Up to 40% OFF

ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်း၊ Soup ချက်နည်းများ အပိုင်း (၁)

September 5, 2020

ချဉ်ငန်စပ် နှစ်သက်သူများအတွက် သောက်စမ်းချက်နည်းများ နှင့်soup ချက်နည်းများ

 

ငါးရခိုင်ချဉ်စပ်ဟင်း

 

 

စနေ တနင်္ဂနွေ ပိတ်ရက်လေးလာပြန်ပြီဆိုတော့ လွယ်လွယ်ကူကူချဉ်ငံစပ်ဟင်းလေး တစ်ပွဲလောက်ချက်ပြီး အားလပ်ရက်ကို ဖြတ်သန်းကြရအောင်………

#ပါဝင်ပစ္စည်းများ

နှစ်သက်ရာ ငါးတစ်မျိုး
ကုလားအော်
ငရုတ်သီးစိမ်း
မန်ကျည်းသီးမှည့်
အချိုမှုန့်
နံနံပင် သို့ ရှမ်းနံနံ
ဆား
မျှင်ငါးပိ သို့ စိမ်းစားငါးပိ
ဆီအနည်းငယ်
ဆနွင်းမှုန့်အနည်းငယ်
ကြက်သွန်ဖြူ
ငရုပ်ကောင်းအနည်းငယ်

#ချက်နည်း

ပထမဆုံး ငရုတ်သီးစိမ်း နှင့် ကုလားအော်တောင့် များကို မီး အေးအေး နှင့် နွမ်းသွားသည့် အထိ ကင်ပြီး ကြက်သွန်ဖြူနှင့်ရောကာ မညက်တညက် ကြိတ်ထားပေးပါ။

အိုးတစ်လုံးထဲမှာ ငါးကို ဆား ဆနွင်းမှုန့် အချိုမှုန့် မျှင်ငါးပိတို့နဲ့ နယ်ပြီးနှပ်ထားပါ။

မန်ကျည်းသီး ရေဖျော်ထားပါ။နံနံပင် သို့ ရှမ်းနံနံကို သင်ပြီး ရေစိမ်ထားပါ။

နှပ်ထားသော ငါးကို မီးဖိုပေါ်တင်ပြီးလျှင် ကုလားအော် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။
ဆီ ထည့် ၊ ရေထည့်ပြီး တည်ထားပါ ။

ဆူပြီဆိုလျှင် မန်ကျည်းမှည့် အရည်ဖျော်ထားတာထည့်ပြီး ပြန်ဆူအောင်စောင့်ပါ။

ဆူလာပြီဆို နံနံပင် သို့ ရှမ်းနံနံ အုပ်ပြီး စားလို့ရပါပြီ။

Credit

 

ဝက်နံရိုးချဉ်စပ် Soup

 

 

ဝက်နံရိုးကို ဂျင်း သကြားထည့်ပြီး ၂ရည် လောက်ပြုတ်ပေးပါ။ ၃ရည်မြောက်ကျမှ ဆား အချိုမှုန့် ထာင်းထားတဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်း ထည့်ပြီး ဆူတဲ့ထိပြုတ်ပေး။ နောက်ဆုံးမှ ကြက်သွန်မြတ် သို့ ရှမ်းနံနံ ညှပ်ထည့် သံပုရာရည်ညှစ် ငရုတ်သီးမှုန့်ဖြူပြီး ပူစပ် Soup လေး သောက်လို့ရပါပြီ။
Credit : Htun Thiri

 

ကြက်သားချဉ်စော်ခါးသီးသောက်ဆမ်း

 

 

ခြံကြက်(ဗမာကြက်).........၁ကောင်
ကြက်သွန်နီ...................၃လုံး
ကြက်သွန်ဖြူ...................၅တက်
ချင်းကြီးကြီး....................၁တက်
ချဉ်စော်ခါးသီးခြောက်.........၅ချပ်ခန့်
ဟွားကျောင်း(မက်ခမ်သီးစေ့) ဇွန်းဝက်ခန့်
ငရုတ်ကောင်းစေ့...............အနည်းငယ်
ငရုတ်သီးစိမ်း...................၁၀တောင့်ခန့်
ရှမ်းနံနံ........................... ၁စည်း

ဒီချက်နည်းလေးကကချင်ချက်နည်းအစစ်မဟုတ်ပေမယ့်ခပ်ဆင်ဆင်တူပါတယ်။

ခြံကြက်ခပ်ရင့်ရင့်လေးတစ်ကောင်ကိုသန့်စင်စွာရေဆေးပြီးအနေတော်အတုံးများတုံးထားပါ။(ဒီဟင်းပွဲမှာတော့ဥစားကြက်ကိုအသုံးပြုထားပါတယ်)

အရသာအနည်းငယ်နယ်ထားပါ။

ကြက်သွန်နီကိုရှစ်စိတ်လှီး၊ချင်းကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကိုဓားပြားရိုက်ပါ။

မက်ခမ်သီးနှင့်ငရုတ်ကောင်းစေ့ကိုမွှေးနေအောင်လှော်ပြီးလုံးခြမ်းခွဲထားပါ။

ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းကိုပါးပါးလှီးပါ။ချဉ်စော်ခါးသီးခြောက်ကိုရေစိမ်ထားပါ။

ရှမ်းနံနံ ၊ငရုတ်သီးစိမ်း၊ချဉ်စော်ခါးသီးတို့မှလွဲပြီးကျန်ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပါ။

ရေကိုမြုပ်ရုံလေးထည့်ပြီးစတင်အပူပေးပါ။အမြုပ်နှင့်အညစ်အကြေးများကိုစစ်ထုတ်ပါ။

တစ်ပွက်ဆူလာလျှင်ရေအနည်းငယ်ထပ်ဖြည့်ပြီးအထက်ပါအတိုင်းနောက်တစ်ကြိမ်ပြုလုပ်ပါ။

ကြက်သားတွေတစ်ဝက်ကျက်လောက်ပြီဆိုရင်ရေစိမ်ထားတဲ့ချဉ်စော်ခါးသီးကိုထည့်ပြီးဆား၊ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်တို့ကိုအချိုးညီစွာအရသာဖြည့်စွက်ပါ။

မီးရှိန်အေးအေးမှာ ကြက်သားတွေနှုးသည်အထိချက်ပေးပါ။(ဟင်းရည်အများကြီးဖြစ်မနေစေဖို့ရေဖြည့်စွက်ချိန်တိုင်းချင့်ချိန်ဖြည့်စွက်ပေးဖို့လိုအပ်ပါတယ်)

စားသုံးခါနီးမှပါးပါးလှီးထားတဲ့ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းတွေဖြည့်စွက်ပေးပါ။

Credit

 

ပုဇွန်တုံယမ်းချဉ်စပ်

 

 

(1) ကြက်သား သို့မဟုတ် ကြက်ရိုး သကြားအနည်းငယ်ထည့်ပြီးအချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ( အရည်ရလျှင် ကြက်သားများအားဆယ်ယူပြီး အသားနွှင်ထားပေးပါရန် )
(2) ပုဇွန်ကိုရေဆေး အခွံ့ချွတ်ထားပါ။
(3) မုန်လာဥနီ ပန်းဂေါ်ဖီ မုန်ညှင်းရွက် ပဲပြားတို့ကိုလှီးထားပါ။
(4) ကြွက်နားရွက်မှို နဲ့ ကြက်တောင်ပံတု ကိုရေစိမ်ထားပေးပါ။
(5) ငုံးဥပြုတ်ထားပါ။
(6) ကြက်သွန်အဖြူ အနီ စပါးလင်တို့ကိုထောင်းထားပါ။
(7) ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲထားပေးပါ။

ချက်နည်း

(1) ဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် နဲ့ ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပေးပါ။ အဲ့ထဲသို့ ရှောက်ရွက်ကို ခပ်ကြီးကြီးလှီးပြီး ထည့်ပေးပါ။

(2) ၃မိနစ်လောက်ကြာတဲ့အခါ လှီးထားတဲ့ အသီးအရွက်တွေ ထည့်ပြီး အဖုံးအုပ်ထားပါ။

(3) နွမ်းလောက်တဲ့အခါ နွှင်ထားသောကြက်သားနှင့်ကြက်ပြုတ်ရည်ထည့်ပြီး အုပ်ထားလိုက်ပါ။ ထို့နောက်မှ အုန်းနို့ရည်ထည့်ပါ။

(4) ဆူလာတဲ့အခါ ကြွက်နားရွက်မှို ကြက်တောင်ပံတု ပဲပြား ပုဇွန် နဲ့ ငုံးဥများထည့်ပါ။ ပြီးနောက် တုံယမ်းခဲ ( များလျှင် ၆ခဲ နည်းလျှင် ၄ခဲ ) ထည့်ပြီး ဆားအချိုမှုန့် တို့ဖြင့် စိတ်ကြိုက်အရသာပြုပြင်ပါ။

(5) နောက်ဆုံးမှာ ရှောက်ရွက်များကို အပေါ်မှ အုပ်ခါ သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်ပါသည်။ ( ရှောက်ရွက် ကိုမလှီးဘဲ အုပ်ပါရန် )

Credit-Online Cooking Foodstuff

 

တုံယမ်းဟင်းရည်ချက်နည်း

 

 

ချစ်မောင်နှမတွေကို ဒီနေ့ ထိုင်းဟင်းလျာဖြစ်တဲ့ တုံယမ်းဟင်းရည်သောက်ချက်နည်းလေး လက်ဆင့်ကမ်းပါရစေ။ တကယ်တော့ တုံယမ်းဟင်းဆိုတာ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

အရမ်းလွယ်ပါတယ်။

လိုအပ်သောပစ္စည်းများ

ပုဇွန်၊

မှို၊

ခရမ်းချဉ်သီး၊

တုံယမ်းအနှစ် (တုံယမ်းအနှစ်ကိုတော့ ၀ယ်ရတာ လွယ်ပါတယ်)၊

သံပုရာသီး၊

ငံပြာရည်၊

စပါးလင်၊

ရှောက်ရွက်၊

နံနံပင် စတာတွေပါ။

ပြုလုပ်နည်း

ပထမဦးဆုံး ပုဇွန်ကိုင်ရပါတယ်။ အခွံနွှာ၊ အမြီးလေးချန်ထား၊ ပြီးတော့ ကျောဘက်ကနေ ခွဲပြီးတော့ နောက်ချေးထုတ် သန့်စင်ပြီးတော့ ရေစစ်ထားပါ။ မှိုတွေကို ရေဆေးပြီး လိုချင်တဲ့ ပုံစံလေးတွေဖြစ်အောင် လှီးထားပါ။ သံပုရာရည်ညှစ်ထားပါ။ စပါးလင်ကို ပါးပါးလှီးထားပါ။

ခရမ်းချဉ်သီးကို ရေဆေးပြီးတော့ အစိပ်လေးတွေ စိပ်ထားပေးပါ။ နံနံပင်လေးကို ရေဆေးထားပြီး မထူမပါး လှီးထားပေးပါနော်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် အိုးတင်၊ပြီးတော့ ရေထည့်ပြီး တည်ပါ။ ရေနွေးဆူပြီ ဆိုတာနဲ့ တုံယမ်းအနှစ်တွေ ထည့်ပါတယ်။

အနှစ်ပမာဏကတော့ ကိုယ်စားနိုင်သလောက် အစပ်နှုန်းကို ကြည့်ပြီး ထည့်ပေါ့နော်။ စပါးလင်ထည့်၊ ပြီးရင် ပုဇွန်ထည့်ပြီး ဟင်းအိုးဆူအောင် ဆက်စောင့်ပါနော်။ ဟင်းအိုးဆူပြီဆိုရင်တော့ မှိုထည့်ပါ။

မှိုထည့်ပြီးရင်လည်း ဟင်းအိုးဆူအောင် ဆက်တည်ထား၊ ဆူပြီဆိုရင်တော့ ခရမ်းချဉ်သီးလှီးထားတာတွေထည့်၊ ဟင်းအိုးဆူအောင် ဆက်စောင့်၊ ဆူလာပြီဆိုရင် ငံပြာရည်၊ သံပုရာရည်ထည့်၊ အပေါ့အငံမြည်း၊ ကိုယ်စိတ်ကြိုက် အရသာတွေ့ ပြီဆိုရင်တော့ အပေါ်ကနေ ရှောက်ရွက်ထည့်၊ နံနံပင်လေးအုပ်လိုက်ရုံပါပဲနော်။

Credit- lulucooking

 

နောက်ထပ်ချက်နည်းတွေကိုလည်း မျှဝေပေးသွားမှာဖြစ်တဲ့အတွက် https://www.facebook.com/search/top?q=good%20eats%20myanmarကို Like & Followလုပ်ထားဖို့ မမေ့ပါနဲ့နော်....

 

By Wyk(Myanmar Restaurant Guide)


Read 907 times.