Easy Recipes

အလွယ်ကူဆုံးသော အိမ်ချက် အုန်းထမင်း ပြုလုပ်နည်း

October 22, 2020

အိမ်မှာနေရင်း မပျင်းရအောင်...မုန့်လေးတွေ လုပ်စားကြရအောင်..

Stay Home ရင်း မိသားစုကို လက်စွမ်းပြလို့ရအောင် အုန်းထမင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်...

Rice Cooker နဲ့ ချက်ထားတာပါ... ဒီတော့ ပိုပြီးတော့ လွယ်လွယ်ကူကူဖြစ်တာပေါ့။

ဆန်နို့ဆီဗူး (၃)လုံးကို မချက်ခင် မိနစ်(၂၀)ခန့်ကြိုတင် ရေစိမ်ထားပါ။

ချက်ခါနီးတွင် ရေစစ်ပြီး ချက်ပြုတ်မည့် ပေါင်းအိုး (သို့) ထမင်းအိုးထဲသို့ ထည့်ပါ။

အုန်းသီး ရင့်ရင့်တစ်လုံးကို အုန်းခြစ်ဖြင့် အသားများခြစ်ထုတ်ပြီး အုန်းရည် ညှစ်ထားပါ။

Ready Made အုန်းနို့ဗူးတွေ သုံးမယ်ဆိုရင်လဲ အသုံးပြုနိုင်ပါတယ်။ အရသာ ၊ အနံ့ ၊ အရောင်အဆင်းကတော့ အုန်းသီးအစစ်နဲ့ ချက်ပြုတ်တဲ့ အုန်းထမင်းလောက် စားမကောင်းပါဘူး။

ပေါင်းအိုးထဲသို့ ဆန်များအား ထည့်ပါ။

ဆန်နို့ဆီဗူး (၃)လုံးချက်သည့်အတွက်ကြောင့် ရေ နို့ဆီဗူး(၄ဗူးခွဲ) ထည့်ပါမည်။

နို့ဆီဗူး(၄-ဗူးခွဲ)ဟာ အုန်းနို့ရော ရေရော နှစ်မျိုးပေါင်း ရေချိန်ပါ။

ထမင်းချက်ရင် ရေချိန်ထည့်နည်းကတော့ -

ဆန် ၁ ဗူး - - - - ရေ ၂ ဗူး ခွဲ

ဆန် ၂ ဗူး - - - - - ရေ ၃ ဗူး ခွဲ

ဆန် ၃ ဗူး - - - - - ရေ ၄ ဗူးခွဲ

ဆန် ၄ ဗူး - - - - - ရေ ၅ ဗူးခွဲ စသည်ဖြင့် ရေချိန်ကို ၁ လုံးခွဲဆီ ပိုထည့်သွားပါတယ်။

အခု ရိုးရိုးရေ ၂ လုံးခွဲ ထည့်လိုက်ပါတယ်။ပြီးရင် အုန်းနို့ နို့ဆီဗူး၂ဗူး ထပ်ထည့်ရပါမယ်။

ကြက်သွန်နီ လေးစိတ်ခွဲလေးတွေထည့်မယ်။ သီဟိုဌ်စေ့လေးတွေ ထည့်မယ်။ နံနံပင်လေး နည်းနည်းထည့်မယ်ဆို ပိုပီး မွှေးပါတယ်။

နောက်ထပ် အုန်းနို့ နို့ဆီဗူး ၂ ဗူး အတိုင်းအတာ ထပ်ထည့်ပါမယ်။

ဒါဆို ရိုးရိုးရေက နို့ဆီဗူး ၂ ဗူးခွဲ

အုန်းနို့ချည်းသက်သက်က နို့ဆီဗူး ၂ ဗူး ဆိုတော့

စုစုပေါင်း နို့ဆီဗူး ၄ ဗူး ခွဲ ဖြစ်သွားပါပြီ

သကြား - ထမင်းစားဇွန်း-၃ဇွန်း ထည့်ပါ။

အချိုမကြိုက်ဘူးဆိုရင်လဲ သကြားလျော့ထည့်နိုင်ပါတယ်။

ဆား - ထမင်းစားဇွန်း တစ်၀က်ခန့် ထည့်ပါ။

သီရိလင်္ကာတို့ ၊ အိန္ဒိယတို့မှာတော့ အုန်းထမင်းထဲကို အုန်းဆီ ထည့်ကြတယ်။ အုန်းဆီအနံ့က တော်တော်ဆိုးတာ။ ကျွန်တော်တို့ ပါးစပ်နဲ့ဆို မစားနိုင်ဘူး။

ကျွန်တော်ကတော့ ဒီနေရာမှာ ရိုးရိုးပဲဆီပဲ ထမင်းစားဇွန်း ၁ ဇွန်း ထည့်လိုက်ပါတယ်။

ဆီဘာလို့ထည့်တာလဲဆိုတော့ - အုန်းထမင်းချက်ပြီးတဲ့အခါမှာ ဆန်လုံးလှအောင် ၊ အုန်းဆီပိုပြီးတက်အောင် ထည့်တာပါ။

ဒါဆို ချက်ဖို့ အသင့်ဖြစ်ပါပြီ။ လျှပ်စစ်မီးပလပ်ခေါင်းကို ထိုး ၊ ခလုတ်ကို ဖွင့်လိုက်ရုံပါပဲ။

 

Credit _ Food

By The Myanmar Restaurant Guide


Read 3416 times.