Cafes & Restaurant

၁ သောင်းကျပ်စွန်းစွန်းနဲ့ Bamboo မှာ Korean BBQ ဘူဖေးအ၀ဆွဲမယ်

October 18, 2023

Korean BBQ ကို ရှယ်အသားလွှာတွေနဲ့ ပင်လယ်စာ အစုံအပြင် အရံဟင်းပွဲတွေ၊ အချိုပွဲတွေပါ အလျှံအပယ် ခင်းကျင်းထားပြီး ရွေးချယ်စရာ အမျိုးပေါင်း (၃၀) ကျော်လောက်ရှိတဲ့ ဆိုင်မှာ ၁၃,၅၀၀ ကျပ်တည်းနဲ့ ဘူဖေးအ၀စားလို့ ရတယ်လို့ ပြောရင် ယုံမလား။ Bamboo Korean BBQ ရဲ့ ပြည်လမ်းဆိုင်ခွဲက မနက်ဖြန် အောက်တိုဘာလ (၁၉) ရက်နေ့ဆို ဆိုင်ဖွင့်တာ (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်လို့ လေးယောက်လာ နှစ်ယောက် Free ပရိုမိုးရှင်းအစီအစဉ်ကို ဖန်တီးပေးထားပါတယ်။

Bamboo Korean BBQ ဆိုင်ကို Foodie တွေ တော်တော်များများတော့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ သူက ဖိုးစိန်လမ်းမှာ တစ်ဆိုင်၊ ပြည်လမ်းမပေါ်မှာ တစ်ဆိုင် စုစုပေါင်း (၂) ဆိုင် ရှိပါတယ်။ အခု ပရိုမိုးရှင်းပေးတဲ့ ဆိုင်ကတော့ ပြည်လမ်းက ဆိုင်ဖြစ်တဲ့အတွက် ဆိုင်အပြင်အဆင်နဲ့ ဘူဖေးထဲမှာ ဘာတွေရလဲဆိုတာ ပြောပြေပေးချင်ပါတယ်။

Advertisement

Click Here > Queen Empire

ဆိုင်အပြင်အဆင်

Bamboo Korean BBQ ဆိုင်က ခြံဝန်းကျယ်ကြီးထဲမှာ တည်ရှိပြီး စိမ်းစိုနေတဲ့ ပန်းပင်အကြီး၊ အသေးတွေ ဘေးပတ်ပတ်လည်မှာ ဝန်းရံထားပါတယ်။ ဒါကြောင့် ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ဥယျာဉ်ခြံထဲ ရောက်သွားသလို မြင်မြင်သမျှ စိမ်းလန်းစိုပြေနေပြီး စိတ်ဖိစီးမှု လျော့ကျစေတဲ့အပြင် အမောပြေစေမှာပါ။

ခြံထဲမှာ လေကောင်းလေသန့် ရှူရင်း အကင်စားချင်တာဆိုရင် အပြင်ဘက်ဝိုင်းတွေမှာ ထိုင်ပါ။ ဒါမှမဟုတ် အဲကွန်းအေးအေးလေးရယ်၊ မီးခိုးမမွှန်မယ့် အညှော်စုပ်စက်တွေရယ်နဲ့ ထိုင်ချင်တာဆိုရင်တော့ ဆိုင်အတွင်းဘက် ဝိုင်းတွေကို ရွေးချယ်ပါ။ 

ဘူဖေးထဲမှာ ဘာတွေပါလဲဆိုရင် - 

ကြက်၊ ဝက်၊ အမဲ၊ ယုန်သား၊ ကြက်ဆင်၊ ကြက်မဲတို့ကို အချို/အစပ်/မာလာ အရသာ (၃) မျိုး နှပ်ထားတဲ့ အသားလွှာတွေ၊ ရေချိုပုစွန်၊ ရေငန်ပုစွန်၊ ရေဘဝဲ၊ ပိုက်ခရု၊ ဂုံးစိမ်း၊  ကမာ စတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေနဲ့ အပ်မှို၊ ပဲပြား၊ ပြောင်းဖူး၊ ရုံးပတေသီး၊ ခရမ်းသီးတို့အပြင် တခြားအသီးအရွက်တွေလည်း ထပ်ရှိပါသေးတယ်။

Side Dish အနေနဲ့ဆို မာလာရှမ်းကော၊ ကိုရီးယားပဲကြာဇံကြော်၊ ကင်မ်ချီထမင်းကြော်၊ တော့ပိုကီ၊ ရေညှိထမင်းလိပ်၊ ကင်မ်ချီ Soup၊ ကြက်သားလုံးကြော်၊ ဝက်သားအချိုကြော်၊ ဝက်သုံးထပ်သားပေါင်း၊ ဝက်သားပြားမရောနစ်စမ်း၊ သီးစုံကြော်နဲ့ ပြောင်းဖူးထောင်းတို့ ပါဝင်ပါတယ်။

အချိုပွဲမှာဆို ရာသီပေါ်အသီးအနှံ၊ စတော်ဘယ်ရီ ဒိန်ချဉ်၊ သီးစုံ Mocktail၊ အားလူးထောင်း အချို၊ သာခွေယိုင်၊ ပူတင်း၊ ယိုးဒယားရေခဲမုန့် အရသာ (၄) မျိုးနဲ့ သောက်စရာဖျော်ရည် (၄) မျိုးလောက် ထားပေးထားပါတယ်။

Korean BBQ အကင်တွေနဲ့ တွဲစားဖို့ အလိုက်ဖက်ဆုံးဖြစ်တဲ့ မုန်ညှင်းကင်မ်ချီ၊ ဆလပ်ရွက်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့အပြင် ဆော့အရသာ (၃) မျိုး ပေးပါတယ်။ အနီရောင် ကိုရီးယားငရုတ်သီးဆောစ့်၊ အစိမ်းရောင် ချဉ်စပ်ဆောစ့်၊ အညိုရောင် BBQ မန်ကျည်းဆောစ့် တို့ဖြစ်ပါတယ်။

အကင်တွေကို မီးသွေးနဲ့ ကင်တဲ့အတွက်ကြောင့် လျှပ်စစ်နဲ့ကင်တာလို မဟုတ်ဘဲ ဆီကျတိုင်း မီးတောက်တဲ့အတွက် အကင်‌လေးတွေဟာ အနံ့မွှေးပြီး ပိုစားလို့ ကောင်းပါတယ်။ အကင်ဆိုတာ ဆိုဂျုနဲ့မှ လိုက်တယ်လို့ထင်ရင် ဆိုဂျုလေးပါ ဝယ်သောက်ပြီး ပါးစပ်နတ်ပြည်တက်လိုက်ပါ။ ဆိုဂျုကတော့ ဘူဖေးထဲမှာ မပါပါဘူးနော်။ 

စျေးနှုန်း

စျေးနှုန်းကတော့ လူကြီးတစ်ဦးကို ၂၆,၉၀၀ ကျပ်ဖြစ်ပြီး ၁၁ နှစ်အောက်ကလေးဆို ၁၂,၀၀၀ ကျပ် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘူဖေးရဲ့ စားသုံးချိန်ကတော့ အချိန်အကန့်သတ်ချက်မရှိပါဘူး။

ဆိုင် (၂) နှစ်ပြည့် ပရိုမိုးရှင်း

ဒါပေမဲ့ ပရိုမိုးရှင်းကာလ အောက်တိုဘာ (၁၉) ရက်နေ့နဲ့ (၂၀) ရက်နေ့မှာတော့ ဘူဖေးစားသုံးချိန် (၂) နာရီထိပဲ ပေးထားပါတယ်။ လေးယောက်စုသွားပြီး နှစ်ယောက်စာပဲ ရှင်းရမှာဖြစ်တဲ့အတွက် တစ်ယောက်ကို ၁၃,၅၀၀ ကျပ်တည်းနဲ့ သစ်ရိပ်ဝါးရိပ်အောက်မှာ အပန်းဖြေရင်း BBQ တ၀ကြီး စားသုံးနိုင်မှာ ဖြစ်ပါတယ်။  

ဝန်ဆောင်မှု

ဆိုင်က ခြံကျယ်ကြီးထဲမှာ ရှိတာကြောင့် ကားပါကင်အတွက်လည်း ပူစရာမလိုဘဲ စိတ်ချလက်ချ ရပ်နားလို့ရပါတယ်။ လူမများတဲ့ အချိန်တွေဆို တစ်ဝိုင်းကို ဝန်ထမ်းတစ်ယောက်နှုန်းနဲ့ ပုဇွန်အခွံခွာပေးတာမျိုး၊ အကင်တွေ ဝိုင်းကင်ပေးတာမျိုး၊ လိုအပ်တာတွေ ဖြည့်ပေးတာမျိုး ဂရုတစိုက် လိုက်လုပ်ပေးတာကြောင့် ဝန်ဆောင်မှုကောင်းတဲ့ဆိုင်အဖြစ် စားသုံးသူတွေကြား နာမည်ကြီးပါတယ်။

ဆိုင်အချက်အလက် 

လိပ်စာ - အင်းယားလမ်းနှင့် ပြည်လမ်းထောင့် ( Ruby Garden Hotel )

ဖုန်း - 09773773286 

ဆိုင်ဖွင့်ချိန် - 11:00 AM to 10:00 PM


Read 796 times.