New Opening

(၆) နှစ်ဆက်တိုက် လုပ်ငန်းခွင် မတော်တဆဖြစ်မှုမရှိသည့် မှတ်တမ်းကောင်းရရှိသော Carlsberg မြန်မာ

October 8, 2020

Carlsberg Group သည် ဘီယာနှင့် အဖျော်ယမကာများစွာကို ထုတ်လုပ်လျက်ရှိသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီ၏အထင်ကရအမှတ်တံဆိပ်တစ်ခုဖြစ်သော Carlsberg ဘီယာသည် ကမ္ဘာပေါ်တွင် လူသိများထင်ရှားသည့်ဘီယာတံဆိပ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက်ပေါင်း (၁၅၀) ကျော်တွင် ထုတ်လုပ် ရောင်းချလျက်ရှိနေပြီး ဝန်ထမ်းအင်အား (၄၁,၀၀၀) ခန့်ဖြင်လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီကြီးလည်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံရှိ ပထမဆုံးသောနိုင်ငံတကာဘီယာချက်စက်ရုံဖြစ်သည့် Carlsberg ဘီယာချက်စက်ရုံကို ၂၀၁၅ ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ပြီး Carlsberg ၏မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်မှုများကို တရားဝင်စတင်ခဲ့ပါသည်။ ကုမ္ပဏီတွင်လက်ရှိတွင် ဝန်ထမ်းပေါင်း (၅၀၀) ကျော်ခန့်အပ်ထားပါသည်။ Tuborg နှင့် Carlsberg အပြင် မြန်မာစားသုံးသူများ၏ အရသာနှင့် ကိုက်ညီသည့် ပြည်တွင်းဘီယာအမှတ်တံဆိပ်နှစ်ခုဖြစ်သော YOMA နှင့် Black Eagle အမှတ်တံဆိပ်ဘီယာများကိုလည်း ပဲခူးဘီယာချက်စက်ရုံကနေ ထုတ်လုပ်လျက်ရှိပါသည်။

 

Carlsberg မြန်မာသည် ၎င်း၏ ပဲခူးဘီယာချက်စက်ရုံတွင် (၆) နှစ်ဆက်တိုက် လုပ်ငန်းခွင်မတော်တဆဖြစ်မှု (Lost Time Accident – LTA) မရှိဘဲ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး မှတ်တမ်းကောင်း တစ်ရပ်ကို စိုက်ထူထားနိုင်ခဲ့သည်လို့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဝန်ထမ်းများ၏ ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာတို့အတွက် အမြင့်ဆုံးစံနှုန်းများ ထားရှိလုပ်ဆောင်နေသေည့် ကုမ္ပဏီတစ်ခု ဖြစ်သည့်အားလျော်စွာ ဤကဲ့သို့သော မှတ်တမ်းကောင်းရရှိထားနိုင်ခြင်းမှာ Carlsberg မြန်မာအတွက် ပထမဆုံး အကြိမ်မဟုတ်ပေ။

 

“ကျွန်တော်တို့ရဲ့ ပဲခူးစက်ရုံဟာ စက်ရုံစတည်တည်ထောင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ ယနေ့အထိ လုပ်ငန်းခွင်မတော်တဆမှု တစ်ခုမှမရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီလို မှတ်တမ်းကောင်းတစ်ရပ်ကို စိုက်ထူထားနိုင်တာကလည်း ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ အာရုံစိုက်မှု၊ အားသွန်ခွန်စိုက် ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဆိုတဲ့ စိတ်ဓါတ်ကို ဆက်လက်ထားရှိပြီး ဘေးကင်းရေး စံချိန်စံညွှန်းတွေကို စဉ်ဆက်မပြတ်နဲ့ တသမတ်တည်းဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို Carlsberg ရဲ့ မတော်တဆမှု ကင်းစင်တဲ့ ZERO Accidents Culture ပုံစံကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” လို့ Carlsberg မြန်မာ၏ Supply Chain Director ဖြစ်သူ Mr Vaibhav Khedkarက ပြောကြားခဲ့သည်။

 

Lost Time Accident (LTA) မတော်တဆမှုဆိုသည်မှာ ဝန်ထမ်းတစ်ဦးတစ်ယောက်ကို မသန်စွမ်းဖြစ်သွားစေသော၊ သို့မဟုတ် ဝန်ထမ်းအနေဖြင့် လုပ်ငန်းခွင်မဝင်ရောက်နိုင်သည်အထိ ဖြစ်စေသော မတော်တဆဖြစ်မှုများကို ဆိုလိုပါသည်။ LTA သည် အဖွဲ့အစည်းတစ်ခု၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန (HSE Department) ၏ ထိရောက်စွမ်းဆောင်နိုင်မှုကို တိုင်းတာသော အရေးကြီးအညွှန်းကိန်းများအနက်မှ တစ်ခုဖြစ်ပါသည်။ LTA အညွှန်းကိန်း နိမ့်သည်နှင့်အမျှ အဖွဲ့အစည်း၏ ဘေးကင်းလုံခြုံရေး စွမ်းဆောင်ရည်မြင့်မားကြောင်း ဖော်ပြနေခြင်း လည်း ဖြစ်ပါသည်။ ဘီယာထုတ်လုပ်ရေးကဏ္ဍတွင် (၁) နှစ်အထိ LTA မတော်တဆမှုဖြစ်ပွားခြင်းမရှိပါက အလွန် ကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးအဆင့်အတန်းရှိသည်ဟု ယူဆ၍ရပါသည်။

 

အထူးသဖြင့် Carlsberg မြန်မာသည် ဝန်ထမ်းများ နေ့စဉ်လုပ်ဆောင်ရသော လုပ်ငန်းများအတွက် ဘေးအန္တရာယ် ဆန်းစစ်မှု ဆိုင်ရာ သင်တန်းပေးမှုကို ပြုလုပ်ပါသည်။ ထို့အပြင် ထိခိုက်လဲပြိုခြင်းများ၊ အသက်ကယ် စည်းမျဉ်းများ၊ ယာဉ် အန္တရာယ် ကင်းရှင်းရေး၊ ဓါတုပစ္စည်းများ ကိုင်တွယ်ခြင်း၊ မီးဘေးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်၊ ဘေးအန္တရာယ်ဆန်းစစ်မှု၊ ကန်ထရိုက်တာ စီမံခန့်ခွဲမှု၊ အပြုအမူဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အစရှိသည့် အထူးခေါင်းစဉ်များအတွက်လည်း ပုံမှန်သင်တန်းပေးမှုများ ပြုလုပ်လျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် ဘေးကင်းမှုမရှိသော လုပ်ဆောင်ချက်များ၊ အခြေအနေများကို တိုင်ကြားသတင်းပို့ရန် ဝန်ထမ်းများကို စဉ်ဆက်မပြတ် တိုက်တွန်းအားပေးနေပြီး လိုအပ်ချက်များရှိပါက ပြင်ဆင်နိုင်ရန် စံချိန်စံနှုန်းများကိုလည်း အမြဲပြင်ဆင်မွမ်းမံနေပါသည်။ ထို့အပြင် စက်ရုံသို့ ပြင်ပမှဧည့်သည်များ လာရောက်လေ့လာကြည့်ရှုသည့်အခါများတွင်လည်း ဘေးကင်းလုံခြုံရေးအကျဉ်းချုပ်ပို့ချမှုများ ပြုလုပ်ပါသည်။

 

Carlsberg မြန်မာအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများမှ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်ခြင်း၊ ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားခြင်းဖြင့် ဝန်ထမ်းအားလုံး၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို အပြည့်အဝ ထိန်းသိမ်းကာကွယ်ပေးနေပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရန်အတွက် ဝန်ထမ်းများကို သင်တန်းပေးခြင်း၊ ထုတ်လုပ်ရေးကဏ္ဍ၏ အကောင်းဆုံးလုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်စေခြင်းတို့က Carlsberg ၏ မတော်တဆမှုကင်းစင်သော ZERO Accidents Culture ကို တည်ဆောက်ထားနိုင်ခြင်း၏ အဓိက သော့ချက်ဖြစ်ပါသည်။ Carlsberg မြန်မာသည် ဝန်ထမ်းများအတွက် ယနေ့အထိ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပေးမှု စုစုပေါင်း (၁၄,၅၄၃) နာရီအထိ ပို့ချပေးထားပြီး ဖြစ်ပါသည်။

 

Carlsberg မြန်မာသည် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် (HSE) ဆိုင်ရာ မှတ်တမ်းကောင်း များစွာ ကို ပိုင်ဆိုင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် Carlsberg မြန်မာသည် အာရှဒေသရှိ Carlsberg လုပ်ငန်းများအနက် HSE ကဏ္ဍဆိုင်ရာ တိုးတက်မှုအရှိဆုံးလုပ်ငန်းဖြစ်ခဲ့ပြီး LTA မတော်တဆမှုကင်းစင်သည့် ရက်ပေါင်း (၁,၀၀၀) ပြည့်မြောက်ခဲ့ကာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အမြင့်ဆုံးစံနှုန်းများကို ပိုင်ဆိုင်ထားနိုင်ခြင်း ကြောင့် Gold Certificate ကိုရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ပဲခူးစက်ရုံသည် (၅) နှစ်ဆက်တိုက် LTA မတော်တဆမှုကင်းစင်သည့် မှတ်တမ်းကိုလည်းရရှိခဲ့ပါသည်။

 

Carlsberg ၏ မြန်မာပြည်တွင်းစက်ရုံသည် ပဲခူးတိုင်းဒေသကြီး ညောင်အင်းကျေးရွာရှိ (၅၄) ဧကကျယ်မြေနေရာပေါ်တွင် တည်ရှိပြီး နိုင်ငံတကာပရီမီယံအမှတ်တံဆိပ်နှစ်ခုဖြစ်သော Carlsberg နှင့် Tuborg အမှတ်တံဆိပ်များကိုသာမက ပြည်တွင်း စျေးကွက်အတွက် အထူးထုတ်လုပ်ထားသော Yoma နှင့် Black Eagle အမှတ်တံဆိပ်နှစ်ခုကိုပါ ထုတ်လုပ် ဖြန့်ဖြူးပေးနေပါသည်။ ဤစက်ရုံတွင် ကုန်လှောင်ရုံဝန်ထမ်းအပါအဝင် လုပ်သားအင်အား စုစုပေါင်း (၁၄၅) ဦးရှိပါသည်။

 

ယနေ့အချိန်အထိ Carlsberg သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၁၀) ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဝန်ထမ်းပေါင်း (၇၅၀) ကျော်ကို ခန့်အပ်ထားပြီး ဝန်ထမ်းအင်အား၏ (၉၉) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ယမန်နှစ်က Carlsberg သည် အခွန်ငွေ မြန်မာကျပ် ၂၅.၈ ဘီယီယံကို ပေးဆောင်ခဲ့ကာ နိုင်ငံတွင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သော လုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးအလုပ်ရှင်ဆုများအနက် (၅) ဆုကို ဆွတ်ခူးပိုင်ဆိုင် နိုင်ခဲ့ခြင်းနှင့်အတူ ထိပ်တန်းအလုပ်ရှင်တစ်ဦး အဖြစ် လည်း အသိအမှတ်ပြုခံရပြီး ဖြစ်ပါသည်။

 

ပိုမိုသိရှိလိုပါကhttps://carlsbergmyanmar.com.mm/en/တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 


By The Myanmar Restaurant Guide


Read 281 times.