Eating Tips

ဗီယက်နမ်နိုင်ငံက ငါးကမ္ဘာ စားသောက်ဆိုင် "Amix Coffee"

November 18, 2019

ကော်ဖီဆိုင်ကြမ်းပြင်မှာ ငါးတွေ ရာပေါင်းများစွာ မွေးထားတာဖြစ်ပြီး အရောင်စုံငါးတွေ အများကြီးပါပဲ။ ထိုင်ခုံခြေတွေကိုတော့ ဂွမ်းတွေနဲ့တထပ် ခံထားပြီးကြမ်းပြင်မှာ ချော်တာမျိုးမဖြစ်အောင်၊ ကြမ်းပြင်မျက်နှာပြင် မပျက်စီးရအောင် စီမံလို့ထားပါတယ်။


ဆိုင်က ၂ ထပ်ရှိပြီး ၂၀ စတုရန်းမီတာ ကျယ်ပါတယ်။ ရေအမြင့်ကတော့ ၂၅ စင်တီမီတာ ရှိပါတယ်။ ခြေဖျားမြုပ်ရုံ ရေအမြင့်လောက်ပဲ ရှိတာမို့ ဧည့်သည်တွေအနေနဲ့ စိတ်အနှောင့်အယှက် သိပ်မဖြစ်ရပါဘူး။


ဧည့်သည်တွေအနေနဲ့ ဆိုင်ထဲမှာ ကော်ဖီဝင်သောက်မယ်ဆိုရင် ဖိနပ်ချွတ်၊ ခြေထောက်ဆေးပြီးမှသာ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ရေတွေ၊ ငါးတွေနဲ့ ပြည့်နေတဲ့ ကြမ်းပြင်မှာ လမ်းလျှောက်ရတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ကို ရမှာဖြစ်သလို အစားအသောက်အနေနဲ့ကတော့ မုန့်နဲ့အချိုရည်တွေ မှာယူစားသောက်နိုင်မှာ ဖြစ်ပါတယ်။


Amix Coffee ကို အသက်၂၃ နှစ်အရွယ်ရှိတဲ့ လူငယ် Nguyen Duoc Hoau က ဖန်တီးထားတာဖြစ်ပြီး သူဟာ သူများတကာထက် ထူးခြားတဲ့ တိရစ္တာန်စားသောက်ဆိုင်ကို ဖန်တီးချင်နေခဲ့တာပါ။


ဒီစိတ်ကူးကို လက်တွေ့အကောင်ထည်ဖော်စဉ်က တကယ် မလွယ်ကူခဲ့ပါဘူး။ ကြမ်းပြင်ကို ရေတွေအပြည့် ထားရသလို ဒီရေတွေကို အမြဲသန့်အောင် ထားဖို့နဲ့ ငါးတွေအတွက် လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ နေရာ ဖန်တီးပေးဖို့ ရေရဲ့ Level ကို ထိန်းထားရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်လာသူတွေကို ငါးတွေ တက်မနင်းဖို့ သတိပေးရတာကလည်း ထင်သလောက် မလွယ်ကူခဲ့ပါဘူး။


တချို့မိသားစုက ကလေးခေါ်လာတဲ့အခါ ကလေးတွေက ငါးနောက်ကို ပြေးလိုက်တာမျိုးကိုတော့ မလုပ်ဖို့ မေတ္တာရပ်ခံထားရတယ်လို့ Duoc Hoau က ဆိုပါတယ်။ တချို့မိဘတွေက သူတို့သားသမီးတွေအနေနဲ့ ငါးတွေကို ဖမ်းတဲ့အခါ မမြင်ချင်ယောင်ဆောင်တာမျိုးတွေရှိပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို တွေ့တဲ့အခါတော့ ဆိုင်ကို ဝင်ခွင့်မပေးတော့ပါဘူးလို့ ဆိုပါတယ်။


Amix Coffee ရဲ့ပထမထပ်မှာက ငါးအသေးတွေပဲ ရှိပြီး ဒုတိယထပ်မှာတော့ ဂျပန်ငါးကြီးအမျိုးအစားတွေ များပါတယ်။ နောက်ပိုင်းမှာ ငါးကြီးတွေကိုပဲထားဖို့ ဆုံးဖြတ်ထားပါတယ်။ ငါးသေးတွေက နုပြီး အထိအခိုက်မခံဘူးလို့ Duoc Hoau က ဆိုပါတယ်။


ဒီလို ဆိုင်ဖွင့်တာနဲ့ ပတ်သက်ပြီး တချို့တွေကတော့ နှစ်သက် သဘောကျကြပေမယ့် တချို့ကတော့ မကြိုက်ကြပါဘူး။ ငါးတွေအနေနဲ့ ဒီလိုပတ်ဝန်းကျင်မှာ နေထိုင်ချင်မှာ မဟုတ်ပါဘူး။ စည်းကမ်း မရှိတဲ့သူတွေကြောင့် သူတို့အသက် ဆုံးရှုံးနိုင်သလို ဒါဟာ တိရစ္ဆာန်ညှင်းပန်းမှုဖြစ်တယ်လို့ ပရိသတ် တယောက်က မှတ်ချက်ပေးပါတယ်။

Credit : Arrawaddy


Read 174 times.