Up to 60% OFF

တရုတ်ပြည်က " ဝိုင် "

December 23, 2019

တရုတ်စားသောက်ဆိုင်မှာ ညစာ ဝိုင်းဖွဲ့ထိုင်စားကြရင်း တရုတ်ပြည်ဖြစ် ဝိုင်ကို သောက်ကြသည်ကို သင်စဉ်းစား ကြည့်လိုက်ပါ။ တစ်ချိန်မဟုတ်လျှင် တစ်ချိန် ထိုအဖြစ်ကို သင်ကိုယ်တွေ့ ကြုံရလိမ့်မည်။ အနှေးနှင့် အမြန်သာ ရှိလိမ့်မည်။ Cheers!

တရုတ်ပြည်တွင် ဝိုင်ထုတ်လုပ်သည်မှာ ကြာမြင့်စွာကတည်းက ဖြစ်သည်။ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်းတွင် ကမ္ဘာ့ဝိုင်လုပ်ငန်းနယ်ပယ်ထဲ ထင်ထင်ရှားရှား နေရာဝင်ယူခဲ့ပြီး ပြည်ပပို့ကုန်အဖြစ် တွင်တွင်ကျယ်ကျယ် တင်ပို့ ရောင်းချလာသည်။ ပြည်တွင်းရှိ ဝိုင်ဈေးကွက်မှာလည်း ကမ္ဘာ့ထိပ်တန်း ဝိုင်နီဈေးကွက် (၁၀)ခုတွင် ပါဝင်သည်။  ဝိုင်ထုတ်လုပ်သည့် ထင်ရှားသော ဒေသများလည်း ရှိသည်။ Ningxia သည် Cabernet Sauvignon စပျစ်ဖြင့် ပြုလုပ်သည့် ဝိုင်နီအတွက် ထင်ရှားသည်။ ပြင်သစ်နိုင်ငံ Bordeaux ဒေသရှိ ဝိုင်စပျစ်အမည်းများ စပျစ်မျိုးနွယ် စိုက်ပျိုးရန် ဆီလျော်သင့်မြတ်သည့် ရာသီဥတု ရှိသည့်ဒေသ ဖြစ်သည်။


Yantai သည် ဝိုင်လုပ်ငန်းပေါင်း ၁၄၀ ကျော် ရှိသည့်ဒေသဖြစ်သည်။ တရုတ်ပြည်ဝိုင်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို Yantai မှ ထုတ်လုပ်ပေးနေသည်။ ပြည်တွင်း ဝိုင်လုပ်ငန်းများ ဖြစ်ကြသည့် Changyu Pioneer Wine ၊ China Great Wall Wine Company နှင့် Dynasty Wine တို့ အခြေစိုက်သည့် နေရာဖြစ်သည်။
ထိုဒေသနှစ်ခုအပြင် ကမ္ဘာ့အဆင့်မှ စပျစ်ခြံများနှင့် ဝိုင်လုပ်ငန်းများ တည်ရှိသည့် အခြားဒေသများလည်း ရှိပေသေးသည်။

နှစ်ပေါင်း ၂၀ အတွင်း တိုးတက်ထွန်းပေါက်ခဲ့ရသည်မှာ တရုတ်ပြည် ဝိုင်လုပ်ငန်းကဏ္ဍသည် တရုတ်ပြည်တွင်း ဝိုင်လုပ်ငန်းတို့က ကမ္ဘာ့ထိပ်တန်း ဝိုင်လုပ်ငန်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု အကြောင်းပြနိုင်သည်။  ပြည်ပမှ အဆင့်မြင့် Bordeaux ဝိုင်ထုတ်လုပ်သူတို့သည် တရုတ်ပြည်တွင်း ဝိုင်လုပ်ငန်းတွင် အထောက်အကူ ပြုပေးကြသည်။ ဥပမာအားဖြင့် Chateau Lafite Rothschild နှင့် Chateau Mouton Rothschild တို့သည် လက်တွေ့တတ်ကျွမ်းမှုများကို  ပြည်တွင်းဝိုင်ထုတ်လုပ်သူတို့ကို ဝေမျှပေးခဲ့ကြသည်။ စပျစ်ခြံများလည်း စိုက်ပျိုးကြသည်။ ထိုသို့ ပြည်ပမှ ကျွမ်းကျင်မှု လက်ခံရရှိခြင်းကြောင့် အရည်အသွေး မြင့်မားသည့် ဝိုင်များကို ထုတ်လုပ်နိုင်ခဲ့ကြသည်။

တရုတ်ရိုးရာဓလေ့တွင် ပွဲလမ်းအခမ်းအနားတို့၌ ဝိုင်နီကို သောက်သုံးကြပေရာ ပြည်တွင်းဈေးကွက်တွင် ဝိုင်နီက ကြီးစိုးထားသည်။ ဝိုင်နီ အမျိုးမျိုး ရှိရာ၌ ဝိုင်နီနှစ်မျိုးက ကြီးစိုးထားသည်။ ယင်းတို့မှာ ပြည်တွင်း ထုတ်လုပ်မှုစုစုပေါင်း ၏ ၇၆.၅ ရာခိုင်နှုန်းရှိသည့် ဝိုင်နီ Cabernet Sauvignon နှင့် ၁၂ ရာခိုင်နှုန်း ရှိသည့် ဝိုင်နီ Merlot တို့ ဖြစ်သည်။


တရုတ်တို့သည် ဈေးကြီးသည့်ဝိုင် သောက်ရသည်ကို ဂုဏ်ယူသဖြင် အရည်အသွေးမြင့်မားသော ဝိုင်နီတို့ကို ဈေးကြီးပေး၍ ဝယ်သောက်ရန် ဝန်မလေးကြချေ။

ပြည်တွင်းဈေးကွက်ကို ခြေကုပ်ယူပြီး ပြင်သစ် ပရီမီယံဝိုင်ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ကိုင်ကာ Bordeaux ဝိုင်အမျိုးမျိုးတို့ကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်လာသည်။ တရုတ် e-commerce platform ပေါ်တွင် ဥရောပမှ Bordeaux ဝိုင်အမျိုးမျိုးတို့နှင့် ဘေးချင်းယှဉ်ပြီး တရုတ်ပြည်ဖြစ် Bordeaux ဝိုင်အမျိုးမျိုးတို့ကို ပြသထားသည်ကို တွေ့ရမည် ဖြစ်သည်။ ချီလီနိုင်ငံတွင် ပြည်ပမှ တင်သွင်းသည့် ဝိုင်များတွင် တရုတ်ပြည်ဖြစ်ဝိုင်များသည် နံပါတ်(၁) နေရာကို ရရှိထားပြီ ဖြစ်သည်။

တရုတ်ပြည်ဖြစ်ဝိုင်များတွင် ကျော်ကြားသည့် ဝိုင်များမှာ ..


Changyu, Great Wall, Dynasty, Yunnan Red, Shangri-La, Grand Dragon, Plainsong, Grace Vineyard, CITIC Guoan Wine, Dragon Seal အစရှိသည်တို့ ဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်ဝိုင်လုပ်ငန်းကဏ္ဍသည် တရုတ်ပြည်ကိုယ်စားပြု စပျစ်မျိုးကို အသုံးပြုပြီး ဝိုင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်မှ Cabernet Sauvignon နှင့် Grenache စပျစ်နှစ်မျိုးကို မျိုးစပ်ထားသော Marselan စပျစ်မျိုးသည် တရုတ်ပြည်၏ ကိုယ်ပိုင်အမှတ်အသား စပျစ် “signature grape” အဖြစ် မျိုးသစ်ကို အသိအမှတ်ပြုထားကြပြီ ဖြစ်သည်။  အာဂျင်တီးနားတွင် signature grape အဖြစ် Malbec စပျစ် ရှိနေသည့် နည်းတူ တရုတ်ပြည်တွင်လည်း signature grape အဖြစ် Marselan စပျစ်ကို ရရှိထားပြီ ဖြစ်သည်။


Read 507 times.
1 Review

Reviews

Aung Kyaw | December 2019
Chinese wine

worth to read it

Did you find this review helpful?

0