Eating Tips

၁၅၀၀ ကျပ် တည်းနဲ့အဝစားရမယ့် "Rangoon Indian Restaurant Chi-Tee" စားသောက်ဆိုင် ...

December 4, 2019

ချစ်တီး ထမင်း နဲ့ နာမည်ကြီးနေတဲ့ "Rangoon Indian Restaurants Chi-Tee" စားသောက်ဆိုင် ရဲ့ အကြောင်းကို The Restaurants Guide ကနေဖော်ပြပေးလိုက်ပါတယ် ။


အကြောင်းအရာ တစ်ခုစီကို ခွဲပြီး ဖော်ပြပေးမှာဖြစ်တဲ့အတွက် ကိုယ်သိချင်တဲ့ အပိုင်းကို တန်းပြီး ဖတ်လို့ရပါတယ် ။


"ဆိုင်ရဲ့အကြောင်း"
===============

Rangoon Indian Restaurants Chi-Tee စားသောက်ဆိုင်ကို ၂၀၁၈ခုနှစ်မှာစဖွင့်ခဲ့တာဖြစ်ပြီး ခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ ။ဆိုင်ရဲ့ ရည်ရွယ်ချက်ကတော့အရသာကောင်းမွန်ရမယ်၊သန့်ရှင်းရမယ်၊အေးဆေးသက်သာစွာ သုံးဆောင်စေရမယ်၊ ရိုးရိုးသာမန် ချစ်တီး ထမင်းဆိုင်တွေထက် သာရမယ် ၊လူမျိုးမရွေး ၊ဘာသာမရွေး စားနိုင်ရမယ် ၊ လူတန်းစားမရွေး စားနိုင်အောင်ဈေးနှုန်းသင့်တင့်ရမယ် ၊ ရည်ရွယ်ချက်လေးကတော့ လေးစားစရာပါဘဲ။ဒီဆိုင်က ဝါသနာအရလည်း ဖွင့်ထားတာဖြစ်တဲ့ အတွက်ကြောင့် စီးပွားဖြစ်လုပ်ငန်း တွေထက်တော့စေတနာ ပိုမယ်လို့ယူဆလို့ရပါတယ် ။

ဆိုင်ရဲ့ ဝန်ဆောင်မှု့က  Fine dining နှင့် Casual dining အဆင့်ကြားမှာရှိတာ ဆိုတော့ လူတန်းစားမရွေး စားသုံးနိုင်တဲ့ အနေအထားမျိုးပါ ။အလယ်အလတ်အမျိုးအစားပေါ့ ။ကိုယ်ပိုင်ဝန်းထဲမှာ လုံးခြင်းအိမ်ကို ဆိုင်ပုံစံပြောင်းလဲ ထားတဲ့အတွက် တသီးတသန့်လေးနဲ့ဆိတ်ငြိမ်မှု့ကို ခံစားရစေမှာပါ ။


"ဆိုင်မှာရနိုင်တဲ့အစားအသောက်တွေ"
=============================

"မနက်စာအတွက်"

၁ ။ချာပါတီ (အာလူး ၊ ကြက်၊ ဆိတ်)
၂ ။ပူရီ    (အာလူး ၊ ကြက်၊ ဆိတ် ၊ ပါနီပူရီ )
၃ ။နံပြား (ချိစ် ၊ ထောပတ် ၊ ပဲပြုတ် ၊ မလိုင် ၊ ဆိတ်စွတ် ၊ ကြက်သွန်ဖြူ )
၄ ။ပလာတာ (အာလူး ၊ ကြက် ၊ ဆိတ် ၊ ကြက်ဥ ၊ ပဲ )
၅ ။ထပ်တရာ
၆ ။တိုရှည်(ရိုးရိုး ၊ ကြက်ဥ ၊ကြက်သွန်နီချိစ် ၊ ထောပတ် ၊ခရမ်းချဉ်သီး ၊နို့ခဲ ၊ကီးမား ၊ အာလူးမဆလာ )
၇ ။Wraps & Rolls စသဖြင့် အိန္ဒိယ နဲ့ပတ်သက်တဲ့ မနက်စာ အားလုံးရပါတယ်။

မနက်စာအချိန်က မနက် ၇နာရီကနေ နေ့လည် ၁၁နာရီအထိပါ ။

အသေးစိတ်ကိုတော့ Menu ပုံမှာကြည့်လို့ရပါတယ် ။

"နေ့လည်စာ"

၁ ။ချစ်တီးထမင်း
၂ ။ကြက်သားနဲ့ပတ်သက်သောဟင်းများ
၃ ။ဆိတ်သားနဲ့ပတ်သက်သောဟင်းများ
၄ ။ဘဲသားနဲ့ပတ်သက်သောဟင်းများ
၅ ။တရုတ်စာ
၆ ။ထိုင်းစာ
၇ ။နွားနို့ခဲ နဲ့ချက်သော ဟင်းလျာများ

အသေးစိတ်ကိုတော့ Menu ပုံမှာကြည့်လို့ရပါတယ် ။


"ညစာ"

၁ ။ပင်လယ်စာ
၂ ။ပန်းသေးစား
၃ ။တရုတ်စာ
၄ ။ထိုင်းစာ
၅ ။ဘဲသားနဲ့ပတ်သက်သောဟင်းများ
၆ ။ဆိတ်သားနဲ့ပတ်သက်သောဟင်းများ
၇ ။ကြက်သားနဲ့ပတ်သက်သောဟင်းများ
၈ ။နွားနို့ခဲနဲ့ချက်သောဟင်းလျာများ

အသေးစိတ်ကိုတော့ Menu ပုံမှာကြည့်လို့ရပါတယ် ။

**ထူးခြားတာတစ်ခုကတော့ အမဲသား နှင့် ဝက်သား လုံး၀ မရပါဘူး **

အရင်တုန်းကတော့ အချိန်တွေ ၊ Menuတွေ ခွဲခြားခြင်းမရှိခဲ့ပေမဲ့ ဒီအချိန်မှာတော့ ပုံစံလေးတွေ အပြောင်းအလဲလုပ်ထားပါတယ်။ မနက်စာ Menu နေ့လည်စာ Menu ညစာ Menu ဆိုပြီး (၃) မျိုးခွဲထားပါတယ် ။


"သောက်စရာများ"
==============

ံ"Tea & Coffee"

၁ ။လက်ဖက်ရည် (ပုံမှန် ၊ ဂျင်း ၊ မဆလာ၊ မလိုင်၊ ဂျင်းမလိုင် )
၂ ။ကော်ဖီ (ပူ /အေး )
၃ ။နွားနို့


"Drinks"

၁ ။Seasonal fresh juice
၂ ။Healthy Juice
၃ ။Soft Drink
၄ ။Soda Drink
၅ ။Smoothies
၆ ။Milkshake
၇ ။Lassie
၈ ။Mocktails


ဆိုင်ရဲ့တည်နေရာ၊ အနေအထား၊ ဝင်ဆံ့မှု့
================================

ဆိုင်ကတော့ အမှတ် (၃၀ ) ၊ တောင်မြင်းပြိုင်ကွင်းလမ်း ၊ တာမွေမြို့နယ်မှာရှိပါတယ် ။ အရပ်စကားနဲ့ပြောရရင်တော့ တာမွေအဝိုင်းထိပ်နားမှာပါ ။ ဆိုတော့ အချက်အချာ ကျတဲ့နေရာမှာရှိတယ်လို့ပြောလို့ရပါတယ် ။ဆိုင်အနေအထားကော ကားပါကင်အနေအထား ပါကျယ်ကျယ်ဝန်းရှိပါတယ် ။ကိုယ်ပိုင်ဝန်းထဲမှာ လုံးခြင်းအိမ်ကို ဆိုင်ပုံစံပြောင်းလဲ ထားတဲ့အတွက် တသီးတသန့်လေးနဲ့ဆိတ်ငြိမ်မှု့ကို ခံစားရစေမှာပါ ။

ကားပါကင်က ကား ၁၀ စီးလောက်ရပ်လို့ရပါတယ် ။ ကိုယ်ပိုင်ကားနဲ့လာလည်း အဆင်ပြေသလို လိုင်းကားနဲ့လာမယ်ဆိုရင်တော့YBS ၆၄၊ ၇၉၊ ၆၅၊ ၈၀၊ ၇၊ ၁၇၊ ၂၃ စတဲ့ကားတွေရောက်ပါတယ် ။ ဆိုင်ရဲ့ ဝင်ဆံ့မှု့ကတော့  အယောက် ၈၀ ဆန့်ပါတယ် ။

စားပွဲခုံ အားဖြင့် ၁၇ ဝိုင်းရှိပြီး ပေါင်းလိုက်ရင်တော့ အဝိုင်း ၂၀ စာရှိပါတယ်။ ဆိုင်အပြင်ဘက် ဝရံတာရှေ့မှာတော့ ၄ ဝိုင်းခင်းထားပါတယ် ။ ဆိုင်က ၂ ထပ်ပါ အပေါ်ထပ်က လက်ရှိအချိန်မှာ မဖွင့်ရသေးပေမယ့် သိပ်မကြာခင်အချိန်မှာတိုးချဲ့ဖို့ ရှိပါတယ် ။

ဆိုင်ထဲမှာတော့ အဲကွန်းအလုံခန်းဖြစ်တဲ့အတွက် ဆေးလိပ်သောက်ခွင့်မရှိပါဘူး ။အပြင်ဝိုင်းတွေမှာ ထိုင်သောက်လို့ရပါတယ်။ ဝန်ထမ်းအင်အား ၁၇ ယောက်နဲ့လည်ပတ်နေပါတယ် ။ လုံခြုံရေး ဝန်ထမ်းလည်းရှိတဲ့ အတွက် လုံလုံခြုံခြုံအေးအေးဆေးဆေး စားသောက်လို့ရတာပေါ့ ။

ဆိုင်ရဲ့ အနောက်ဘက်မှာက ကျိုက္ကဆံကွင်းဖြစ်တဲ့အတွက် ဆိုင်အပြင်ဘက်မှာ ထိုင်ရင်လည်း လေ လေးတဖြူးဖြူး နဲ့ နေလို့ကောင်းပါတယ် ။


ချစ်တီးထမင်းဆိုတာဘာလဲ ?
======================

ချစ်တီးထမင်း ဆိုတာ အိန္ဒိယ မှာက အခြေခံ လူတန်းစားတွေစားတဲ့ အစားအစာဖြစ်တဲ့ အတွက် အရမ်းကြီး တခန်းတနား စားသုံးလေ့မရှိပါဘူး ဖက်ရွက်၊ ငှက်ပျောရွက် ပေါ်တင်ပြီး လက်နဲ့ဘဲစားကြတာပါ ။အိန္ဒိယတောင်ပိုင်းက လာတဲ့အစားအစာဖြစ်ပါတယ်ဒါကတော့ ဗဟုသုတ အနေနဲ့ပါ ။


ချစ်တီးထမင်းဈေးနှုန်းနှင့် စားသောက်တဲ့ပုံစံ
==================================

ဈေးနှုန်း အနေနဲ့ကတော့ ပုံမှန် ချစ်တီးထမင်းတစ်ပွဲ(ခရမ်းချဉ်သီးအနှစ် ၊ အာလူးဟင်း၊ အသီးအရွက်ကြော် ၊ပဲဟင်း ၊ငရုတ်သီးကြော် ၊ပါပလာကြော် ၊မလုပ်သဏီ စသဖြင့် ချစ်တီးရိုးရာအတိုင်း) အဝစားကို  ၁၅၀၀ နှုန်းနဲ့ရောင်းပေးပါတယ်  ။နေ့လည်ဘက် ၁၁နာရီလောက်က စပြီး ချစ်တီးထမင်း စရပါပြီ အရင်တုန်းကတော့ တနေကုန် အစုံရောင်းပါတယ် ။


ဆိုင်ရဲ့အတွေ့အကြုံအရ ချစ်တီးထမင်းကို နေ့ခင်းပိုင်းမှာ အများဆုံး စားသုံးတာ တွေ့ရပါတယ် ။ စားပွဲခင်း တွေ တည်ခင်းတဲ့ပုံစံတွေက မြင်နေကျ သာမန်ချစ်တီး ထမင်းဆိုင်မျိုးမဟုတ်ဘဲ ကြွေပုဂံတွေ ဖန်ခွက်တွေကိုပါ  အသုံးပြုထားတဲ့အတွက်အမြင်အာရုံကို ပိုပြီး ကြည်လင်စေပါတယ် ။


နောက်တစ်ချက်က ဟင်းတွေ အေးကုန်တာဘဲ ဖြစ်ဖြစ် မကောင်းတော့တာဘဲဖြစ်ဖြစ် အရသာ မမှန်တော့တာဘဲဖြစ်ဖြစ် အာ့လိုတွေဖြစ်ရင် ဒီဆိုင်က ထည့်ပေးလေ့မရှိပါဘူး အဓိကကတော့ ကောင်းမွန်တဲ့ အရည်အသွေးကို ချပြချင်လို့ဘဲဖြစ်ပါတယ် ။ တကယ့်ချစ်တီး အစစ်တွေကတော့ လက်နဲ့စားကြတာများပါတယ် ။ တချို့ကျတော့လက်အိတ် နဲ့ များသောအားဖြင့်ကတော့ ဇွန်းခရင်းနဲ့စားကြတာ များပါတယ်။ဝိုင်းတိုင်းမှာတော့ ဇွန်းခရင်း ထားရှိပေးထားပါတယ် ။ လက်နဲ့ စားတဲ့သူတွေအတွက်လည်း အဆင်ပြေအောင် ဘေစင် နှင့်သန့်စင်ခန်း တွေကို ကျား ၊ မ ခွဲပြီး လုပ်ထားပေးပါတယ် ။

 

ဘယ်လိုလူတွေ အများဆုံးလာစားကြတာလဲ
=================================


ချစ်တီးအစားအစာကြိုက်တဲ့သူတွေ အဓိကလာကြပါတယ်။  ဆိုင်နားတဝိုက်မှာရှိတဲ့ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အိန္ဒိယလူမျိုးတွေ ၊အားကာသိပ္ပံကျောင်းမှာ ခရစ်ကတ် လာသင်ပေးတဲ့ အိန္ဒိယ လူမျိုးတွေ အများဆုံးလာလေ့ရှိပါတယ်။ဖြည့်ပြီး ပြောပြရမယ်ဆိုရင် ဟိန္ဒူ တွေ မူဆလင်တွေအတွက် အပြင်အစားအစာ ထွက်စားရင် ဆိုင်တွေရှားပြီး အစားအသောက်အတွက်တော်တော်ခက်ခဲပါတယ် ။ သူတို့အတွက်ကတော့ ဒီဆိုင်လေးက Pefect အဖြစ်ဆုံးပါဘဲ ။


ဒန်ပေါက်
=======


အပြင်က ဆိုင်တွေနဲ့တော့ ဈေးကွာပါတယ် သီးစုံဒန်ပေါက်တစ်ပွဲကို ၃၀၀၀ ပေးရပါတယ် ကြက်ဥဒန်ပေါက်ဆို ၃၅၀၀ ယူပါတယ် ပုဇွန်တုတ် နဲ့ဆို ၇၅၀၀ဆိတ်သားနဲ့က ၆၀၀၀ ကြက်သားနဲ့က ၅၀၀၀ပါ ။ ထူးခြားချက်က အပြင်မှာလုပ်တဲ့ ဒန်ပေါက်မျိုးနဲ့မတူပါဘူး။ အရောင်ထည့်တယ် ၊ဟင်းအနှစ်ထည့်တယ်၊ မဆလာထည့်တယ် ထောပတ်ထည့်တယ် ပြီးရင် ထမင်းကြော်တဲ့ပုံစံမျိုး လုပ်လိုက်တယ် ။ ကြိုတင်လုပ်ထားစရာမလိုတဲ့အတွက်ကြောင့် မစား ဖြစ်ရင်လည်း  အဘေအလွှင့် မဖြစ်ဘူးပေါ့ ။သုံးတဲ့ဆန်က ဘာစမာဒီလို့ခေါ်တဲ့ ဆန်ပါ ဒန်ပေါက်အတွက်သီးသန့်ဆန်ပါ ရိုးရိုးဆန် နဲ့မတူပါဘူး ။


စမူဆာ
=====

စမူဆာကတော့ လုံးဝရှယ်ဘဲ ကိုယ်တိုင် ဂျုံနှယ်တယ် ကိုယ်တိုင် အစာသွတ်တယ် ပုံမှန်မြင်နေကျ တြိဂံ ပုံစံမျိုး မဟုတ်ဘဲ လုံးလုံးချွန်ချွန် ပုံစံလေးမြင်တွေ့ရပါတယ်အရသာအနေနဲ့ကတော့ အာလူးရဲ့အရသာကို အပြည့်အ၀ ခံစားရစေပါတယ် မာဆလာ အရသာ အနည်းငယ်စပ်တဲ့ အရသာကို ခံစားရစေပါတယ် ။ ကြိုတင် ကြော်ထားတာ မဟုတ်ဘဲ မှာယူ မှ ကြော်ပေးတာဖြစ်တဲ့အတွက် ပူပူနွေးနွေး လေးစားရပါတယ်။ ကုန်ကြမ်းရှိပြီးသားဖြစ်တဲ့ အတွက် ရေခဲသေတ္တာ ထဲကထုတ်ပြီး ကြော်လိုက်ရုံပါဘဲ အကြာကြီးစောင့်စရာ မလိုပါဘူး ။

မဆလာ
=======

အိန္ဒိယ အစားအစာ မဆလာကတော့ အရေးအကြီးဆုံး ပါဘဲ ဒီဆိုင်မှာက မဆလာ ကို အိန္ဒိယ မှာလိုဘဲ  သစ်ဂျပိုးခေါက် ၊ လေးညှင်းပွင့် ၊နာနတ်ပွင့် ၊ဖာလာ ၊ ငရုတ်ကောင်း စသဖြင့်ပေါ့ အချိုးအစား ညီညီ နဲ့ကိုယ်တိုင်ကြိတ် ရောစပ်ပြီးအသုံးပြုတာပါ ။ မဆလာ ကို အသုံးပြုပုံခြင်းကလည်း မတူပါဘူး ဆိတ်သားဟင်း အတွက်၊ ကြက်သားအတွက်၊ ပဲဟင်းအတွက်၊ အသီးအနှံတွေအတွက် စသဖြင့် မဆလာ အမျိုးမျိုးကို ခွဲခြားပြီးအသုံးပြုကြပါတယ်။


နို့ခဲ
===

အပြင်ကနေနွားနို့ကိုဝယ်ပြီးသူတို့ရဲ့နည်းစနစ်အတိုင်းခဲပါသည်။ရလာတဲ့နွားနို့ခဲတွေကိုစနစ်တကျသေချာထုတ်ပိုးပြီးချက်တဲ့အခါ၊ကြော်တဲ့အခါကျမှထုတ်သုံးပါတယ်။နို့ခဲဟာလည်းဒီဆိုင်ရဲ့ထူးခြားချက်ပါဘဲအိန္ဒိယအစားအစာတွေထဲမှာ နို့ခဲကလည်း မပါမဖြစ်ပါဘဲ။များသောအားဖြင့်နို့ခဲဟင်းကိုနိုင်ငံခြားကအိန္ဒိယတွေစားတာအများဆုံးဖြစ်ပါတယ်။နို့ခဲချက်တဲ့ဟင်းအနှစ်ကိုတော့ဟင်းနုနွယ်ရွက်ကိုပြုတ်ပြီးဟင်းအနှစ်ရအောင်လုပ်ပါတယ်။စားမယ့်သူလာမှဟင်းနုနွယ်ရွက်နဲ့ချက်မှာလားရိုးရိုးသီဟိုလ်စေ့အနှစ်နဲ့ချက်မှာလားစသဖြင့်နှစ်သက်တဲ့ဟင်းနဲ့ချက်လို့ရပါတယ်။ဒိန်ချဉ်ကိုလည်းကိုယ်တိုင်ဖောက်ပါတယ်။ဒိန်ချဉ်ကိုကြက်သားကင်တဲ့အချိန်တန်နိုရီကကက်သားပြုလုပ်တဲ့အချိန်တွေမှာသုံးပါတယ်။

တန်နိုရီကြက်ကင်
=============

ကြက်ကင်ကို ဒိန်ချဉ်နဲ့ကြိုပြီး နှပ်ထားရပါတယ် အရောင်တင်မှုန့် မဆလာ ဆားတွေနဲ့ တစ်ရက်လောက် သိပ်ပေးရတယ်။ ဖိုကလည်း အိန္ဒိယက လာတဲ့ လေးထောင့်ပုံစံ ဖိုအကြီးကြီး ပါ။ အာ့ထဲမှာရှိတဲ့ စဉ့်အိုး ထဲ မှာ သံချွတ်တွေစိုက်ပြီး ကင်ပါတယ် မီခိုး နံ့တွေရယ် မီးကျွမ်းနေတဲ့ဟာရယ် က တန်နိုရီကြက်သား အစစ်အမှန် အရသာပါ ။


Delivery
========

Delivery အနေနဲ့ကတော့ O2O ၊Food Mall ၊ Yangon Door to Door တို့နဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ် ။


ပွဲတွေပါတီတွေလုပ်ချင်တယ်ဆိုရင်
==========================

ပွဲတွေလုပ်ချင်ရင်တော့ ၃ ရက်လောက် ကြိုတင်ချိတ်ရပါမယ် ။ ကိုယ်လုပ်ချင်တဲ့ ပွဲပုံစံကို ညှိနှိုင်းပြီး လုပ်ပေးပါတယ် ။ ဈေးကတော့ ပုံမှန်ဈေးနှုန်းအတိုင်းပါဘဲ ။ဆိုင်ရဲ့ ဝင်ဆံ့မှု့ကတော့  အယောက် ၈၀ ဆန့်ပါတယ် ။ စားပွဲခုံ အားဖြင့် ၁၇ ဝိုင်းရှိပြီး ပေါင်းလိုက်ရင်တော့ အဝိုင်း ၂၀ စာရှိပါတယ်။ ဆိုင်အပြင်ဘက် ဝရံတာရှေ့မှာတော့ ၄ ဝိုင်းခင်းထားပါတယ် ။


ထူးခြားချက်
=========

ကိုယ်ပိုင်ကုန်ကြမ်းကိုသာအသုံးပြုသည် ။
ကိုယ်ပိုင်မဆလာသုံးသည် ။
ကိုယ်ပိုင် နွားနို့ခဲ ။
ဝက်သား နှင့် အမဲသား လုံးဝမရပါ ။
သွားရလာရလွယ်ကူခြင်း ။
ကားပါကင်ကျယ်ဝန်းခြင်း။
ချစ်တီးထမင်း အဝစား ၁၅၀၀ ကျပ်။

ရေးထားတာကလည်း တော်တော်လေးစုံလောက်ပြီဆိုတော့ သွားပြီး စားကြည့်ရင်တော့ ပိုပြီး သိသွားမှာပါ ။ ၁၅၀၀ ကျပ်နဲ့ အဝစားရမယ့် ချစ်တီးထမင်းဆိုင်  "Rangoon Indian Restaurants Chi-Tee" စားသောက်ဆိုင် ။ သင်ချစ်ရတဲ့သူတွေအတွက်လည်း မျှဝေပေးသွားပါဦး ။


The Restaurants Guide


Read 1059 times.