ချဉ်ငံစပ် ကြိုက်သူတွေ သွားရည်ယိုစေမယ့် ရခိုင်သခွားသီးသုပ်
ဒီနေ့မှာတော့ အိမ်မှာ လွယ်လင့်တကူလုပ်စားလို့ရတဲ့ ချဉ်ငံစပ် ရခိုင်သခွားသီးသုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ချဉ်ငံစပ် ကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်။ ရခိုင်ဆိုရင် အစပ်ကပါပြီးသားမို့ အစပ်ကြောက်တဲ့သူတွေ ဆိုရင်တော့ အစပ်လျှော့ထည့်လို့ ရပါတယ်။ အနံမွှေးမွှေးလေးနဲ့ လျှာပေါ်မှာ စပ်ဖျင်းဖျင်း အရသာလေးက စားမြိန်ခံတွင်းတွေ့စေမှာ အမှန်ပါဘဲနော်။
ပါဝင်ပစ္စည်းများ
===========
- ငရုပ်သီးစိမ်းလှော်/ မီးကင် (အစပ်စားနိုင်သလောက်ပဲ မှန်းထည့်ပေးပါ)
- မျှင်ငါးပိမီးကင်၊
- ဆား၊
- ရေပုဇွန်ခြောက်မှုန့် (ဟင်းချိုမှုန့် အစားသုံး)၊
- ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး၊
- သခွားသီး၊
- ပင်စိမ်းပင်/ နံနံပင်၊
- ကြက်သွန်နီ၊
- သံပုရာသီး။
ပြုလုပ်နည်း
========
၁။ ငရုပ်သီးစိမ်းလှော်/မီးကင်၊ မျှင်ငါးပိမီးကင်၊ ဆားအနည်းငယ်၊ ရေပုဇွန်ခြောက်မှုန့် စသည်တို့ကို ရောပြီးထောင်းပေးပါ။
၂။ သခွားသီးလေး ခြစ်ထားပေးပါ။ ကြက်သွန်နီလေးကိုတော့ ပါးပါးလေးလှီးထားပါ။ သံပုရာသီးကိုလည်း ခြမ်းထားပေးပါ။
၃။ ရောထောင်းလို့ ရလာတဲ့ အနှစ်လေးကို သခွားသီးခြစ်၊ ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး ၊ ကြက်သွန်နီ တို့ဖြင့် ရောထည့်ပေးပါ။
၄။ ရောထည့်ထားသော အရောထဲသို့ သံပုရာသီးကို ညှစ်ထည့်ဖြန်းပြီး အားလုံးကို သမအောင်နယ်ပေးပါ။
၅။ ပင်စိမ်းပင် (သို့မဟုတ်) နံနံပင်းလေးကြိုက်နှစ်သက်သူတွေဆိုရင်တော့ အပေါ်မှ အုပ်ထားပေးပါ။
ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ရခိုင်သခွားသီးသုပ်လေး ရပါပြီ။ ချဉ်ငံစပ်ရခိုင်သခွားသီးသုပ်လေးကို ကိုယ်တိုင်လွယ်ကူစွာ စားသောက်နိုင်ပါပြီ။