Up to 20% OFF

သင့်တသက်တာ အကျိုးရှိစေမယ့် ကြက်သွန်ဖြူအကြောင်း

October 10, 2019

ကြက်သွန်ဖြူ၏ အဟာရတန်ဖိုးများနှင့် ဆေးဘက်ဝင်အသုံးပြုပုံ
======================================

ကြက်သွန်ဖြူကို အရွယ်အစားအမျိုးမျိုးနဲ့ တွေ့ဖူးကြမှာပါ။ ကြက်သွန်ဖြူ ဖြူဖွေးဖွေးလေးတွေက အင်မတန် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။ ကမ္ဘာတစ်ဝန်း လူတိုင်းကြိုက်နှစ်သက်ပြီး ဟင်းလျာများနှင့် အစားအစာများ ချက်ပြုတ်ရာမှာ ကြက်သွန်ဖြူကို ကျယ်ပြန့်စွာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။

အနံ့အရသာက တစ်မျိုးဖြင့် ဥတစ်လုံး၊ အမြွှာတက်များ၊ အလုံးအသေးအကြီး၊ လုံးဝန်းသောအလုံး၊ ပိန်ရှည် ရှည်အရွယ်နှင့် အနံ့အရသာကလည်း တစ်မျိုးနဲ့တစ်မျိုး အနည်းငယ် မတူညီဘဲ ရှိတတ်ပါတယ်။ ကမ္ဘာတစ်ဝန်း အိမ်တိုင်း အိမ်ရှင်မတိုင်းရဲ့လက်စွဲ အနံ့အရသာအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းမွန်အထောက်အကူပြုသော ကြက်သွန်ဖြူက ဟင်းပွဲတိုင်းမှာ ပါစမြဲပါ။

ကမ္ဘာတစ်ဝန်းရှိ စားဖိုမှူးများရဲ့ မီးဖိုချောင်မှာ အရွယ်အစား မျိုးစုံဖြင့် ပစ္စည်းမပြတ်အောင် ရှိစေတာက ကြက်သွန်ဖြူပဲ ဖြစ်ပါတယ်။ ယခုခေတ်အခါမှာ ဟင်းပွဲတွေတင်မက အချိုပွဲ၊ ပေါင်မုန့်၊ ကိတ်မုန့်ခြောက်၊ အရည်သောက်၊ အာဟာရဓာတ်ဖြည့် အရည်များတွေထဲမှာလည်း ပါဝင်ထည့်သွင်း အသုံးပြုကြပါတယ်။

ကြက်သွန်ဖြူ နှင့်အလှအပ ပစ္စည်း

=======================    

အလှအပပစ္စည်းများနဲ့ ဆပ်ပြာတွေထဲမှာလည်း ကြက်သွန်ဖြူကို ထည့်သွင်းပြုလုပ်လာကြပါတယ်။ ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြ သော သုတေသန စမ်းသပ်ချက်များအရ ကြက်သွန်ဖြူဟာ ရောဂါပိုးအမျိုးမျိုးကို သေစေကြောင်းတွေ့ရှိခဲ့ပြီး ဖြစ်ပါ တယ်။ ကြက်သွန်ဖြူဟာ အအေးမိ၊ နှာစေးခြင်း၊ လည်ချောင်းနာ၍ ဖျားနာခြင်း၊ အာသီးရောင်ခြင်း၊ တုပ်ကွေးမိခြင်းကို အမြန်ပျောက်ကင်းစေပါတယ်။

ကြက်သွန်ဖြူမြွှာများကို ဟင်းချက်ရာမှာ အနံ့အရသာ အမွှေးအကြိုင်အဖြစ် မပါမဖြစ်အရေးပါသလို ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးစွမ်းတစ်လက် ဖြစ်တာကြောင့် နေ့စဉ် စားသုံးချက်ပြုတ်သော ဟင်းပွဲနဲ့ အစားအစာများထဲမှာ ပါဝင်ထည့်ချက်ဖို့ အရေးကြီးပါတယ်။ နေ့စဉ်နေ့တိုင်း အချိန်မရွေး အလွယ်တကူ ရရှိနိုင်သော ကြက်သွန်ဖြူက ကျန်းမာရေးအတွက် သင့်တင့်သော အထောက်အကူများ ပေးစွမ်းနိုင်တာကြောင့် ဒီလရဲ့Health Benefits မှာ Benefits of Garlic article နဲ့အတူ Oven Roasted Garlic လုပ်နည်းလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။


ကြက်သွန်ဖြူရဲ့သမိုင်း
====================

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ဝ၀ ကျော်ကတည်းက အာရှတိုက် အလယ်ပိုင်းမှာပဲ ပေါက်ရောက်ခဲ့တဲ့ ကြက်သွန်ဖြူ ဟာ ယခုဆိုရင် ကမ္ဘာပေါ်မှာ အသုံးအတွင်ကျယ်ဆုံး ဟင်းခတ်အမွှေးအကြိုင်များထဲက တစ်ခုဖြစ်နေပါပြီ။ ကြက်သွန်ဖြူကို မီးဖိုချောင်သုံးအနေနဲ့သာမက ဆေးဖက်ဝင် အပင်အနေနဲ့ အီဂျစ်လူမျိုးများက စတင်သုံးစွဲခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားသော သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားချက်အရ ကြက်သွန်ဖြူအပင်များဟာ အလေ့ကျပေါက်ပွားပျံ့နှံ့ပါတယ်။ ယခုအခါမှာ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ ကြက်သွန်ဖြူစိုက်ပျိုးနှုန်း အများဆုံးနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ အတွင်းသာမက တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချပါတယ်။ ကြက်သွန်ဖြူကို သိပ္ပံနည်းကျ လက်တွေ့ဓာတ်ခွဲပြီး သုတေသနများစွာ လုပ်ကြည့်တဲ့အခါမှာ ကောင်းကျိုးအာနိသင်များစွာပါရှိကြောင်း တွေ့ရပါတယ်။


ကျန်းမာရေးအတွက် အထောက်အကူပြုပုံ
========================

ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးဝါးရှာဖွေရေးအဖွဲ့ရဲ့ လေ့လာမှု အချို့အရ ကြက်သွန်ဖြူကို မှန်မှန်စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် Triglyceride ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်း၊ အများအလိုက် လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ အခုလို ကိုလက်စထရော လျှော့ချပေးမှုကြောင့် နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖြန်းရောဂါများ၊ ကင်ဆာရောဂါများစတဲ့ ရောဂါအတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးရာ ရောက်ပါတယ်။
အသက်အရွယ်ရလာခြင်း၊ သွေးတိုးရောဂါကို စနစ်တကျ ကုသမှုမရှိခြင်း၊ သွေးတိုးရောဂါရှိနေမှန်း မသိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် သွေးထဲက အဆီတွေ သွေးကြောနံရံမှာ အနည်ကျလာကာ သွေးကြောနံရံ ပိတ်လာခြင်း ရောဂါ (Atherosclerosis) ကို ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် တားဆီးပေးနိုင်တဲ့ အာနိသင် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာပါဝင်တဲ့ Ajoene ဒြပ်ပေါင်းဟာ သွေးခဲ ဖြစ်ပေါ်ပိတ်ဆို့မှုကိုလည်း ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူဟာ သွေးကြောတွေ ကျုံ့ပြီး သွေးပေါင်တက်စေတဲ့ Angiotensin II ဆိုတဲ့ အဲန်ဇိုင်းရဲ့ အာနိသင်ကို ပိတ်ဆို့ပြီး သွေးပေါင်တက်နေခြင်းကို ထိန်းညှိလျှော့ချနိုင်စွမ်းရှိသလို ဆာလဖာ (ကန့်) ပါဝင်သော Polysulfides ဒြပ်ပေါင်းများက သွေးကြောများကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာတွေ့ရပါတယ်။

ကြက်သွန်ဖြူပုံမှန်စားပေးသင့်
====================

ကြက်သွန်ဖြူ ပုံမှန်စားသုံး ပေးသွားရင် သွေးတိုးရောဂါရှိသူများ သွေးတိုးကျအောင် အထောက်အကူပြုပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ် ရေဓာတ်ရှိတဲ့ နေရာတိုင်းမှာ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ် အပိုင်းတွေ အိုမင်းခြင်းနဲ့ ကင်ဆာဆဲလ်များ ပြောင်းသွားခြင်းကို ကာကွယ် ပေးခြင်းဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဗီတာမင်စီနဲ့ Selenium သတ္တုဓာတ်တို့လိုမျိုး အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Powerful Antioxidants ပါဝင်တဲ့ သဘာဝအစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီကြောင့် ကြက်သွန်ဖြူဟာ သွေးထဲမှာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးပြီး သွေးကြောနံရံမှာ အနည်ကျကာ သွေးကြောကျဉ်းရောဂါ Atherosclerosis ဖြစ်လာခြင်းကို ကာကွယ်နိုင်သလို ဗီတာမင် B6 ပါဝင်ခြင်းကြောင့် သွေးကြောနဲ့ နှလုံးနံရံတွေကို ပျက်စီးစေတဲ့ ဟိုမိုစစ်စတင်းခေါ် ဒြပ်ပေါင်းပမာဏကို လျှော့ချပေးခြင်း၊ Manganese သတ္တုဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းချို့တဲ့ရင် ဖြစ်လာတတ်တဲ့ ကောင်းသော ကိုလက်စထရော HDL ပမာဏ ကျဆင်းခြင်းကို ကာကွယ်ခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာရေးကို အဘက်ဘက်က အထောက်အကူပြုလျက် ရှိပါတယ်။


ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကို အထောက်ကူပြုသလဲ
===========================================

ကြက်သွန်ဖြူရဲ့ အဓိကပါဝင်သော Diallyl Slufide, Thiacremonone တို့ဟာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်၊ ကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်းတွေကို လျော့ကျစေဖို့ အထောက်အကူ ပြုသလို ဓာတ်မတည့် လေပြွန်ရောင်ရမ်းခြင်းဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာများအတွက် သိသိသာသာ အထောက်အကူဖြစ်ကြောင်း သုတေသနပြုလုပ်တွေ့ရှိရပါတယ်။ ဒါ့အပြင် အစာအိမ် အူလမ်းကြောင်း အနာတွေကို ဖြစ်စေတဲ့ H.pylori ပိုးနဲ့ အခြားသောပိုးများ၊ ဗိုင်းရပ်စ်များအပေါ်လည်း နိုင်နင်း မှုရှိတယ်လို့ တွေ့ရပါတယ်။


ကင်ဆာရောဂါကိုလည်းတွန်းလှန်နိုင်
============================

ကင်ဆာရောဂါ ကင်းဝေဖို့ အဓိက အချက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ်က ဆဲလ်တွေ အစီအစဉ်တကျ သေဆုံးဖယ်ရှားခြင်း Apoptosis ဖြစ်စဉ် သဘာဝအတိုင်း မှန်နေဖို့လိုပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ကိုယ်တွင်း ဓာတုပစ္စည်းများကို ကြက်သွန်ဖြူရဲ့ ဒြပ်ပေါင်းတွေက ကူညီနှိုးဆော်ပေးတဲ့အတွက် ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ရာရောက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ အပူချိန်မြင့်မြင့် ကင်ထားတဲ့၊ ချက်ထားတဲ့ အသားတွေမှာ Heterocyclic Amines (HCAs) ခေါ် ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs တွေကနေ ကိုယ်ထဲမှာ DNA ကို ဖျက်ဆီးနိုင်သော ဒြပ်ပေါင်းများအဖြစ် ပြောင်းလဲကာ ကင်ဆာဖြစ်စေပါတယ်။ ကြက်သွန်ဖြူက ဒီဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ တားပေးနိုင်တာ တွေ့ရလို့ အသားကင်စားရင် ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။


ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အထူးအကျိုး ပြုပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာ စားသွားရုံနဲ့ အအေးမိရောဂါ ဖြစ်ပွားနှုန်း နည်းပါးသွားကြောင်း သုတေသနများအရ အတည်ပြုနိုင်ပါတယ်။


ကြက်သွန်ဖြူ၏ဆိုးကျိုးများ
====================


ကြက်သွန်ဖြူမှာ ကောင်းကျိုးလေးတွေရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ ပြဿနာကတော့ ကြက်သွန်ဖြူနံ့နံခြင်း ဖြစ်ပါတယ်။ စားထားထားချင်း ပါးစပ်ကနံသလို ကြက်သွန်ဖြူကို စွဲမြဲစွာ မှီဝဲစားသုံးသူများရဲ့ ချွေးနံ့ဟာလည်း စူးရှလာတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကြက်သွန်ဖြူ များများစားရင် ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်းတို့ ခံစားရတာပါပဲ။ ကြက်သွန်ဖြူမှာ သွေးကျဲစေသော အာနိသင်ရှိသည့်အတွက် သွေးမတိတ် ရောဂါရှိသူများ၊ မကြာခဏနှာခေါင်းသွေးယိုတတ်သူများနှင့် ခွဲစိတ်ကုသမှုခံယူထားသူများဟာ ကြက်သွန်ဖြူစား သုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ ကြက်သွန်ဖြူကို အလွန်အကျွံ စားသုံးမိခြင်းဖြင့် ကြက်သွန်ဖြူမှာ ပါဝင်သော အချိုဓာတ်များနှင့် ဓာတ်မတည့်မှု၊ Garlic Allergy ဖြစ်ကာ ချွေးထွက်များခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။


ကျွမ်းကျင်သူများရဲ့ ညွှန်ကြားချက်အတိုင်း ကြက်သွန်ဖြူကို စနစ်တကျစားသုံးခြင်း သက်ရှည်ကျန်းမာ ရေးအတွက် အဓိကကျသော အချက်အလက်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ပုံမှန်စားသုံးလို့လွယ်ကူတဲ့ ကြက်သွန်ဖြူနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာဗဟုသုတလေးများ ဖော်ပြခဲ့တာ အားရကျေနပ်မယ်လို့ ထင်ပါတယ်…
Healthy Eating and Happy life …


Credit Food Magazine


Read 1085 times.