Eating Tips

ညောင်ပင်ဝန်းရွာလေးက တစ်ပွဲတစ်ထောင်တန် ထမင်း 

February 1, 2020

 

-Luxury ပါဆို တကယ့်luxury

နေရာထိုင်ခင်းကိုမေး လမ်းဘေးမှာ စားပွဲတစ်လုံးနှင့် ခုံလေးတွေချပြီး ရောင်းကြတာမျိုး။
Airconလား လာမမေးနဲ့ မန်ကျည်းပင် ထနောင်းပင် စတဲ့ အပင်ကြီးတွေ အရိပ်အောက်မှာရောင်းတာ လေလေး တဖြူးဖြူး အဲ့ဒါမှ အားမရသေးရင် ထန်းလက်ယပ်တောင် တစ်ချောင်းစီ ချပေးထားတယ်။ အဲ့ဒါ ခတ်စား။
မိုက်တယ် မလား ။မိုက်ဆို ဈေးကလည်း luxuryဈေးလေ။ အသားဟင်းနှင့်ထမင်း တစ်ပွဲမှ ၁၀၀၀လေ။ အမယ် ဒါတောင် ဈေးတက်သွားလို့ စားနေကျ ကိုယ်တွေမှာ ဝမ်းနည်းပက်လက်ဖြစ်နေတာနော်။ ဟိုးအရင် စစားဖူးတုန်းက တစ်ပွဲ၆၀၀ ပြီးတော့ ၇၀၀ အခု ၁၀၀၀ ဖြစ်သွားလို့ ဝမ်းနည်းနေရတာ။

- ညောင်ပင်ဝန်း ထမင်း ဖြစ်လာပုံ

ညောင်ပင်ဝန်းဆိုတာ မုံရွာ-မန္တလေး ကားလမ်းမပေါ်က ရွာလေးပေါ့။ ဒီလမ်းမကြီးက မုံရွာမန္တလေး ကားလမ်းဆိုတာထက် စစ်ကိုင်းတိုင်းအထက်ပိုင်း တမူး-ကလေး သွားတဲ့သူတွေလည်း ဒီလမ်းက ဖြတ်ရတာပဲ။ ဟောဟို မကွေးတိုင်း ဂန့်ဂေါကတဆင့် ချင်းပြည်နယ်သွားမယ့်သူတွေလည်း ဒီကဖြတ်ရတာပဲ။ အဲ့တော့ အားလုံးအတွက် ခရီးတထောက်နားစရာ မန္တလေးနှင့် မလှမ်းမကမ်းက ညောင်ပင်ဝန်းရွာလေးမှာ နားကြရတော့တာပေါ့။
အဲ့မှာ ညောင်ပင်ဝန်း တစ်ရွာလုံး ထမင်းထွက်ရောင်းကြတာပဲ။ ပိုက်ဆံချမ်းသာတဲ့သူတွေက ကားလမ်းမကြီးဘေးမှာ ဆိုင်ကြီး ကနားကြီးတွေနှင့် တရုတ်အစားအစာ ဗမာအစားအစာတွေ ရောင်းကြတယ်။ အရင်းအနှီးမတတ်နိုင်တဲ့ ရွာသူရွာသားတွေကတော့ အဲ့ဆိုင်ကြီးတွေရှေ့မှာပဲ စားပွဲလေးတွေချ ခွေးခြေပုလေးတွေနှင့် ရောင်းတာပဲ။ အဲ....ခရီးသွားတွေကကျ ဆိုင်ကြီး ကနားကြီးတွေကိုကျော် အဲ့ဒီခွေးခြေပုလေးတွေနှင့် စားပွဲလေးခင်းပြီးရောင်းတဲ့ လမ်းဘေးဆိုင်လေးတွေကိုမှ တမ်းတမ်းစွဲ ဖြစ်ကြပြီး ညောင်ပင်ဝန်းထမင်းဆိုတဲ့ စားစရာတစ်ခုဟာ နိုင်ငံကျော် ဖြစ်လာတော့တာပေါ့။

- ညောင်ပင်ဝန်းထမင်း ဆိုတာ

ထမင်းပန်းကန်ထဲ ထမင်းထည့် အသားတွေကို ကတ်ကြေးလေးနှင့် ညှပ်ထည့် အပေါ်ကဟင်းချက်ရည်လေးကိုဆမ်းပြီး ဘေးက ပဲတီချဉ် ပဲပုပ်ပြားကြော်လေးနှင့် ငြုပ်သီးကြော်လေး ပုံပေးတာ အဲ့ဒါညောင်ပင်ဝန်းထမင်းပဲ။

-ဘာလို့ ညောင်ပင်ဝန်းထမင်းမှ အသဲစွဲကြရတာလဲ?

အဓိကကတော့ သူ့ရဲ့ ဟင်းချက်ကြောင့်ပေါ့။ညောင်ပင်ဝန်းထမင်းရဲ့အသက်က အဲ့ဒီဟင်းချက်ပဲ။
သူ့ဟင်းချက်က ဆီပြန်မဟုတ်ဘူး။ ဆီလည်ရေလည် တောချက်လေး ချက်ထားတာ။ ဆီမများတာ့ စားရတာ အီမနေဘူး။အရည်များများနှင့် အရသာကလည်း ချိုတငံ့ငံ့လေးနှင့် အရမ်းစားကောင်းတာ။
ထမင်းမှာတော့ အသားကို အပေါ်က ပုံပေးပြီး အဲ့ဟင်းချက်ရည်လေး ရွှဲနေအောင် ဆမ်းပေးလိုက်ရော ။အဲ့တော့ ဟင်းချက်ရဲ့ ချိုတငံ့ငံ့ အရသာလေးက ထမင်းတစ်ပွဲလုံး နှံ့နေပြီး အဲ့အရည်ရွှဲရွှဲလေးနှင့် စားပေတော့ပဲ။ ကောင်းမှကောင်း။

ပဲတီချဉ်လေးကလည်း အသေကောင်းတာ ဆိုင်တိုင်းမှာ ချပေးတယ်။
-အချဉ်တည်ထားတဲ့ ပဲပင်ပေါက် နုနုလေးတွေက အချဉ်အရသာပေးတယ်။
-ပဲပုပ်ပြား ကြော်ကြွပ်ကြွပ်လေးက အငံအရသာပေးတယ်။
-ငြုပ်သီးတောင့်ကြော်ကြီးတွေက အစပ်ရတာပေးတယ်။
-အညာပဲရေပွကြော် မွမွလေးတွေက အစိမ့် အရသာကိုပေးတယ်။
ဒါတွေအားလုံး ကြိုက်သလောက်စား ချပေးထားတာနော်။

အသားဟင်းချက်က ချိုတဲ့အရသာလေးနှင့် ချဉ် ၊ ငံ ၊ စပ် ၊စိမ့်အရသာတွေ ပေါင်းလိုက်မှတော့ ညောင်ပင်ဝင်းထမင်း နာမည်ကြီးတာ ဘာဆန်းတော့သလဲ။ အရသာအစုံအလင်ကို သမမျှတအောင် စီစဉ်ထားနိုင်မှတော့ ဒီစားစရာက စားကောင်းပြီပေါ့။

ညောင်ပင်ဝန်းထမင်းကို ဘယ်လိုစားမလဲ?

- ညောင်ပင်ဝန်းမှာ စားတာ့မယ်ဆို ဘာသားနှင့်စားမလဲ မေးပါတယ်။ သူက အမဲသား ၊ ဝက်သားတော့ မရောင်းကြပါဘူး။ ကြက်သားချက် ၊ ကြက်အူချက် ၊ အမြစ်အသဲချက် ၊ ဆိတ်သားချက်၊ ဆိတ်ပုဆိုးကြမ်းချက် ၊ငါးဖယ်ကြော် တွေ ရပါတယ်။


ကျနော်ကတော့ ကြက်အူကို အကြိုက်ဆုံးပါ။ နောက်တစ်ခုက ဆိတ်သား ။ ဆိတ်သားကို မဆလာမပါ ဗမာချက်လေးချက်ထားပြီး လုံးဝ နူးအိနေတာ။ ဒီ၂ခုကတော့ must tryပါ။

ပြီးရင် ဟင်းချက်ရည်လေးရွှဲနေတဲ့ ထမင်းကို အပေါ်က အသားလေးတစ်ဖတ်ထည့် ပဲတီချဉ်လေးမြှုပ် ပြီးစား ။ ပြီးရင် ငြုပ်သီးတောင့်လေး ကိုက်။ စပ်လာရင် ဟင်းချက်ရည် အရသာနှင့် ချိုတငံ့ငံ့ ဖြစ်နေတဲ့ ထမင်းလေး တစ်ဇွန်းစား ပဲပုပ်ပြားလေးကိုက်လိုက်။ ငံလာရင် ပဲတီချဉ်က အချဉ်လေးနှင့် ထိန်းလိုက်နှင့် စားကြည့်။
ပြီး ဝသွားတဲ့အခါ အလကားချပေးထားတဲ့ ပဲရေပွကြော်လေးနှင့် ရေနွေးကြမ်းလေးနှင့် အစာပိတ်ကြည့်ပါ။
အိုးးးး ဆွေတွေမျိုးတွေပါမက တစ်လောကလုံးကိုပါမေ့သွားမယ်။


အဲ့လိုစားပြီး
ညောင်ပင်ဝန်းထမင်းသာ ကိုယ့်အသက်။ ညောင်ပင်ဝင်းထမင်းသာ ကိုယ့်ကမ္ဘာ။ နောက်ကို ဘယ်လောက်ဝေးဝေး လာစားပါတော့မယ်ဆိုပြီး ညောင်ပင်ဝင်းရဲ့ ကျေးကျွန်ဘဝကို ကျရောက်သွားရတဲ့ ကိုယ့်လိုလူတွေ အများကြီးပါ။

ဆိုင်လိပ်စာ
ဆိုင်လိပ်စာကတော့ မုံရွာ - မန္တလေး ကားလမ်းမအတိုင်း မောင်းသွား။ အဲ့ကားလမ်းမကြီးဘေးတင်ပဲ ညောင်ပင်ဝန်းရွာကို တွေ့ပါလိမ့်မယ်။
ဘယ်ဆိုင်မှာစားရမလဲတော့ မမေးနဲ့ သစ်ပင်ရိပ်တိုင်းမှာ ဆိုင်လေးတွေရှိတယ်။ အကုန်စားကောင်းတယ်ဗျားး။

ကဲ ကိုယ့်လို ညောင်ပင်ဝန်းရဲ့ ကျေးကျွန် ဖြစ်ချင်သူများ ဒီအောက်မှာ အတူသွားစားမယ့် သူငယ်ချင်းတွေကို mention ခေါ်လိုက်တော့နော်။ 

ညောင်ပင်ဝန်းရဲ့ ကျေးကျွန်ဖြစ်ပြီးသူများရှိရင်လည်း ဘယ်ဆိုင်မှာ အမြဲစားဖြစ်တယ် ဆိုတာလေး အောက်မှာ မန့်ပေးပါအုံးနော်။

Credit #Mandalay_Food_Directory


Read 900 times.