Eating Tips

တာမွေမှာ ဈေးသက်သက်သာသာနဲ့ စားလို့ရတဲ့ မော်လမြိုင် မြန်မာထမင်းဆိုင် .

December 6, 2019

<> ရုံးနားက ဆိုင်တွေမှာ စားရတာငြီးငွေ့နေသူတွေ ၊ အိမ်ချက်ကောင်းကောင်းစားချင်သူတွေ ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ ကိုယ်တွေ ကတော့ ရုံးနားကဆိုင်မှာ ငြီးငွေ့ ချက်က (နိုင်း) လောက်ရှိတယ်။ အမယ်မစုံတော့ နေမကောင်းတဲ့သူ ကြနေတာပဲ စားရတာ ၊ ကြာတော့ ငြီးငွေ့လာတယ်။ မြန်မာထမင်းဟင်းကောင်းကောင်း ကိုလဲ Crazy ဖြစ်တာကိုး။


ဒီလိုဆိုရင်တော့ ……..

<> အရသာလည်းကောင်းရမယ်၊ ငပိရည်၊ တို့စရာ အစုံအလင်နဲ့ မြိန်ယှက်စွာ စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားလိုက်ပါနော်။မြန်မာထမင်းဟင်းကောင်းကောင်းကို အတို့မြုပ်စုံလင်စွာ ဈေးသက်သက်သာသာ စားလို့ရတဲ့ မော်လမြိုင် ထမင်းဆိုင်လေးပါ။ မော်လမြိုင်ဆိုင်ဆိုပေမဲ့ မြန်မာထမင်းဆိုင်လေးပါ။


<> အရင်က ဂွတ်တလစ် ဈေးကွေ့မှာ (၅) နှစ်ဖွင့်ခဲ့တာဖြစ်ပြီး ခု တာမွေမှာ လက်ရှိ (၅) နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ဆိုင်လေးပါ။

<> ဆိုင်လေးက သီတာလမ်းထဲမှာ ရှိပြီး သီတာကားမှတ်တိုင်ကနေ သီတာလမ်းအတိုင်းဝင်လာမယ်ဆိုရင် ၁ မိနစ် သာသာလေး လမ်းလျှေက်လိုက်ရင် ရောက်ပါပြီ။ဆိုတော့ သွားရလာရတာ လွယ်ကူတဲ့ နေရာမှာ ရှိပါတယ်။

<> အဲ လမ်းမှာတော့ နာမည်ကြီး ကိုမျိုး ဝက်သားတုတ်ထိုး ဆိုင်ရှိပြီး ဝက်သားတုတ်ထိုး crazy တွေ ဆိုရင်တော့ ဆိုင်ကိုတော့ မနည်း ကျော်လာရမှာပေါ့နော်။ သူဆိုင်လေးကျော်လာရင်တော့ “ ဟော တွေ့ပါပြီ “ မော်လမြိုင် ထမင်းဆိုင်လေးပါ။ ဆိုင်က မြေညီထပ် အောက်ထပ်တစ်ခြမ်းထဲ မှာ ဖွင့်ထားတာဆိုတော့ အကျယ်ကြီး မဟုတ်ပေမယ့် စားပွဲဝိုင်းကတော့ အသင့်အတင့် များပါတယ်။ အပြင်မှာ စားပွဲ နှစ်ခုံဆက် နှစ်ဝိုင်းရှိပြီးတော့ အထဲမှာ စားပွဲ (၈)လုံးလောက်ရှိပါတယ်။ လူကြိုက်များတဲ့ ဆိုင်ဖြစ်တဲ့ အတွက် နေ့လည် ထမင်းစားချိန် ဆိုရင်တော့ လူကတော့ များနေတတ်ပါတယ်။

<> ဆိုင်ရှေ့က ဝိုင်းလေးကတော့ အပင်ရိပ်လေးရှိတော့  ကိုယ်တွေကတော့ အပြင်မှာပဲထိုင်ဖြစ်တယ်။ ရောက်တယ်ဆိုရင်ပဲ ဖော်ရွေလှတဲ့ စားပွဲထိုး ဝန်ထမ်းကောင်မလေး တွေက လာရောက်ကြိုဆိုပါလိမ့်မယ်။ ဟင်းတွေထည့်ထားတဲ့ မှန်ဘောင်တွေက ဆိုင်ခန်းအဝင်တစ်ခြမ်းမှာရှိပြီး အမျိုးအစားစုံလင်လှတဲ့ ဟင်းလျာများကို စိတ်ကြိုက်ရွေးမှာကာ စားသောက်နိုင်ပါတယ်။ ဟင်းတွေက များတော့ ကိုယ်တွေ ဆိုရင်တော့ သိပ်မရွေးတတ်တော့ဘူး။ စားချင်တာကများနေတာကိုး။


<> အရံဟင်းကလဲ ကိုယ်စိတ်ကြိုက် “ ကြက်ဟင်းခါးသီးကြော်၊ ကန်စွန်းရွက်ကြော်၊ ရာသီပေါ်ချိန်ဆို သခွားသီးသုပ် ပေါ့နော် “ စသဖြင့် အဆင်ပြေရာ အရံဟင်း တစ်ခွက် ရရှိမှာပါ။ အကြိုက်ဆုံးကတော့ အမယ်စုံတဲ့ တို့စရာ၊ ငပိရည် ပန်းကန် ဗန်းလေးပေါ့နော်။ ငပိရည်ကို ငရုပ်သီးစိမ်လေးထောင်း၊ ငါးလေးဖျော် ၊ ငါးရုပ်သီးအကျက်မှုန့် အနည်းငယ်နဲ့ ဖျော်ထားတဲ့ မပေါ့မငန် အနေတော် ဖြစ်ပြီး ငပိရည် နှင့် အတို့ အမြုပ် ကြိုက်သူတွေ အတွက်ဆိုရင် ရှယ် ဂွတ်ပဲနော်။ သခွားသီးလေးကိုလဲ အစပ်ပြေကိုက်စားလို့ရသလို၊ ပဲပင်ပေါက်ပြုတ်လေးနဲ့ မြုပ်စားလိုက်နဲ့ တော့ “ အားပါး မိုက်မှ မိုက်ပဲ “ ။

<> ဟင်းတွေက တော်တော်များများ အစုံအလင်ရနိုင်ပြီး ရာသီပေါ် ဟင်းလျာများပါ ရပါတယ်။အရသာကတော့ ကိုယ်တွေ စားခဲ့တယ် ဝက်သားကြော်၊ ငါးဟင်းလေးဟာဆိုရင် မြန်မာထမင်းဟင်းကြိုက်သူတွေ ဆိုရင်တော့ မဆိုးလှတဲ့ လက်ရာပါ။ ဆိုင်ချက်ဆိုပေမဲ့ စားနေကြ လက်ရာထဲကမှ ကွဲထွက်သွားတဲ့ အိမ်ချက်လက်ရာလေးပါ။ လိုက်ပွဲများများဆွဲမဲ့ လက်ရာဆိုတာကတော့ သေချာပါတယ်။ ကိုယ်တွေအဖွဲ့ ထဲက အစားနည်းတဲ့ သူတောင် အဲ့ဒီနေ့က (၂) ပွဲ လိုက်ပွဲ ဆွဲခဲ့သေးတယ်။

<> လိုက်ပွဲမှာမလား .. ရေခဲရည်သောက်မလား ..လူများနေပေမယ့် (၇)ယောက်လောက်သာ ရှိတဲ့ ဝန်ထမ်းလေးတွေက မြန်ဆန်စွာ ဝန်ဆောင်မှုပေးမှာပါ။ ကောင်တာက အန်တီကြီးကလဲ ကြည့်ရှုပြီး လိုအပ်တာတွေကို ဘေးကနေ မှာကြားနေတာနော်။

<> ဈေးနှုန်းကတော့ အနိမ့်ဆုံး (၁၂၀၀) ကျပ် ကနေ (၁၅၀၀) လောက်အထိပဲရှိပြီးတော့ လိုက်ပွဲက တစ်ပွဲမှ (၂၀၀) ကျပ်ထဲပါ။ ဒီခေတ်ဒီခါမှာတော့ မများလှတဲ့အထဲမှာပါပါတယ်နော်။ မြန်မာထမင်းဟင်းကို တို့မြုပ်အစုံအလင်နဲ့ ဈေးသက်သာစွာ လက်ရာကောင်းကောင်း စားရမဲ့ ဆိုင်လေးပါ။ မြန်မာထမင်းဟင်း ကောင်းကောင်းကို ကြိုက်တတ်တဲ့ ကိုယ်တွေကတော့ မကြာမကြာလာဖြစ်ပါတယ်။


<> အော် ဆိုင်ဖွင့်ချိန်လေးက မနက် ၈ နာရီ လောက်ကနေ ည ၁၀ လောက်အထိ ဖွင့်တာဆိုတော့ ညဖက် ဆိုလဲ ဝင်ရောက်စားသောက်လို့အဆင်ပြေပါတယ်။

<> ဆိုင်အမည်လေးက ယဉ်ယဉ်ချို မော်လမြိုင် (မြန်မာထမင်းဆိုင်) လေးပါနော်…သီတာလမ်းထဲကို ဖြစ်ဖြစ် ပလာဇာ၊ မင်္ဂလာဈေးနား ရောက်ခဲ့ရင် သွားရောက်စားသောက်ကြည့်သင့်ပါတယ်နော်။

<> ဆိုင်နဲ့နီးတဲ့ ရုံးသမားတွေဆိုလဲ နေ့လည်နေ့ခင်း မြန်မာထမင်းဟင်း ကောင်းကောင်းစားချင်ရင်တော့ သီတာလမ်းကို အပြေးလေးသာ သွားလိုက်တော့နော်။


#မော်လမြိုင်မြန်မာထမင်းဆိုင် (ယဉ်ယဉ်ချို)
Address : 19, Thidar St., Kyauk Myaung Gyi Ward,Tarmwe Township.
Ph No :01554004, 095070876


The Restaurant Guide for Myanmar


Read 894 times.