Eating Tips

လကုန်ခါနီးပြီဆိုတော့ သက်သက်သာသာ စားကြမယ်..

November 19, 2019

ချစ်တို့ရေ ...

လကုန်ခါနီးပြီဆိုတော့ သက်သက်သာသာ စားကြမယ်

စားသောက်ဆိုင်သစ်လေးပေါ်တာနဲ့ စိတ်ဝင်စားတတ်တဲ့ အက်မင်တို့
အခုတလော Facebook မှာ ကတ်ကြေးကိုက် နာမည်ကြီးနေတဲ့ ရန်ကင်းနားက ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်။ သူ့ ဆိုင်နာမည်က Yangon Street Food Market ရန်ကုန် စတွိ(ထ်)ဖု(ဒ်)မားကတ် တဲ့...

လက်ဖက်ရည်၊ကော်ဖီတွေနဲ့ ရိုးရာအစားအစာကအစ နံနက်ခင်းစာ၊ တောင်ကြီးစာ၊ အိန္ဒိယစာ၊ တရုတ်စာ၊ BBQ / အကင်နဲ့ Street Food မှာ မြင်တွေ့နေရတဲ့ စားသောက်ဖွယ်ရာတွေအကုန် တစ်နေရာတည်းမှာ မိုးလုံလေလုံ ကျယ်ဝန်းသပ်ရပ်ပြီး စုံလင်စွာ စားသုံးနိုင်တဲ့ဆိုင်မျိုးမို့... Note ထဲမှာ တေးမှတ်ပြီး မပျက်မကွက် သွားစားကြည့်သင့်တာတော့ အသေချာပဲ...

အက်မင်တို့ကတော့ သူငယ်ချင်းနှစ်ယောက် ၀၀လင်လင်နဲ့
ဗိုက်လည်းပြည့် မျှစားလို့လည်း အဆင်ပြေအောင် ဒီလိုလေးတွေ မှာစားဖြစ်ခဲ့တယ်...

ကတ်ကြေးကိုက်
မြိတ်ကတိုက်ရိုက်တင်သွင်းတဲ့ ပအုန်းရည်စစ်စစ်နဲ့လုပ်ထားလို့ မြိတ်ကတ်ကြေးကိုက်နံ့လေးဟာ မစားရသေးခင်မှာပဲ လူကိုဆာလောင်လာစေတော့တယ်... ၁၅၀၀တန်လို့သာဆိုတယ်... မနည်းဘူးဗျ... သူငယ်ချင်းနှစ်ယောက်မျှစားကြတာ၊ အတော်လေးစားကောင်းတယ်... ကတ်ကြေးကိုက် ပူပူနွေးနွေးလေးနဲ့ တွဲစားတဲ့အချဉ်လေးကလည်း ဂွတ်တယ်... မြိတ်ကတ်ကြေးကိုက်အရသာထိတယ်၊ အစပ်အဟပ်မိလို့ အက်မင်တို့တော့ အကြိုက်တွေ့ကြောင်းနဲ့  Recommend ပေးတယ်ဗျ...

ပုဇွန်ကွက်ကြော်သုပ်
ပုဇွန်ရဲ့ အရသာလေးကလည်း ပေါ်လွင်ပြီး ပဲပင်ပေါက်လေးတွေကို လည်း ကြွပ်ကြွပ်လေးကြော်ထားတယ်...သူနဲ့ တွဲစားရတဲ့အချဉ်လေးကလည်း မန်ကျည်းချဉ်လေးကလည်း ကောင်းတယ်ဗျ... အဆာပြေပဲစားစား၊ ဗိုက်ဆာလို့ပဲစားစား အဆင်ပြေနိုင်တဲ့ ဒီပုဇွန်ကွက်ကြော်လေးကတော့ အတော်လေးမိုက်တယ်... အက်မင်တော့ ကြိုက်တယ်ဗျ

မာလာ အာလူး
မာလာအာလူးမှာတော့ ဆီနည်းနည်းများပြီး မာလာအရသာသိပ်မပေါ်လွင်ဘူးဗျ... အစပ်အရသာချည်းပေါ်လွင်နေတာထက်စာရင် မာလာအနှစ်လေးနည်းနည်းများခဲ့ရင် ပိုကောင်းသွားမှာဗျ...

ဖာလူဒါ
ဖာလူဒါလေးကတော့ တစ်ခုခုကို လိုနေသလိုလိုနဲ့ ပုလဲသီးလည်း များတော့ ပိုက်နဲ့စုပ်သောက်မရ၊ ဇွန်းနဲ့ ဖဲ့စားမရ အတော်လေးတော့ ကသိကအောင့်ဖြစ်ရတယ်ဗျ... Rose Syrup နည်းနည်းများသွားလို့လားမသိ၊ ချဉ်တဲ့အရသာလေးဘက် ရောက်သွားတယ်...

ဆးကုလားမ သံပုရာရည်
ဆေးကုလားမက ဆီးရွှင်တယ်၊ ဆီးလမ်းကြောင်းသန့်စင်တယ်၊ သံပုရာက စိတ်ကို ကြည်လင်လန်းဆန်းတယ်ဆိုတော့... သူတို့ နှစ်ခု ပေါင်းသောက်လိုက်တော့ အထက် အောက် တစ်ကိုယ်လုံး ကောင်းပြီပေါ့ဗျာ... ဆေးကုလားမအဖတ်လေးတွေနည်းတော့ သံပုရာအချဉ်ဓါတ်လေးခံစားပြီး သောက်ရတယ်... ဒါပေမယ့် မဆိုးပါဘူး၊ သောက်လို့ ကောင်းပါတယ်...

 အဲ့ဆိုင်ရဲ့ အားသာချက်က သွားရလာရ အဆင်ပြေတဲ့ မိုးကောင်းလမ်းမကြီးပေါ်မှာ တည်ရှိတာရယ်၊ အစားအစာတွေ စုံစုံလင်လင် တစ်နေရာတည်းမှာ ရတာရယ်အပြင်၊ မိုးလုံလေလုံပြီး ကျယ်ဝန်းတယ်၊ နောက်ပြီး ဈေးလေးတွေကလည်း အဆင်ပြေပြီး စားဖွယ်တွေလည်း လက်ရာကောင်းတယ်။ ဒီတော့ သူငယ်ချင်းတွေ စုဆုံပြီး chill လုပ်တာပဲဖြစ်ဖြစ်၊ မိသားစုတွေ အပြင်မှာ ထွက်စားတဲ့အခါပဲဖြစ်ဖြစ် ရွေးချယ်စရာ နေရာကောင်းလေးဆိုရင်တော့ မမှားဘူးပေါ့ဗျာ...

ဒီဆိုင်က စီလုံတီးနဲ့ အညာမုန့်ဟင်းခါးလည်း အတော်ကောင်းတယ်ပြောကြတယ်။ နောက်မှ ထပ်လာပြီး မြည်းစမ်းစားသုံးရဦးမယ်၊ အခုတော့ လကုန်ရက်နားနီးတော့ Budget တွက်ပြီးစားနေရတယ် ..

 သန့်ရှင်းမှု - 5/ 5
 အရသာ - 4 / 5
 ဝန်ဆောင်မှု - 5/ 5
 နေရာထိုင်ခင်း - 5 / 5
 ဈေးနှုန်း - 4 / 5

ဆိုင်အမည် - Yangon Street Food Market
ဆိုင်ဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၁၁ နာရီ ထိ (ပိတ်ရက်မရှိ)
ဆိုင်လိပ်စာ - အမှတ် (၁၃၁)၊ သစ္စာလမ်းမကြီး၊ အောင်ကောင်းစံလက်ဖက်ရည်ဆိုင် နှစ်အိမ်ကျော်၊ Car Mate ဘေးကပ်လျက်၊ သံလမ်းမှတ်တိုင်အနီး ၊တောင်ဥက္ကလာပမြို့နယ်။
ဆိုင် FB Page - www.facebook.com/YangonStreetFoodMarket
Credit #အစားတစ်လိုင်း


Read 307 times.