Up to 60% OFF

ခရမ်းချဉ်သီးပန်ထွေဖျော်

November 30, 2019

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး သက်သတ်လွတ် ဟင်းလျာတစ်မျိုးဖြစ်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ...

ခရမ်းချဉ်သီး၊

ကြက်သွန်နီ၊

ကြက်သွန်ဖြူ၊

ငရုတ်သီးစိမ်း၊

ငရုတ်သီးအလှော်ထောင်း၊

ပဲပုပ်၊

ဆား၊

ဟင်းခတ်မှုန့်နှင့်

ပူစီနံတို့ လိုအပ်ပါတယ်။


ပြုလုပ်နည်း

========

ပထမဆုံး ခရမ်းချဉ်သီး၊ ပူစီနံ၊ ငရုတ်သီးစိမ်းတို့ကို ရေးဆေးပြီး ရေစစ်ထားပါ။ ခရမ်းချဉ်သီးကို မီးဖုတ်ရင်လည်းရသလို၊ ပြုတ်ရင်လည်းရပါတယ်။


ပြီးလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံနွှာပြီး ရေဆေးထားပါ။ ကြက်သွန်နီကို မထူမပါးလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။


ပဲပုပ်တစ်ချပ်ကိုလည်း ဟိုဘက်ဒီဘက်လှန်ကျက်အောင် မီးကင်ပြီး မညက်တညက်လေး ထောင်းထားပါ။ငရုတ်သီးစိမ်းကိုလည်း မထူမပါးလှီးပြီး ပူစီနံကိုလည်း အညွန့်လေးတွေ ချွေပြီးထည့်ပါ။ပူစီနံ မကြိုက်တဲ့သူတွေကတော့ နံနံပင် ဒါမှမဟုတ်ကြက်သွန်မြိတ်ထည့်လို့ရပါတယ်။


ပြုတ်ပြီးသား ခရမ်းချဉ်သီးရပြီဆိုရင် အအေးခံ၊ ပြီးလျှင်အပြင်က အခွံလေးကို နွှာ၊ အသားတွေကို ဇွန်းလေးနဲ့အသာအယာခြစ်ယူပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။


ပြီးတော့ ထောင်းထားတဲ့ ပဲပုပ်လေးကိုထည့်၊ မထူမပါးလှီးထားတဲ့ ကြက်သွန်နီနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်၊ လှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေထည့်၊ ငရုတ်သီးအလှော်မှုန့်လေးထည့်၊ ဟင်းခတ်မှုန့်လေးထည့် ပူစီနံအုပ်ပြီး မွှေရပါမယ်။


ပဲပုပ်ထောင်းနံံ့သင်းသင်းလေး၊ အရသာချဉ်ပြုံးပြုံးလေးနဲ့ သက်သတ်လွတ် ခရမ်းချဉ်သီး ပန်ထွေဖျော်လေးကို တို့စရာအစုံအလင်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။


Read 308 times.