Easy Recipes

ယိုးဒယား သင်္ဘောသီးထောင်း ကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားကြမယ်

November 3, 2020

Stay homeကာလ မှာ အိမ်မှာနေရင်း မိသားစုနဲ့ အတူတူမုန့်လုပ်စားလို့ ရအောင် ယိုးဒယား သင်္ဘောသီးထောင်းလုပ်နည်းလေးကို မျှဝေလိုက်ပါတယ်....

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး စားကြရအောင်..

 

ယိုးဒယား သင်္ဘောသီးထောင်း

ပါဝင်ပစ္စည်းများ..

သင်္ဘောသီးစိမ်း - အနေတော် တလုံး

ပုဇွန်ခြောက် - အကောင် ၂၀ခန့်

မြေပဲလှော် - အစေ့၂၀ခန့်

ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ

ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး

သံပုရာသီး - တခြမ်း

 

ပြင်ဆင်ပုံ

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။ မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။ ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်..

စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး စားလို့ရပြီနော်..

By The Myanmar Restaurant Guide

Credit-မေလေး

Photo.: credit


Read 1011 times.