Easy Recipes

တရုတ်ရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ ၀က်သားကောက်ညှင်းထုပ် လုပ်စားကြမယ်

October 24, 2020

တရုတ်ရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ ၀က်သားကောက်ညှင်းထုပ် ပြုလုပ်နည်း

၀က်သားမစားတဲ့သူတွေကတော့ ကြက်သားနဲ့ပြုလုပ်လို့ရသလို ၊ သက်သတ်လွတ်စားသုံးချင်တယ်ဆိုရင်တော့ အထဲက ဌာပနာကို ပဲယို ၊ ကြာစေ့ယို အစရှိတာတွေ ထည့်သွင်းပြီး ထုပ်လို့ရပါတယ်။

အခုပြုလုပ်ပြထားတဲ့ ၀က်သားကောက်ညှင်းထုပ်ဟာ တရုတ်ပြည်မကြီး ၊ ကန်တုံ ၊ ရှန်ဟိုင်း အစရှိသည်တို့မှာ ပြုလုပ်ကြတဲ့ ထုပ်ပိုးမှုပုံစံနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ Original Style ပေါ့ဗျာ ။

မြန်မာနိုင်ငံမှာ လက်ရှိရောင်းချနေတဲ့ ၀က်သားကောက်ညှင်းထုပ်တွေကတော့ ကောက်ညှင်းသီးသန့်ထဲမှာ ၀က်သား ၊ မှို အစရှိသည်တို့ကို အစာသွပ်ပြီး ထုပ်ပိုးကြတာဖြစ်ပါတယ်။

မိမိနှစ်သက်သလို ထုပ်ပိုးလို့ရပါတယ်။ အရသာကတော့ ဘိုကိတ်ပဲလိုမျိုးပဲတွေထည့်ပြီး ထုပ်တာကတော့ ပိုပြီး အရသာ အဆိမ့်ဘက်ကို ပိုရောက်တာပေါ့။

ပြုလုပ်ပုံအဆင့်တွေ များတယ်ဆိုပေမယ့် လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။

ပါ၀င်ပစ္စည်းများ 

၀က်သား ၅၀ သား

ကောက်ညှင်းဆန် ၁ ပြည်

ဘဲဥဆားစိမ် ၃ လုံး

ပုဇွန်ခြောက်

ကြက်သွန်ဖြူ

မှိုမဲ

သီဟိုဋ်စေ့

တရုတ်မာဆလာ

ပဲဝါလေး

ဘိုကိတ်ပဲ

၀က်အူချောင်း

ငရုတ်ကောင်းမှုန့်

ပဲငံပြာရည်(အနောက်)

ဆီ

ဆား

ချင်း

ကောက်ညှင်းထုပ် ထုပ်ရန်အတွက် - 

၀ါးရွက် (သို့) တောင်စွန်ဖက်ရွက်

ပြုလုပ်နည်း

၀က်သား (သို့) ကြက်သားကို အရွယ်တော်အတုံးလေးများ တုံးထားပါ။ အသားများကို ဆား ၊ပဲငံပြာရည် တို့ဖြင့် သေချာစွာနယ်ပြီး အရသာနှပ်ထားပါ။

ဘဲဥဆားစိမ်ထဲမှ ဘဲဥအနှစ်လေးများကို အတုံးလေးများ လှီးထားပါ။ ပုဇွန်ခြောက်များကို ရေစိမ်ထားပါ။ မိနစ် ၃၀ ခန့်

ရေစိမ်ထားတဲ့ ပုဇွန်ခြောက်ကို ဆီပူနဲ့ အနည်းငယ်လှိမ့်ပေးပါ။ မှိုမဲများကို ရေစိမ်ထားပါ။ မိနစ် ၃၀ ခန့်

ရေစိမ်ထားသော မှိုမဲများကိုလဲ ဒယ်အိုးထဲတွင် ဆီဖြင့် အပူပေးပါ။ သီဟိုဋ်စေ့များကို ရေစိမ်ထားပါ။ မိနစ် ၃၀ ခန့်

ရေစိမ်ထားသော သီဟိုဋ်စေ့များကို ဆီပူထိုးပါ။ ပဲဝါလေးများ ၂၀ သားခန့်ကို နာရီ၀က်ခန့် ရေစိမ်ထားပါ။

ရေစိမ်ထားသော ပဲဝါလေးများကို ရေစစ်ပြီးနောက် ဆား ၊ ငရုတ်ကောင်း ၊ ကြက်သားမှုန့်တို့ဖြင့် နယ်ပြီး အရသာသွင်းပါ။

ပဲများ အနည်းငယ် နူးသွားစေရန် ဒယ်အိုးထဲတွင် မီးအေးအေးဖြင့် ခတ္တခဏမျှ အပူပေးပါ။ကောက်ညှင်းဆန်များအား မိနစ် ၂၀ ခန့် ရေစိမ်ထားပါ။

ရေစိမ်ထားသော ကောက်ညှင်းဆန်များအား ရေစစ်ပြီး ပဲငံပြာရည်အနောက် ၊ တရုတ်မဆလာ ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သားမှုန့် ၊ ဆား အစရှိသည်တို့ဖြင့် နှံ့စပ်သည်အထိ နယ်ပါ။

ဘိုကိတ်ပဲ (သို့) ပဲနီလေး အစရှိသည့် အရသာအဆိမ့်ဘက်သို့ ရောက်ရှိမည့် ပဲတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။  မိနစ် ၃၀ ခန့် ရေစိမ်ထားပါ။

ရေစိမ်ထားသော ပဲများကို ရေစစ်ပြီး ဆား ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သားမှုန့် တို့ဖြင့် အရသာသွင်းပါ။ နယ်ထားသော ကောက်ညှင်းဆန်များ ၊ ပဲများကို ဇလုံကြီးတစ်ခုထဲတွင် အတူတကွထည့်ပြီး နှံ့စပ်သည်အထိ နယ်ပါ။

ကောက်ညှင်းနယ်နေစဉ်အတွင်းမှာ ဒယ်အိုးကြီးတစ်ခုအတွင်းမှာ ရေကို ဆူပွက်စွာတည်ပါ။ ထို့နောက် ဆီ တစ်ဇွန်းခန့် ထည့်ပါ။ ဆူပွက်နေသော ရေထဲသို့ ဝါးရွက် (သို့) တောင်စွန်ဖက်ရွက် များကို ထည့်ပြုတ်ပါ။

သင်အူကြိုး (သို့) ဝါးနှီး များကိုလဲ ပျော့ပြောင်းသွားစေရန် ထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့် ရေဆူဆူတွင် ပြုတ်ပြီးပြီဆိုပါက ဖက်ရွက်များအား အ၀တ်ခြောက်ဖြင့် ပြန်လည်သန့်စင်ပါ။

သဲများ ၊ ဖုန်များ မကပ်စေရန်ဖြစ်ပါသည်။ ကောက်ညှင်းထုပ် ထုပ်ရာတွင် ခိုးလုခုလုဖြစ်မနေဖို့အတွက် ဖက်ရွက်ရှိ ရိုးတဲအညှာလေးများကို ဖျက်ပါ။ ထို့နောက် အားလုံးသန့်စင်ပြီးပြီဆိုပါက ရေအေးထဲတွင် စိမ်ထားပါ။

ကဲ .... စပြီး ထုပ်ကြမယ် .... ။

ကန်တော့ပုံလေး ချိုးပါမယ်။ ပဲကောက်ညှင်းနယ်ထားတာကို အရင်ဆုံးထည့်ပါမယ်။ ၀က်သား ၊ ၀က်အူချောင်း ၊ မှိုမဲ ၊ ဘဲဥဆားစိမ် ၊ သီဟိုဋ်စေ့ အစရှိတဲ့ အဆာပလာတွေ ထည့်ပါမယ်။

အပေါ်ကနေ ကောက်ညှင်းဆန် ထပ်ထည့်ပါမယ်။ ပြီးရင် ပုံအတိုင်း ဖက်ရွက်ကို ခေါက်ပါ။ အထူးသတိထားရမှာက ဖက်ထုပ်ထဲမှာ ကောက်ညှင်းတွေကို ချောင်ချောင်ချိချိပဲ ထည့်သွင်းရမှာဖြစ်ပါတယ်။

ကောက်ညှင်းများ အပြည့်အကျပ်ထည့်လိုက်ပါက ကောက်ညှင်းထုပ်အား ပြုပ်သည့်အခါ ကွဲထွက်ကုန်တတ်ပါသည်။ ချောင်ချောင်ချိချိလေးပဲ ထုပ်ပါ။

သင်အူကြိုးကိုတော့ သေချာ ခိုင်ခိုင်မြဲမြဲ ချည်ပါ။ ပြီးလျှင် ဆူပွက်နေတဲ့ ရေထဲ ဆား တစ်ဇွန်းထည့်ပါ။ ကောက်ညှင်းထုပ်တွေ ထည့်ပြီး မိနစ် ၃၀ ခန့် ပြုတ်ပါ။ မီးပြင်းပြင်းဖြင့်ပြုတ်ပါ။

ပြုတ်ပြီးပြီဆိုရင် ချိတ်ကလေးနဲ့ တွဲပြီး ရေစစ်ထားပါ။ အရသာ အလွန်ကောင်းမွန်တဲ့ ၀က်သားကောက်ညှင်းထုပ်လေး ရပါပြီ။

By The Myanmar Restaurant Guide

#crd_ ChanSitt Lynn


Read 1203 times.