Up to 40% OFF

မွန်တိုင်းရင်းသားတို့ရဲ့ မွန်ရိုးရာသင်္ကြန်ထမင်း

March 11, 2020

မွန်တိုင်းရင်းသားတို့၏ ရိုးရာသင်္ကြန်ထမင်း မွန်ပြည်နယ်တွင် သင်္ကြန်ကာလရောက်သည်နှင့်  သင်္ကြန်မဏ္ဍပ်များ၌ ရေကစားကြသူများကို သင်္ကြန်ထမင်း ကျွေးမွေးသည်သာမကဥပုသ်သည်များကိုလည်း သင်္ကြန်ထမင်းများ ကျွေးမွေးလေ့ရှိကြပါတယ်။  အနယ်နယ်အရပ်ရပ်ရှိ မွန်တိုင်းရင်းသားများသည် သင်္ကြန်ထမင်းကို အခါအားလျော်စွာ ပြုလုပ် စားသုံးကြသကဲ့သို့ ရန်ကုန်မြို့၌ နှစ်စဉ် ကျင်းပလေ့ရှိသည့် မွန်အမျိုးသားနေ့တွင်လည်း သင်္ကြန်ထမင်းကို တည်ခင်းတတ်ကြပါတယ်။

 

 သင်္ကြန်ထမင်းကို မွန်ပြည်နယ်၌ ရာသီဥတု အလွန်ပူသည့်  တပေါင်း၊ တန်ခူးလများတွင် ချက်စားလေ့ရှိပြီး ရေ  သို့မဟုတ်  ရေခဲရေဖြင့်  စားသုံးကြသည့် အတွက်  ရာသီဥတုပူချိန်တွင် ရင်ကိုအေးမြစေကာ အစာကြေလွယ်ပြီး အရသာရှိသော ရာသီစာဖြစ်သည်။ ကျန်းမာရေး အတွက်လည်း   အလွန်ကောင်းမွန်သော ရိုးရာထမင်းဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ လူအများမှာ သင်္ကြန်ထမင်းနှင့် အကျွမ်းတဝင် မရှိသည့်အတွက် သင်္ကြန်ထမင်း ချက်နည်းလေးကို တင်ပြလိုက်ရပါ သည်။ 

 

လိုအပ်သည့်ပစ္စည်းများကတော့ 
=============================
- ဆန်နို့ဆီဘူး (၅) လုံး
- ကြက်သွန်နီ  (၅၀)သား
- ငါးကွမ်းရှပ်  (၃၀)ကျပ်သား
- ပုစွန်ခြောက်  (၁၀) ကျပ်သား
- သရက်သီး   (၃)လုံး 

သင်္ကြန်ထမင်းပြုလုပ်နည်း
======================

-သင်္ကြန်ထမင်းချက်ရန် ဆန်နို့ဆီဘူး ငါးဘူးကို ရေများများဖြင့် တည်ပါ။ဆန်လုံးပြဲလာလျှင်  ထမင်းရည်ငှဲ့ပါ။   ပြီးလျှင်  ရေအေးနှင့်ဆေးပြီး ဆန်ခါဖြင့် စစ်ထားပါ။ သင်္ကြန်ထမင်းနှင့်  တွဲဖက်စားရန်  အကြော်များကိုလည်း  ကြော်ရပါမည်။


- သရက်သီးသုံးလုံးကို အခွံခွာပြီး ခြစ်နှင့်ခြစ်ထားပါ။ ကြက်သွန်နီ  ၅ဝ  ကျပ်သားကို လေးစိတ်စိတ်ထားပါ။ ပုစွန်ခြောက် ၁ဝ ကျပ်သားကို ရေစိမ်ပြီး  ထောင်းထားပါ။ ငါးကွမ်းရှပ် ၃ဝ ကျပ်သားကို ပြုတ်ကာ အရိုးဖယ်ပြီး ထောင်းထားပါ။     ငရုတ်သီးအခြောက် တောင့် ၁၅  တောင့်၊ မျှင်ငါးပိ ကွမ်းသီး လုံးခန့်၊   ကြက်သားမှုန့်  စားပွဲတင်ဇွန်း တစ်ဇွန်း၊  နနွင်းမှုန့်  စားပွဲတင်ဇွန်း  နှစ်ဇွန်းနှင့် ဆီ ၁၅ ကျပ်သားတို့ လိုအပ်သည်။ 

- သင်္ကြန်ကြော်ကို စတင်ကြော်မည် ဆိုပါက ဦးစွာ သရက်သီး၊ ငါးခြောက်၊ ပုစွန်ခြောက်တို့ကို နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ငါးပိတို့ဖြင့် သမအောင် ရောနယ်ပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး ငရုတ်သီး ခြောက်ကြော်ကာ ဆယ်ထားပါ။ ကြက်သွန်နီကို ဆီသတ်ပါ။ ကြက်သွန်နီ နွမ်းလာလျှင် နယ်ထား သော သရက်သီးကိုထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ မကြာမကြာ မွှေပေးပါ။ ကြက်သွန်နီနှင့်  သရက်သီးကျက်ပြီး  ရေခန်းဆီ ပြန်လာလျှင်  အိုးချလိုက်ပါ။  

 

- ဤအကြော်မှာ သင်္ကြန်ထမင်းနှင့်   တွဲဖက်စားသုံးရန်  သင်္ကြန်ကြော်ဟု အမည်ရပါသည်။ သင်္ကြန်ထမင်းကို စားသည့်အခါ ရင်ကိုအေးအောင် ရေ သို့မဟုတ် ရေခဲရေထည့်ပြီး သင်္ကြန် ကြော်၊ ငရုတ်သီးကြော်ဖြင့် တွဲဖက်စားသုံးနိုင်ပါသည်။ ထို့ပြင် သရက်သီးသုပ်ဖြင့်လည်း တွဲဖက် စားသုံးနိုင်သည်။ သရက်သီးသုပ်ရန် ခြစ်ထားသည့် သရက်သီး၊ ဂေါ်ဖီထုပ်၊  ဆီချက်၊  ပုစွန်ခြောက်မှုန့်၊  ပဲမှုန့်အကျက်၊  မြေပဲထောင်း၊  ငံပြာရည်၊  ငရုတ်သီး အကျက်မှုန့်တို့ဖြင့် ရောနယ်ပြီးသုပ်ပါ။

- သင်္ကြန်ထမင်းတွင် ဆမ်းစားမည့် ဖယောင်းမွှေးရည်ကို ပြုလုပ်ရန် ဒန်အိုးတစ်လုံးထဲတွင် ဖယောင်းတိုင် အတိုတစ်ချောင်းကိုထွန်း၍ မီးငြိမ်းသည်နှင့် ရေထည့်ပြီး အဖုံးပိတ်ထားပါ။ ဖယောင်းနံ့ သင်းသည့် ဖယောင်းရည်ကို ရရှိပါပြီ။ သင်္ကြန် ထမင်းထဲ၌ ဖယောင်းရည်လေး လောင်းပြီး စားသုံး နိုင်ပါသည်။ 

 

မြန်မာ့နှစ်သစ်ကူးသင်္ကြန်အခါတော်လေးမှာ မွန်တိုင်း ရင်းသားတို့၏ ရိုးရာသင်္ကြန်ထမင်းကို စားသုံးခြင်း ဖြင့် ရင်ကိုအေးမြစေပြီး ရောဂါဘယများလည်း ကင်းဝေးစေမည်ဖြစ်သည့်အတွက် သင်္ကြန်ထမင်း ကို ချက်ပြုတ် စားသုံးနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 


Read 1354 times.
1 Review

Reviews

Thu Zin Hein | March 2020
Good Taste

မွန်ရိုးရာထမင်းစားလို့ကောင်းတယ်

Did you find this review helpful?

0