 1930, Contract Act 1872 နှင့် Consumer Protection Law 2019 များအရ လုပ်ဆောင်လျက် ရှိသည်။ 

 

ပြည်တွင်းတွင် အများဆုံး လုပ်ကိုင်နေသည့် Franchise လုပ်ငန်းများမှာ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ရေခဲမုန့်၊ ပီဇာ၊ ကြက်ကြော် စသည့် Fast Food အရောင်းဆိုင်များ ဖြစ်ပြီး များသောအားဖြင့် လူသိများ အောင်မြင်ကြသည်။

 

မြန်မာနိုင်ငံတွင် Global Franchise နှင့် Asian Franchise များသာမက Local Franchise များပါ ထူထောင်လာကြပြီး လက်ရှိ ပြည်ပမှ ဝင်ရောက်လာသည့် Franchise လုပ်ငန်း အမှတ်တံဆိပ်ပေါင်း (၇၀) ကျော်ခန့် ရှိကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးတို့တွင် အများဆုံး လုပ်ငန်းလည်ပတ်လျက် ရှိသည်။


 

Advertisement 

Click Here > Hnin Taung

 

မြန်မာနိုင်ငံရှိ Global Franchise လုပ်ငန်းများ

 

ပြည်တွင်းရှိ နာမည်ကြီး လူကြိုက်များသည့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများမှ Franchise လုပ်ငန်းများအကြောင်းကို အောက်တွင် လေ့လာ ဖတ်ရှုနိုင်သည်။

 

၁။ KFC ( Chicken Franchises )

 

အမေရိကန်နိုင်ငံမှ Kentucky Fried Chicken (KFC) သည် ရန်ကုန်မြို့တွင်းတွင် ပထမဦးဆုံး ကြက်ကြော်ဆိုင်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ကာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့သေးသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ ဆိုင် (၃၄) ဆိုင်ကို ဖွင့်လှစ်ပြီး ဖြစ်သည်။

 

၂။ Pizza Hut ( Pizza Franchises ) 

 

Pizza Hut သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်၌ ဆိုင် (၈) ဆိုင်ထိ ဖြစ်လာကာ (၂၀) ဆိုင်အထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

၃။ Krispy Kreme ( Donut Franchises )

 

၂၀၁၈ ခုနှစ်တွင် ပထမဦးဆုံး Krispy Kreme ဆိုင်ကို ရန်ကုန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်သူများ၏ အားပေးမှုများစွာ ရရှိသဖြင့် ဆိုင် (၄) ဆိုင်အပြင် ထပ်မံ၍ တိုးချဲ့ ဖွင့်လှစ်တော့မည် ဖြစ်သည်။

 

၄။ Swensen's ( Ice Cream Franchises )

 

အမေရိကန်နိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်သည့် Swensen's ရေခဲမုန့်ဆိုင်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး ရန်ကုန်တွင် ဆိုင် (၃) ဆိုင် ဖွင့်လှစ်ထားသည်။

 

၅။ Gloria Jean’s Coffee ( Café Franchises )

 

ဩစတေးလျနိုင်ငံဖြစ် Gloria Jean’s Coffee သည် ပြည်တွင်းသို့ ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတွင် (၇) ဆိုင်ဖွင့်ပြီးဖြစ်ကာ မြန်မာရှိ လူငယ်များ အကြိုက်များသဖြင့် လာမည့်နှစ်များတွင် ထပ်မံ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

 

၆။  Burger King ( Fast Food Franchises )

 

ထိုင်းနိုင်ငံမှ Fast Food ရောင်းချသည့် နာမည်ကြီး Brand Burger King ဆိုင်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့သည်။ 

 

ယခု ၂၀၂၁ ခုနှစ်တွင် ထွက်ရှိသည့် Top 100 Franchises စာရင်းများအရ KFC သည် တစ်ကမ္ဘာလုံးတွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး Burger King သည် တတိယနေရာတွင် ရပ်တည်လျက် ရှိသည်။


 

မြန်မာနိုင်ငံရှိ Asian Franchise လုပ်ငန်းများ

 

ပြည်တွင်းတွင် နာမည်ကြီး လူကြိုက်များသည့်  အာဆီယံနိုင်ငံများမှ Franchise လုပ်ငန်းများကို အောက်တွင် အသေးစိတ် ရေးသား ဖော်ပြထားသည်။

 

၁။ Lotteria  ( Chicken Franchises )

 

တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံး Fast Food လုပ်ငန်းဖြစ်သည့် Lotteria ကြက်ကြော်ဆိုင်သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၌ ပထမဦးဆုံး ဝင်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် မုံရွာမြို့များတွင် ဆိုင်ပေါင်း (၂၄) ဆိုင်ထိ ဖွင့်လှစ်ပြီး ဖြစ်သည်။

 

၂။ Marry Brown  ( Chicken Franchises )

 

မလေးရှားနိုင်ငံ အခြေပြု Marrybrown ကြက်ကြော်ဆိုင်သည်လည်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ဆိုင် (၁၀) ဆိုင်ကို ဖွင့်လှစ်ပြီး ဖြစ်သည်။

 

Advertisement

Click Here > Dong Peng Plastic

 

ပြည်တွင်းတွင် အာဆီယံနိုင်ငံများ ဖြစ်သော စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများမှ Franchise များ ဝင်ရောက်လျက် ရှိပြီး အထူးသဖြင့်  စင်္ကာပူသည် မြန်မာနိုင်ငံတွင် Franchise လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှု အများဆုံး ဖြစ်သည်။

 

စင်္ကာပူနိုင်ငံမှ Ya Kun, Chewy Junior, Pasta Mania, Teapresso, Fish & Co, Manhattan Fish Market, Astons Specialities Steak House, BreadTalk, Craft Cafe, Crystal Jade, D'penyetz, Frolick, Ramen Monster, Singapore's Kitchen, The Coffee Bean & Tea Leaf and House စသည့် ဆိုင်များကို မြန်မာနိုင်ငံတွင် မြင်တွေ့နိုင်သည်။

 

ထိုင်းနိုင်ငံမှ Black Canyon, Café Amazon, Doi Chaang Café, Fuji Japanese Restaurant, Ice Manias, Mr. Jones' Orphanage, Shabushi, The Pizza Company, True Coffee နှင့် Tummor ဆိုင်များသည်လည်း အပြိုင်အဆိုင် မြန်မာနိုင်ငံတွင်း ဝင်ရောက်လျက် ရှိသည်။

 

အင်ဒိုနီးရှားနိုင်ငံမှ Ayam Penyet AP, ကိုရီးယားနိုင်ငံမှ Twist Potato, Yogane and Bolgogi Brothers (Korean BBQ), ထိုင်ဝမ်နိုင်ငံမှ ChaTime, Gong Cha, မလေးရှားနိုင်ငံမှ Harley's, Hot & Roll and Ichiban The Izakaya, ဂျပန်နိုင်ငံမှ IPPUDO Ramen, Osaka Ohsho, Yamagoya Ramen စသည့် ဆိုင်အသီးသီးကလည်း ပြည်တွင်းတွင် နေရာယူထားသည်။

 

မြန်မာနိုင်ငံရှိ Local Franchise လုပ်ငန်းများ

 

Local Franchise လုပ်ငန်းများအနေဖြင့် အရေအတွက် နည်းပါးနေသေးသော်လည်း BMI Research Asia Country Risk အဖွဲ့၏ ထုတ်ပြန်ချက်အရ လာမည့်နှစ်များတွင် တိုးတက် များပြားလာနိုင်ချေရှိကြောင်း သိရသည်။ 

 

ပြည်တွင်းတွင် လက်ရှိ အောင်မြင်နေသည့် Franchise လုပ်ငန်းအများစုမှာ စားသောက်ဆိုင်နှင့် Convenience Store များ ဖြစ်ပြီး အောက်ပါအတိုင်း မြင်တွေ့နိုင်သည်။

 

၁။ YKKO Restaurant ( Restaurant Franchises )

 

၁၉၈၈ ခုနှစ်တွင် ရန်ကင်းကြေးအိုး နာမည်ဖြင့် ရန်ကုန်တွင် ပထမဦးဆုံးဆိုင် စတင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် YKKO နာမည်ပြောင်းခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ဆိုင်ပေါင်း (၃၇) ဆိုင် ဖွင့်လှစ်၍ ရောင်းချလျက် ရှိသည်။

 

၂။ Grab & Go ( Convenience Store Franchises )

 

(၂၄) နာရီ (၇) ရက်ပတ်လုံး ဝန်ဆောင်မှု ပေးနေသည့် Grab & Go Convenience Store ကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတွင် ဆိုင်ပေါင်း (၃၀၀) ကျော်ထိ ဖြန့်ကျက် ဖွင့်လှစ် ထားသည်။

 

၃။ ABC ( Convenience Store Franchises )    

 

ABC Convenience Store ကို ၂၀၁၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဆိုင်ပေါင်း (၆၇) ဆိုင်ကို ဖြန့်ကျက်ထားလျက် ရှိသည်။

 

၄။ 1 Stop Mart ( Convenience Store Franchises )

 

၂၀၁၁ ခုနှစ်၊ ဧပရယ်လတွင် ပထမဆုံး City Express ဆိုင်ကို ကမာရွတ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် နေရာအနှံ့အပြား၌ ဆိုင်ပေါင်း (၁၀၀) ကျော်ထိ နေရာယူထားပြီး ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော Myanmar Franchise Expo ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza - Myanmar Expo Hall တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 


Read 234 times.