Eating Tips

တွဲဖက်စားသုံးနေကျဖြစ်တဲ့ အစားအစားတွေရဲ့ နောက်ကွယ်က ဆိုးကျိုးများ

October 14, 2020

ပဲနဲ့ဆိုဒါ တွဲဖက်စားသုံးခြင်းဟာ အစာအိမ်ကို ဒုက္ခပေးတတ်တယ်ဆိုတာ ကလေးတွေတောင် သိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပုံမှန် တွဲဖက်စားသုံးနေကျဖြစ်တဲ့ အစားအစာအတွဲတချို့ဟာ အစာချေဖျက်မှုကို အဟန့်အတားဖြစ်စေပြီး နေထိုင်မကောင်း ဖြစ်စေတတ်တာကို လူသိနည်းနေသေးတာကို တွေ့ရပါတယ်။

အစားအသောက်ဆိုင်ရာ ပညာရှင်တွေက ဒီစားစရာ အတွဲအဖက် (7) မျိုးကို သတိပြု ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။

 

1. ချိစ်ပေါင်မုန့်နှင့် ကော်ဖီ

မနက်ခင်းတွေမှာ ကျောင်းတွေ၊ အလုပ်တွေ အချိန်မှီအောင် ပြေးလွှားရင်းနဲ့ လမ်းမှာတင် မနက်စာစားရတဲ့ အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ အများဆုံး ရွေးချယ်တတ်ကြတာကတော့ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ ချိစ်ပေါင်မုန့်နဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။

ချိစ်မှာပါတဲ့ ကယ်လ်စီယမ် (Calcium) ဓာတ်ဟာ ဦးနှောက်အာရုံကြောနဲ့ နှလုံးသွေးလည်ပတ်မှုတွေကို အထောက်အကူပြုနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ပေါင်မုန့်မှာပါဝင်တဲ့ ကစီဓာတ် (Carbohydrate) က ကယ်လ်စီယမ် ချေဖျက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အသင့်သောက် ကော်ဖီမစ်ထုတ်တွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။

• အကြံပေးချက် – ချိစ်ပေါင်မုန့်ကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက်ကတော့ ကော်ဖီအစား ရိုးရိုးလက်ဖက်ရည် ဒါမှမဟုတ် လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

 

2. ခရမ်းချဉ်သီးနဲ့ သခွားသီး

ခရမ်းချဉ်သီးနဲ့ သခွားသီးဟာ အသုပ်သုပ်ရာမှာ မပါမဖြစ်တဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေ့လာ စမ်းသပ်မှုအရ ဒီအသီးနှစ်မျိုး ပေါင်းစပ်စားသုံးခြင်းက ကိုယ်ခန္ဓာ ဇီဝကမ္မ ဖွဲ့စည်းပြောင်းလဲမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဓာတ်ပြောင်းလဲမှုနဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပြီး အသီးတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေ ချေဖျက်စုပ်ယူမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

• အကြံပေးချက် – ဒီအသီးနှစ်မျိုးကို သပ်သပ်ခွဲစားသင့်ပါတယ်။ ဥပမာ – ဒီနေ့အတွက် ခရမ်းချဉ်သီးနဲ့ အသီးအရွက် သုပ်စားမယ်ဆိုရင် နောက်နေ့မှာ သခွားသီးသုပ်စားတာမျိုး လုပ်သင့်ပါတယ်။

 

3. အာလူးနဲ့ အသား

စတိခ် (Steak) အသားကင်နဲ့ အာလူးချောင်းကြော်ဟာ စားလို့အကောင်းဆုံး အတွဲအစပ်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ အယ်ကာလီဓာတ်နဲ့ ချေဖျက်ပေးဖို့ လိုအပ်ပြီး အသားမှာပါတဲ့ ပရိုတင်း အသားဓာတ်ဟာ ချေဖျက်ဖို့အတွက် အက်ဆစ်ဓာတ်ကို လိုအပ်ပါတယ်။

ဒါကြောင့် နှစ်ခုတွဲစပ် စားသုံးတဲ့အခါ အစာမကြေဖြစ်တတ်ပြီး ရင်ပူတာ၊ လေပွတာမျိုး ဖြစ်စေတတ်ပါတယ်။

• အကြံပေးချက် – အသားနဲ့ တွဲဖက်စားသုံးဖို့ ကစီဓာတ်မပါတဲ့ အသီးအရွက်တွေဖြစ်တဲ့ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲတီစိမ်းနဲ့ ခဝဲသီး စတာတွေကို ရွေးချယ်သင့်ကြောင်း အကြံပေးချင်ပါတယ်။

 

4. ပါစတာခေါက်ဆွဲနဲ့ အသားကြိတ်သား

ပါစတာမှာပါဝင်တဲ့ ကစီဓာတ်ကို ချေဖျက်ပြီး အချိုဓာတ်ရစေဖို့အတွက် တံတွေးဂလင်းတွေကနေ Ptyalin နဲ့ Amylase ဆိုတဲ့ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။

ဒီချေဖျက်ပြီးသား အချိုဓာတ်တွေနဲ့ အသားဓာတ် ပေါင်းစပ်သွားတဲ့အခါ အန္တရာယ်ရှိ ဓာတ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုပြောင်းလဲပြီး ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

• အကြံပေးချက် – ဂျုံမာတစ်မျိုးကနေ ပြုလုပ်ထားတဲ့ ပါစတာကို ဟင်းခတ်အမွှေးအကြိုင်ဆော့စ်နဲ့ တွဲဖက်စားသင့်ပါတယ်။ တတ်နိုင်ရင် အသားနဲ့မစားဘဲ သတ်သတ်စားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

 

5. ဘီယာနဲ့ မြေပဲ

အရက်သောက်ရာမှာ မပါမဖြစ်ကတော့ မြေပဲ, ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ ဘီယာလေးသောက်ရင်း မြေပဲဆားလှော်လေး ဝါးရတာကို အကြိုက်တွေ့ကြပါတယ်။

ဒါပေမဲ့ ဆားများတဲ့ အစားအစာတွေဟာ သူတို့ကိုယ်တိုင်ကိုက သွေးတိုး၊ နှလုံးစတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်သလို ရေပိုငတ်စေတတ်ပြီး အရက်ဘီယာတွေ ပိုသောက်မိတာမျိုး ဖြစ်တတ်ပါတယ်။

• အကြံပေးချက် – အရက်သောက်တဲ့အခါတိုင်းမှာ အရည်ဓာတ် ဆုံးရှုံးမှုကို လျော့နည်းစေဖို့အတွက် ရေ၊ ဒါမဟုတ် ဆိုဒါ ဆောင်ထားသင့်ပါတယ်။

 

6. နို့ထွက်ပစ္စည်းနဲ့ နာနတ်သီး

အချဉ်ဓာတ်ပါတဲ အသီးတွေဟာ အစာချေစနစ်ကို နှေးကွေးစေပါတယ်။ ဒါ့အပြင် နာနတ်သီးမှာပါတဲ့ Bromelain ဆိုတဲ့ အင်ဇိုင်းတစ်မျိုးဟာ နို့ထွက်ပစ္စည်းတွေနဲ့ တွဲစားတဲ့အခါ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

• အကြံပေးချက် – နာနတ်သီးအစား မက်မွန်သီး၊ ဇီးသီး အစားထိုး စားသုံးသင့်ပါတယ်။

 

7. နို့နဲ့ ငှက်ပျောသီး

နို့နဲ့ ငှက်ပျောသီးဟာ အာဟာရပြည့်ဝပြီး ပြင်ဆင်စားသုံးရ လွယ်ကူတဲ့အတွက် ကျန်းမာရေး လေ့လာလိုက်စားသူတွေ အကြိုက်တွေ့တဲ့ အတွဲအဖက် ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ချို့ အစာအာဟာရပညာရှင်တွေက ချိုတဲ့အသီးအနှံတွေဟာ အခြားအစားအစာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ အစာအူလမ်းကြောင်းထဲမှာ ပိုကြာကြာနေပြီး အစာချေစနစ်ကို နှေးကွေးစေတဲ့အတွက် သတ်သတ် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ နို့ကိုလည်း သူ့သီးသန့်ချည်း သောက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

• အကြံပေးချက် – ငှက်ပျောသီးကို ကြားချိန် သရေစာအနေနဲ့ စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

 

By The Myanmar Restaurant Guide


Read 808 times.