Up to 40% OFF

ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ထိုင်းစတိုင်လ် ပင်လယ်စာ ဆန်ခေါက်ဆွဲပြားကြော်နည်း

July 10, 2020

အိမ်မှာနေရင်းနဲ့ ကိုယ့်စိတ်တိုင်းကျ ချက်ပြုတ်စားသောက်တာကိုမှ ကြိုက်နှစ်သက်သူများအတွက် ထိုင်းစတိုင်လ် ပင်လယ်စာ ဆန်ခေါက်ဆွဲပြားကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ဂုံး၊ ကင်းမွန်၊ ဆော်လ်မွန်ငါးအသားလွှာ၊ မုန်လာဥနီ၊ ပြောင်းဖူးအသေး၊ မှိုခြောက်၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီအဖြူ၊ မုန်ညှင်းစိမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်အနီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ပဲငံပြာရည်အချို၊ ပဲငံပြာရည်အငန်၊ နှမ်းဆီ၊ ဆီ၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူးကော်မှုန့်၊ ငါးပြုတ်ရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆန်ပြားခေါက်ဆွဲ၊ ကြက်ဥ တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ပုစွန်၊ ဂုံး၊ ကင်းမွန်၊ ဆော်လ်မွန်ငါးအသားလွှာများနှင့် ဟင်းသီးဟင်းရွက်စုံ တို့ကို ရေဆေးသန့်စင်ပြီး လှီးဖြတ်၍ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။

ပြီးလျှင် ချင်း အနည်းငယ်ကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူ ကို ဓါးပြားရိုက်ထားပြီး မှိုခြောက် ကို နူးအောင်ပြုတ်ထားပါ။

ပြီးနောက် ချင်းနှင့် ကြက်သွန်ဖြူကို ဆီသတ်ပြီး ဆန်ခေါက်ဆွဲပြားကို အနည်းငယ်မွှေးလာအောင် မိနစ်အနည်းငယ်ခန့် ကြော်ထားပါ။

ပြီးလျှင် အသင့်ပြင်ဆင်ထားသော ပင်လယ်စာအစုံကို ချင်း၊ ကြက်သွန်ဖြူ၊ ဆီတို့ဖြင့် တစ်ဝက်ခန့်ကျက်အောင် ကြော်ထားပါ။

ပင်လယ်စာအစုံ အနည်းငယ်ကျက်လျှင် အသင့်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်စုံ ထည့်ချက်ပေးပြီး ငါးပြုတ်ရည်၊ ခရုဆီ၊ ပဲငံပြာရည်အငန်၊ ပဲငံပြာရည်အချို၊ ဟင်းခတ်မှုန့်တို့ထည့်ချက်လိုက်ပါ။ ပြီးနောက် အရသာအတွက် ဆား၊ ငရုပ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိထားပါ။

ပြီးနောက် ဟင်းရည် ပွက်ပွက်ဆူလျှင် ပြောင်းဖူးကော်မှုန့်ကို ရေဖျော်ပြီး ဟင်းရည်အနည်းငယ်ပျစ်အောင်ထည်ချက်ပါ။

ပြီးရင် မီးအနည်းငယ်ဖြင့် အသင့်ခေါက်ထားသော ကြက်ဥကို ဖြည်းဖြည်းချင်းလောင်းထည့်ကာ နှမ်းဆီမွှေး အနည်းငယ်အုပ်၍ ပြင်ဆင်ထားပါ။

နောက်ဆုံးမှ အသင့်ကြော်ထားသော ဆန်ခေါက်ဆွဲပြားကို ပန်းကန်ပြားတွင် ဦးစွာထည့်ပြီးမှ သီးသန့်ချက်ထားသော ပင်လယ်စာနှင့် ဟင်းသီးဟင်းရွက်စုံ ဟင်းရည်ကို အပေါ်မှ ဖြည်းညှင်းစွာ လောင်းထည့်၍ ကြက်သွန်မြိတ်၊ ငရုတ်အနီ တို့ဖြင့် အလှဆင်ပြီးရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပင်လယ်စာ ဆန်ခေါက်ဆွဲပြားကြော်ကို အသင့် သုံးဆောင်နိုင်ပါပြီနော်။


Read 427 times.