Up to 60% OFF

တောင်ပိုင်းရှမ်းပြည်နယ်မှ အေးသာယာ " ဝိုင် "

December 20, 2019

တောင်ကြီးမြို့ကို အလည်တစ်ခေါက်ကိုယ်ရောက်တယ်……… ဆွေသစ်မိတ်သစ်စုံလို့ပါဘဲကွယ်……  

ဟိုင်းဝေးကားပေါ်မှ ဖွင့်ထားသော သီချင်းဖြစ်သည်။ သွားရောက်သည့်ခရီးနှင့် ဆက်စပ်မှုရှိနေသဖြင့် လိုက်ပါညည်းဆိုရင်းရွှေတောင်ရိုးအဝေးပြေးကားသည် တောင်ကြီးမြို့သို့ ဝင်ရောက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လလယ်ပိုင်းတွင် ဒုတိယမြောက်ခရီးအဖြစ် တောင်ကြီးမြို့ကို  အလည်ရောက်ခြင်းဖြစ်သည်။ ရန်ကုန်မြို့ မိုးသည်းထည်စွာရွာနေချိန်၊ မန္တလေးတွင်နွေခေါင်ခေါင်ကဲ့သို့ ပူလောင်နေချိန်ဖြစ်၍ အမြဲရောက်နေကျ မန္တလေးကိုခွာကာ ရာသီမျှတသည့် တောင်ကြီးသို့ ခရီးထွက်ရသဖြင့် အတိုင်းမသိဝမ်းမြောက်မိပါသေးသည်။ နှင်းဖွဲကလေးများကျနေပြီး အချိန်တိုင်း အေးစိမ့်သည့်အရသာကို ခံစားရသည့် တောင်ကြီး၏ ရာသီဥတုမှာ များစွာကျေနပ်နှစ်သက်ဖွယ် ဖြစ်နေခဲ့သည်။ တစ်ပတ်တာအချိန်ရသည့်ကာလအတွင်း အနီးနားဝန်းကျင်မှ လေ့လာစရာနေရာများသို့ ရောက်ဖြစ်ပါသည်။ ထိုအထဲတွင် ဆရာသမားတစ်ဦး၏ လမ်းညွှန်မှုဖြင့် တောင်ကြီးမြို့သို့အတက် အေးသာယာမြို့သစ်ရှိ စပျစ်စိုက်ပျိုးရေးခြံသို့ သွားရောက်လေ့လာလည်ပတ်ခဲ့သည်ကို ပို၍ အမှတ်ရနေမိပါသည်။


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စပျစ်စိုက်ပျိုးရေးခြံကြီးတစ်ခု ရှိသည်။ တောင်ကြီးမြို့သို့ကားဖြင့်အတက်နေရာတွင် တွေ့နိုင်သည်။ စိုက်ပျိုးရေးခြံ၊ စားသောက်ဆိုင်၊ စပျစ်ဝိုင် ထုတ်လုပ်ရေး၊ အပန်းဖြေရိပ်သာတို့ကို တွဲဖက်လုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ အေးသာယာ စိုက်ပျိုးရေးခြံအကျယ်အဝန်းမှာ ၃၅ ဧက ရှိသည်။ စပျစ်စိုက်ပျိုးထားသည့် ဧကမှာ ၂၀ ရှိသည်။ခြံဝန်ထမ်းများကို ဝိုင် သဘောသဘာဝ၊ ဗဟုသုတရှိစေရန် သင်တန်းပေးရသည်။ အေးသာယာတွင် ဝန်ထမ်းနေ့စားနှင့်လစား စုစုပေါင်း ၁၂၀ ရှိသည်။ ဝန်ထမ်းများကို အင်္ဂလိပ်စာ အခက်အခဲ မတွေ့စေရေးအတွက် ခြံအတွင်း ဘာသာစကားသင်တန်းကို နေ့စဉ်ပြုလုပ်ပေးနေသည်။ စိုက်ပျိုးရေးခြံကို ဂျာမန်လူမျိုးက ပိုင်ဆိုင်ပြီး စပျစ်ဝိုင် နည်းပညာ ရှင်မှာလည်း ဂျာမန်သာဖြစ်သည်။ အေးသာယာခြံကိုတည်ထောင်သည့် မစ္စတာဘတ် Mr.Morsbach သည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်ကာ အာရှဒေသကို စိတ်ဝင်စားသူဖြစ်သည်။ အထူးသဖြင့် မြန်မာ့ရေမြေကို နှစ်သက်သူဖြစ်ခြင်းကြောင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုအဖြစ် အေးသာယာစိုက်ပျိုးရေးခြံကို အကောင်အထည်ဖော်ဖြစ်ခဲ့သည်။

မြန်မာပြည်တွင်  အရင်းအနှီးကြီးစွာ စပျစ်စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝိုင်လုပ်ငန်းကို ပထမဦးဆုံး လမ်းပြလုပ်ကိုင်သူလည်းဖြစ်သည်။ နိုင်ငံတကာတွင် ယခုကဲ့သို့လုပ်ငန်းများစွာရှိသော်လည်း မြန်မာပြည်တွင်း မရှိသေးခြင်းကြောင့် ဦးဆုံးစတင်သူဟု ဆိုရမည်။အေးသာယာတွင် စိုက်ပျိုးရေးမလုပ်ကိုင်မီ လွိုင်ကော်ဒေသ၌ စပျစ်အပင် ၄၀၀၀ ကို ကနဦးစမ်းသပ် စိုက်ပျိုးဖြစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်အရောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းထံမှ နှစ်ရှည်မြေငှားရမ်းနိုင်ခဲ့ပြီး အေးသာယာတွင် စပျစ်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် စပျစ်မှထုတ်လုပ်သည့် ဝိုင်ကို ပုလင်းအတွင်းထည့်သွင်းကာ ဈေးကွက်သို့ ပို့ဆောင်မှုစတင်ခဲ့သည်။ ဝိုင်ထုတ်လုပ်မှုအနေဖြင့် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယခုအချိန် တစ်နှစ်အတွင်း ဝိုင်အလုံးပေါင်းနှစ်သိန်းခန့် ထုတ်လုပ်နေပြီဖြစ်သည်။ ၂၀၀၄ ခုနှစ်ကုန်တွင် လာရောက်သော ဧည်သည်များအတွက် စားသောက်ဆိုင်ကိုဖွင့်လှစ်ခဲ့သည်။ စားသောက်ဆိုင်နှင့်အတူ ကိုယ်တိုင်ထုတ်လုပ်သော စပျစ်ဝိုင်ကို ရောင်းချပေးခဲ့သည်။ အရသာမြည်းစမ်းနိုင်ရေးအတွက် ထုတ်လုပ်သော ဝိုင်လေးမျိုးကို စမ်းသပ်သောက်သုံးနိုင်သည်။ ဝန်ထမ်းလစာ ဆိုင်ကုန်ကျစရိတ်များကြောင့် ဝိုင်စမ်းသပ်ခကို ကျပ် ၂၀၀၀ သတ်မှတ်ထားသည်။ နောင်တွင် အခမဲ့စမ်းသပ်သောက်သုံးနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

၂၀၀၉-၂၀၁၀ ခုနှစ်တွင် တောင်ကြီးအေးသာယာရှိ စပျစ်စိုက်ပျိုးရေးခြံကို ပြည်တွင်းပြည်ပ ဧည့်သည်များက ပိုမိုသိရှိလာကာ ဝင်ရောက် လေ့လာမှုများပြားခဲ့သည်။ တစ်ရက် ဧည့်သည် ၂၀၀ ခန့်ရောက်လာတတ်သည်။ သင်္ကြန်ကဲ့သို့ ရုံးပိတ်ရက်ရှည် ကာလများတွင် ဧည့်သည် ၃၀၀ မှ ၃၅၀ အတွင်း ရှိသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတွင်လည်း ဧည့်သည် အဝင်များသည်။ ထိုကာလများတွင် ကြိုတင်ဧည့်သည် လက်မခံရဲလောက်အောင် အလုပ်များတတ်သည်။ နံနက်မိုးမလင်းမီကတည်းက လေ့လာလိုသူများ ခြံရှေ့ရောက်နေတတ်သည်။ နေထွက်မှ နေဝင်သည့်တိုင် တစ်ခြံလုံး လူမပြတ်ဖြစ်နေတော့သည်။ ဝန်ထမ်းများအလှည့်ကျ ထမင်းစားနားပြီးဧည့်သည်ကို ဝန်ဆောင်မှုပေး ရသည်။ လာရောက်သည့် ပြည်တွင်း ပြည်ပ ဧည့်သည်များကို စိုက်ပျိုးရေးခြံဝန်ထမ်းများက စိုက်ခင်းအတွင်း လိုက်လံပြသရှင်းလင်းပေးခြင်း၊ ဝိုင်ပြုလုပ်ပုံအဆင့်ဆင့်ကို တစ်ခုချင်းအလိုက် အသေးစိတ်ရှင်းပြခြင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။အချို့ဧည်သည်များကတောင်ကြီးသို့ တိုက်ရိုက်တန်းမသွားသေးဘဲ အေးသာယာခြံတွင် မနက်စာ နေ့လည်စာစားကာ တစ်နေကုန် အနားယူ၍ ဝိုင်ကိုစိုက်ကြိုက်သောက်ပြီးမှ ညမီးပုံးပျံ ပွဲရှိရာသို့ ထွက်ကြသည်။

ခြံအတွင်းညအိပ်တည်းခိုနေထိုင်လိုသော ဧည့်သည်များအတွက် ၂၀၁၃ ခုနှစ်တွင် တည်းခိုခန်းသုံးခန်းဆောက်ပေးထားသည်။နှစ်ယောက်ခန်းဖြစ်ခြင်းကြောင့် ဧည့်သည် ခြောက်ဦးတည်းခိုနိုင်ပြီး ကုတင်အပိုထိုးပါမှ ဆယ်ဦးခန့်သာ တည်းခိုနိုင်သည်။ တောင်ကြီးမီးပုံပျံပွဲ၊ သင်္ကြန်ပွဲတော်၊ ပင်းတယဘုရားပွဲ၊ မွေတော်ကုက္ကူဘုရားပွဲ၊ အင်းလေး ဖောင်တော်ဦးပွဲတော်တို့တွင် တောင်ကြီးသို့ ခရီးသည်အဝင်များလေ့ရှိသည်။ ထိုအခါများတွင် အေးသာယာ တည်းခိုဆောင်၌ နှစ်ယောက်ခန်း တစ်ခန်းအတွက် ဒေါ်လာ ၁၈၀ ဖြင့်တည်းခိုနိုင်ပြီး ခရီးသည်အဝင်နည်းသော မိုးကာလများတွင် ၆၅ ဒေါ်လာ သတ်မှတ်ပေးထားသည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ခရီးသည်အဝင်များတတ်သည်။ ထို့အတွက် အခန်းလိုအပ်သူများအဖို့ကြိုတင်မှာကြားထားကြရသည်။တည်းခိုဆောင်မှာ စမ်းသပ်သည့်အဆင့်သာရှိသေးသည့်အတွက် များစွာ ဆောက်ထားခြင်းမရှိသေးပေ။ ခရီးသွားများ၏ စိတ်ဝင်စားမှုကိုရရှိသဖြင့် အောင်မြင်မည့် အလားအလာရှိသည့်အတွက် လာမည့်နှစ်များတွင် တည်းခိုဆောင်များ ထပ်မံတိုးချဲ့သွားပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကိုပေးသွားမည်ဖြစ်သည်။ ယင်းအတွက် အထွေထွေမန်နေဂျာတစ်ယောက်နှင့်ကူညီရန် ဝန်ထမ်းတစ်ယောက် ခန့်ထားပြီး တည်းခိုဆောင်စီမံကိန်းကို စတင်နေပြီဖြစ်သည်။ လာရောက်တည်းခိုလိုသူများအတွက် Package Tour အစီအစဉ်ရှိသည်။ ခရီးသွားနည်းသည့်ကာလတွင် Package Tour အတွက် ၁၂၀ ဒေါ်လာသတ်မှတ်ပေးထားသည်။ စပျစ်ခြံအတွင်းလိုက်လံပြသရှင်းလင်းခြင်း၊ ဝိုင်ထုတ်လုပ်မှုကဏ္ဍအစုံပြသခြင်း၊ ဝိုင်မြည်းစမ်းသောက်သုံးနိုင်ခြင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို ဒေသထွက်ရှမ်းရိုးရာအစားအစာများထည့်သွင်း၍ ဧည့်ခံခြင်းများကို ပြုလုပ်ပေးပါသည်။ အစားအစာများအတွက် ကြိုက်နှစ်သက်သည့် အမျိုးအစားကို ပြုလုပ်ပေးခြင်းဖြစ်သည်။ ဥရောပအစားအစာ၊ ထိုင်းနှင့် တရုတ်နှစ်သက်ရာ မှာကြားနိုင်သည်။ အေးသာယာ၏ ၈၀ ရာခိုင်နှုန်းသော ဖောက်သည်မှာပြည်တွင်းမှဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ ပြည်ပမှဖြစ်သည်။ ယခင်နှစ်များက အနောက်နိုင်ငံများမှ အဓိကလာရောက်ကြသော်လည်း ၂၀၁၄ ခုနှစ်တွင် အိမ်နီးချင်းထိုင်းနှင့်တရုတ်ဧည့်သည်အများစုလာရောက်ခဲ့ကြသည်။ စီးပွားရေးကိစ္စမဟုတ်ဘဲ အလည်သက်သက် လာရောက်အပန်းဖြေကြခြင်းဖြစ်သည်။ တစ်ဦးချင်းထက် မိသားစုအလိုက် အဖွဲ့လိုက် စုဝေးပြီး လာရောက်ကြသည်ကို တွေ့ရသည်။ ဒေသတွင်းနိုင်ငံများမှ စိတ်ဝင်စားမှုရှိလာသည့် အနေအထားဖြစ်သည်။ ပိုင်ရှင်မှာဂျာမန်လူမျိုးဖြစ်ခြင်းကြောင့် သူနှင့်ရင်းနှီးသည့်မိတ်ဆွေများ၊ ဧည့်သည်များအရောက်များခဲ့ခြင်းဖြစ်သည်။ ပိုင်ရှင်၏ရင်းနှီးသော မိတ်ဆွေများ၊ မိသားစုဝင်များ ရောက်လာချိန်တွင် တည်းခိုဆောင်များကို အခမဲ့အသုံးပြုခွင့်ပေးရသည်။ 


အေးသာယာ၏ ထုတ်ကုန်များထဲတွင် ဝိုင် သည်အဓိကဖြစ်ပြီး လာရောက်သည့် ဧည့်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိသည်။ နောက်ထပ်ထုတ်ကုန်အဖြစ် ဝိုင်အပြင် ဘရန်ဒီကိုပါ ထပ်မံ ထုတ်လုပ်နေသည်ကိုတွေ့ခဲ့ရသည်။ ဘရန်ဒီအတွက် ကုန်ကြမ်းကို စပျစ်ခွံများက ရရှိပြီး ထပ်မံလိုအပ်သည့်ကုန်ကြမ်း အတွက် လိုက်ချီးသီးများကို အသုံးပြုကြောင်းသိရသည်။ ဘရန်ဒီမှာ စမ်းသပ်အဆင့်သာရှိသေးသောကြောင့် ဈေးကွက်သို့ ဖြန့်ချိပေးနိုင်ခြင်းမရှိသေးပေ။ ဆိုင်အတွက် ဧည့်သည်များသောက်သုံးရန်နှင့် လက်ဆောင်အဖြစ် ဝယ်ယူသွားနိုင်ရန် ရောင်းချပေးခြင်းသာရှိသေးသည်။ နောက်ပိုင်းတွင် ဝိုင်အပြင် ဘရန်ဒီကိုပါ အေးသာယာ ခြံထွက်အဖြစ် ဖြန့်ချိပေးတော့မည်ဖြစ်သည်။ ဆိုင်အတွင်း ဧည့်သည် ၁၅၀ ခန့်ကို တပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားသည်ကိုတွေ့ရသည်။ စိုက်ခင်းသို့သွားသည့်လမ်းရေကန်ငယ်ပေါ်တွင် စားပွဲတစ်ဝိုင်းစာ ပြင်ဆင်ပေးထားသည်။ ထိုဝိုင်းမှာ လာသမျှဧည့်သည်အားလုံး၏ အကြိုက်တွေ့စရာ နေရာဖြစ်နေသည်။ သို့သော် တစ်ဝိုင်းစာသာ ခင်းကျင်းထားသည့်အတွက် ကျန်သည့် ဧည့်သည်များအတွက် အားနာစရာ ဖြစ်နေသည်။ ထိုကဲ့သို့ ရှုခင်းကောင်းသည့် စားပွဲဝိုင်းများ ထပ်တိုးပြုလုပ်နိုင်ရေး စီစဉ်နေသည်ဟု သိရသည်။ စားသောက်ဖွယ်ရာများအားလုံးလိုလိုကို ပြည်တွင်းထုတ်များဖြင့် ပြုလုပ်ပေးလျက်ရှိပြီး လိုအပ်မှသာ ပြည်ပမှ တင်သွင်းအသုံးပြုသည်။

ဆိုင်တွင် အသုံးပြုသော ကော်ဖီမှာ ပြည်တွင်းထုတ်ကို အသုံးပြုထားခြင်းဖြစ်ပြီး ပြင်ဦးလွင် အာနန္ဒာစိုက်ပျိုးရေးခြံမှဟုသိရသည်။ ပြည်တွင်းကော်ဖီစေ့များသည် ပြည်ပနိုင်ငံများမှထုတ်သော ကော်ဖီစေ့ များကဲ့သို့ အရည်အသွေးပြည့်မီမှုရှိနေသည့်အတွက် အသုံးပြုထားခြင်းဖြစ်သည်။ စိုက်ပျိုးရေးခြံကို ပြည်တွင်း ၈၀ ရာခိုင်နှုန်း ရောင်းအားဖြင့် ရပ်တည်နေသည်ဟု ဆိုသော်လည်း စိုက်ပါဝင်စားစွာလေ့လာကြသည့် သူများမှာ ပြည်တွင်းထက် ပြည်ပက ပိုများနေသည်။ နိုင်ငံခြားသားအများစုကလည်း ရောက်လေရာ စူးစမ်းကြသူများဖြစ်ပြီး မေးခွန်းများစွာ ထုတ်တတ်သူများဖြစ်နေသည်။ ထို့အတွက် ဆိုင်ဝန်ထမ်းများကို ဘာသာစကားနှင့် လုပ်ငန်းခွင်ဗဟုသုတများ ပြည်မီစေရန် မပြတ်ဖြည့်ဆည်းပေးနေရခြင်းဖြစ်သည်။မုံရွာတက္ကသိုလ်၊ ရေဆင်းတက္ကသိုလ် စသည်များမှလည်း လာရောက်လေ့လာမှုရှိသည်။ စိုက်ပျိုးရေးကျောင်းသားများ၊ စီးပွားရေးကျောင်းသားများက စပျစ်ခြံအား ပိုမိုစိတ်ဝင်စားမှုရှိသည်ကိုတွေ့ရသည်။ ကလောမြို့ မူကြိုကျောင်းတစ်ခုမှလည်း  ဆက်သွယ်လာခြင်းကို ကြုံရသေးသည့်အတွက် ကလေးငယ် များ အား စိုက်ပျိုးရေးကိုလေ့လာစေခဲ့သည်။ တစ်ဖက်မှ ဝိုင်နှင့် ဘရန်ဒီ လုပ်ငန်းသည် ကလေးငယ်များနှင့်မသက်ဆိုင်ခြင်းကြောင့် ဦးစားပေးအနေမှ ချန်လှပ်ထားပြီး ဆောင်ရွက်ပေးခဲ့သည်။ အိမ်တွင် အမှတ်တရ စိုက်ပျိုးလိုသူများအတွက် စပျစ်တစ်ပင် ၃၅၀၀ ကျပ်နှုန်းဖြင့် ပျိုးပင် ရှိနေသည့်အခါ ပြန်လည်ရောင်းချပေးသည်။ အချို့ပြည်တွင်းမှလေ့လာသူများက အမှတ်တရအနေဖြင့် စပျစ်ပင် ကို အိမ်တွင်စိုက်လိုသောကြောင့် ပြန်လည်ရောင်းချပေးခြင်းဖြစ်သည်။ 


အေးသာယာမှ ထုတ်သော White Wine နှင့် Red Wine တို့တွင် White က ပို၍ အရည်အသွေးကောင်းသည်။ စပျစ်ခူးသည့် ကာလနှင့် ချိန်စက်ပြီး ဝိုင်အမျိုးအစားခွဲကာ ချက်လုပ်ခြင်း ဖြစ်သည်။ စပျစ်သီးများကို နှစ်စဉ်မတ်လပထမပတ်မှစတင်၍ ဧပြီတွင် အပြီးခူးရသည်။ ပထမပတ်ခူးထား သော စပျစ်များသည် White Wine ချက်လုပ်ရန် အကောင်းဆုံးဖြစ်သည်။ အေးသာယာဒေသတွင်ရှိသော မြေဓာတ်သည် စပျစ်ပင်များအတွက် အရည်အသွေးကောင်းစေရန် လိုအပ်သည့် အဟာရကို ပေးနိုင်စွမ်းရှိသည် ဟု သိရသည်။ ထုံးဓာတ်၊ အက်ဆစ်ဓာတ်၊ အချိုဓာတ် တို့ မျှတစွာပေါင်းစပ်ပါဝင်သည့် စပျစ်အမျိုးကောင်းကို ရရှိသည့် အတွက် ဝိုင်ထုတ်လုပ်ရာတွင် ကောင်းမွန်ပြည့်စုံသည့် အရသာကိုရရှိစေသည်။ အရည်အသွေးကို ဦးစားပေးထုတ်လုပ်သည့်အတွက် စပျစ်သီးတစ်လုံးကအစ ဂရုတစိုက်စောင့်ရှောက်ကြရသည်။ တစ်ခိုင်တွင် တစ်လုံးတည်းက ငှက်စား၍ဖြစ်စေ အကြောင်းတစ်စုံ တစ်ရာကြောင့် အနာဖြစ်သည်ဆိုပါက ထိုအသီးကို ဖယ်ရှားပစ်ရသည်။ သို့မဟုတ်ပါက တစ်ခိုင်လုံးကိုပါ ကူးသွားတတ်သည်။ ထိုအနာပါလာသော အသီးနှင့် အခိုင်ကို ဝိုင်ဖောက်သည့်အခါ ဝိုင်ပျက်သွားတတ်သည်။ အရည်အသွေးညံ့သွားတတ်သည်။ ထို့အတွက် လုပ်သားများသည် နေ့စဉ် ခြံအတွင်းဆင်းပြီး တစ်ပင်ချင်း တစ်ခိုင်ချင်း စစ်ဆေးနေကြရသည်။ အသီးအနာတွေ့ပါက ချက်ချင်း ဖယ်ရှားရှင်းလင်းရသည်။ စပျစ်သီးခူးသည့် အချိန်တွင်လည်း အဆင့်ဆင့် စနစ်တကျ စစ်ဆေးရသည်။ အနာပါသည်ကိုတွေ့ပါက စွန့်ပစ်လိုက်ရသည်။ နှမြောနေ၍မဖြစ်ပေ။ အရည်အသွေးကောင်းရရန် ဂရုစိုက်ကြရခြင်းဖြစ်သည်။ ကလေးငယ်တစ်ယောက်ကို ယုယသကဲ့သို့ စပျစ်ပင်များကို စောင့်ရှောက် ရသည်ဟု ဆိုသည်။ ဇွန်၊ဇူလိုင်နှင့်သြဂုတ် သုံးလသည် စပျစ်ကို ဂရုအစိုက်ရဆုံးကာလဖြစ်သည်။ မှိုရောဂါကိုလည်း သတိထားရသေးသည်။ အရွက်မှတဆင့် ရောဂါဖြစ်လာခြင်းကြောင့် အရွက်များထူထပ်ခြင်း၊ အရွက်လိပ်ခြင်းကို ဖယ်ရှားသုတ်သင်ပေးရသည်။

မိုးများသည့် ကာလအတွင်း ဂရုစိုက်ပါမှ လာမည့် စက်တင်ဘာတွင် အသီးဖြိုင်ဖြိုင်သီးမည်ဖြစ်သည်။ စက်တင်ဘာသည် စပျစ်အသီးဆုံးလဖြစ်သည်။ စပျစ်ပင်စိုက်ပျိုးသည်မှစကာ ဝိုင်ပြုလုပ်ပြီး ပုလင်းသွင်းသည့်အဆင့် အထိ အေးသာယာ စိုက်ပျိုးရေးခြံအတွင်းသာ အစအဆုံးဆောင်ရွက်ခြင်းဖြစ်သည်ကိုတွေ့ရသည်။ ဝိုင်သည် ရာသီဥတုပေါ်တွင်လိုက်ပြီး အရသာ အပြောင်းအလဲဖြစ်တတ်သည့်အတွက် အေးသာယာကဲ့သို့ စပျစ်ကြိုက်သည့် မြေနှင့် ရာသီဥတု ရှိနေ သည့်နေရာတွင် အစဆုံးထုတ်လုပ်ရခြင်းကြောင့် များစွာအားသာချက်ဖြစ်စေပြီး အရည်အသွေးပြည့်မီမှု ရှိနေစေတော့သည်။ စပျစ်ပင်မှ အသီးကို ခူးဆွတ်လိုက်ပြီးသည်နှင့် ၅ ဒီဂရီစင်တီဂရိတ်ရှိသော အအေးခန်း အတွင်း တစ်ရက်သွင်းထားရသည်။ ပြင်ပမှဝင်ရောက်လာမည့် မမြင်ရသော ပိုးမွှားများကို အအေးခန်းတွင်း သွင်းကာ သတ်လိုက်သည့်သဘောဖြစ်သည်။ အအေးခန်းတွင်းမှ နောက်ရက်တွင်ထုတ်ကာ အညှာချွှေ ရသည်။ ကြိတ်ခွဲစိတ်ဖြင့် ကြိတ်ကာ ဖိစက်အသုံးပြုပြီး အရည်ညှစ်သည်။ လှောင်ကန်အတွင်းခုနှစ်ရက်တစ်ပတ် သိုလှောင်၍အချဉ်ဖောက်ရသည်။ လှောင်ကန်မှ အချဉ်ဖောက်ထားသည့် ဝိုင်ကို သစ်သားစည်အတွင်း စနစ်တကျပြောင်းထည့်ကာ လှုပ်ခတ်မှုမရှိအောင်ငြိမ်သက်စွာ သိုလှောင်ထားပြီး ဝိုင်ကို ထုတ်လုပ်သည်ဟု သိရသည်။


စိုက်ပျိုးရေးကို တိုးချဲ့သည့်အနေဖြင့် ၂၀၁၄ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်း  ကျပ်နဲရွာတွင် ရွာကျောင်းဆရာတစ်ယောက်၏ ဆက်သွယ်မှုဖြင့် ရွာသားများနှင့် ချိတ်ဆက်လုပ်ကိုင် ဖြစ်ခဲ့သည်။ ရွာသားများကို စိုက်ပျိုးနည်းလမ်းများ ပျိုးပင်ပြုစုနည်းများအား စနစ်တကျသွားရောက်သင်တန်း ပေးကာ ကန်ထရိုက် စနစ်ဖြင့်အလုပ်အပ်ခဲ့သည်။ တစ်ပတ်အတွင်း ပျိုးပင် ၆၀၀၀ မှ ၁၀၀၀၀ ကျော်အတွင်း လာရောက် ပေးပို့နိုင်ကြသည်။   ဒေသခံများလည်း အလုပ်အကိုင်ရသလို ခြံအတွက်လည်း ပျိုးပင်များရရှိ စေသည့်အတွက် ကန်ထရိုက်စိုက်ပျိုးရေး စနစ်အောင်မြင်နေသည်။ စပျစ်ပင်သည် မိုးကိုကြောက်သည့်  အပင်မျိုးဖြစ်ကာ နေရောင်ကောင်းစွာလိုအပ်သည်ကိုတွေ့ရသည်။ စစ်ကိုင်းတိုင်းသည် ထိုရာသီမျိုး ဖြစ်ခြင်းကြောင့် ပျိုးပင်များအောင်မြင်မှုရှိသည်။ ပို့ချပေးသော စိုက်ပျိုးရေးနည်းစနစ်များကိုလည်း အတိအကျ လိုက်နာကြခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေသည်။ 


အေးသာယာ၏အနာဂတ်နှင့် ပတ်သက်၍ လေ့လာစူးစမ်းကြည့်ရာတွင် လက်ရှိအောင်မြင်မှုလမ်းစပေါ် ရောက်နေသော စပျစ်ခြံကို များစွာဂရုစိုက်သွားမည်ဖြစ်ပြီး ဝိုင်ထုတ်လုပ်ရေးကိုလည်း အကောင်းဆုံးလုပ်ဆောင်သွား မည်ဟုသိရသည်။ မန္တလေးတိုင်းဒေသကြီး မိထ္ထီလာတွင် စပျစ်ခြံတစ်ခုထပ်မံစိုက်ပျိုးနိုင်ရေးအတွက် အစိုးရထံမှ နှစ်ရှည်မြေငှားရမ်းနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ မြေရရှိပါက စပျစ်ခြံနှင့်အတူ ယခုကဲ့သို့ ဝိုင် စက်ရုံကိုပါ တည်ထောင်သွားမည်ဖြစ်ပြီး စပျစ်ဝိုင်ကို အဓိကထားသည့် စားသောက် ဆိုင်တစ်ခုဖွင့်လှစ်ပေးကာ ဧည်သည်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဟု ပိုင်ရှင်ဖြစ်သူ မစ္စတာဘတ် က ပြောပြပါသည်။ မိထ္ထီလာ သည် မြန်မာပြည် အလယ်ပိုင်းတွင်ရှိသည့် လမ်းဆုံမြို့ကြီးဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်တို့နှင့် ဆက်စပ်မိနေသည့် လမ်းဆုံမြို့ဖြစ်နေသည့်တိုင် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားဖွယ်ရာနေရာ မဟုတ်သည့်အတွက် တကူးတကအသွားအလာနည်းနေသည်ကို တွေ့ရသည်။ ထို့အတွက် အေးသာယာခြံ ကဲ့သို့ပြည်တွင်းပြည်ပဧည့်သည်များ စိတ်ဝင်တစားလာရောက် လေ့လာလည်ပတ်နိုင်စေရေး ကြိုးပမ်းခြင်းဖြစ်သည်။ ထို့အတူ ပြည်ပမှတင်သွင်းနေသည့် Monte Vino ဝိုင်ကို ပြည်တွင်းတွင် ထုတ်လုပ်ရန် နေရာသစ်တစ်ခု ဖန်တီးခြင်းဟုဆိုလျှင်လည်းမမှားပေ။ ခြံမှစိုက်ပျိုးထားသည့် စပျစ်ကို အေးသာယာဝိုင်အဖြစ် ထုတ်လုပ်နေရသဖြင့် Monte Vino ကို ပြည်ပမှ တင်သွင်းနေခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်၊ ပြည်ပမှတင်သွင်းသည့်အတွက် အခွန်အခများကုန်ကျမှုရှိနေသည်။ မိထ္တီလာတွင် မြေထပ်မံရပြီး စပျစ်စိုက်ခွင့်ရပါက နောက်ထပ် ဝိုင်တစ်မျိုးထုတ်လုပ်နိုင်မည်ဖြစ်သလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နေရာကောင်းတစ်နေရာပေါ်ထွန်းလာမည်ဖြစ်ပေသည်။ ရန်ကုန်၊ မန္တလေးနှင့် နီးစပ်သည့် ဒေသဖြစ်ခြင်းကြောင့် စက်ရုံနှင့်စိုက်ပျိုးရေးခြံ တည်ထောင်ခွင့်ရမည်ဆိုပါက ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်သော ဝိုင်များကို စားသုံးသူလက်အတွင်းသို့ ပိုမိုပေးပို့သွားနိုင်မည်ဟု ဆိုသည်။


စိုက်ပျိုးရေးခြံအတွင်း စပျစ်ပျိုးပင်များ၊ အသီးများပြွတ်ခဲနေအာင်သီးနေသည့် အောင်မြင်ဖြစ်ထွန်း နေသော အပင်များကို ကြည့်ရှု့လေ့လာဖြစ်ခဲ့သည်။ ခြံမှ တာဝန်ရှိသူအစ်မကလည်း မမောနိုင် မပန်းနိုင် စိတ်ရှည်ရှည်ဖြင့် ကဏ္ဍတစ်ခုချင်းအလိုက် လိုက်လံရှင်းပြပေးသည်။ ဧည့်ခံသည့် ပြင်ဦးလွင်ထွက် ကော်ဖီခါးခါး ကလည်း နောက်တစ်ခါ လာလည်ချင်စရာ အရသာကိုပေးသည်။ အခမဲ့မြည်းစမ်းခွင့်ရသော စပျစ်ဝိုင် လေးခွက် ၏ ရီတီတီ ခံစားမူက အေးမြသည့် ရှမ်းတောင်ပိုင်းမြို့ကလေး အေးသာယာ စိုက်ပျိုးရေးခြံ အား အပြန်လမ်း တစ်လျှောက်လုံးပို၍ အမှတ်တရ ဖြစ်စေပါကြောင်း ရေးသားလိုက်ရပါသည်။


စိုက်ပျိုးရေးခြံအတွင်းလိုက်လံရှင်းပြ၍ လိုအပ်သည်များကို အကူအညီပေးပါသော မအိ (စားသောက် ဆိုင် စီမံခန့်ခွဲရေးမန်နေဂျာ) အား အထူးကျေးဇူးတင်ရှိပါသည်။

လင်းထက်သာ 


Read 1906 times.