Easy Recipes

New Year နေ့မှာ လုပ်စားသင့်တဲ့ အကင် (၄) မျိုးနဲ့ ဆော့စ်လုပ်နည်းများ

December 29, 2023

New Year ညမှာ အပြင်မထွက်ဘဲ အိမ်မှာနေပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စားရင်းသောက်ရင်း ဖြတ်သန်းမယ့်သူတွေ ရှိကြလား? New Year ညနဲ့ အလိုက်ဖက်ဆုံး အစားအသောက်ကတော့ အကင်တွေပါပဲ။ အကင်လုပ်နည်းတွေ အများကြီးထဲကမှ ဒီနှစ် New Year အတွက် အသင့်တော်ဆုံး အကင်လုပ်နည်း (၄) မျိုးကို ရွေးထုတ်ပေးထားတယ်။ ဘာအကင်လုပ်နည်းတွေလဲဆိုတော့ - 

- New Year တိုင်းမပါမဖြစ် ဇာတ်လိုက်ကျော် "ငါးကင်" ကင်နည်း

- လူကြီး၊ လူငယ်မရွေး ကြိုက်ကြမယ့် "လီမွန်ကြက်ကင်" ကင်နည်း

- ပုစွန်ကိုမှ အထူးအဆန်းလေး ကင်စားချင်တဲ့ သူတွေအတွက် "ထောပတ်ကြက်သွန်ဖြူ ပုစွန်ကင်" ကင်နည်း

- ကိုရီးယားဆန်ဆန် New Year ကို ဖြတ်သန်းချင်တဲ့သူတွေအတွက် "ဝက်သုံးထပ်သားကင်" ကင်နည်းတွေပဲ ဖြစ်ပါတယ်။

(၁) ဝက်သုံးထပ်သားကင်

ပါဝင်ပစ္စည်း

- ဝက်သုံးထပ်သား (အဆီအခေါက်ခပ်ပါးပါးနဲ့ အသားများတာကို ရွေးဝယ်ပါ။)

- ကိုရီးယားငရုတ်သီးအနှစ်

- ကိုရီးယား ပဲငပိ 

- မှိုဘုရင်

- နှမ်းဆီ

- ကြက်သွန်နီဥကြီး

- ကင်မ်ချီ

- ငရုတ်ပွတောင့်ရှည်

- ပဲပင်ပေါက်

- ကြက်သွန်ဖြူ 

- ကြက်သွန်မြိတ်

- ဆလပ်ရွက်တို့ပဲဖြစ်ပါတယ်။

ဘာမှမလုပ်ခင် အရင်ဆုံး ဝက်သုံးထပ်သားတွေကို အရသာဝင်အောင် အရင်နှပ်ရပါမယ်။ သုံးထပ်သားတွေကို လက်မဝက်လောက် အထူလေးတွေ အရှည်လိုက် လှီးထားပေးပါ။ သူ့ကို အရသာနှပ်ဖို့ လိုတာတွေက -

- ပဲငံပြာရည်အကြည် အနည်းငယ်

- ကိုရီးယားငရုတ်သီးအနှစ် အနည်းငယ်

- နှမ်းဆီ

- ဆား (ပါတယ်ဆိုရုံပဲ ထည့်ပါ။ ဘာလို့ဆို့ ပဲငံပြာရည်မှာကော ငရုတ်သီးအနှစ်မှာကောက အငန်ဓာတ်ပါပြီးသားမို့ပါ)

- သကြား အနည်းငယ်

သူတို့တွေအားလုံးကို ဝက်သုံးထပ်သားထဲ အကုန်နှံ့သွားအောင် သေချာနယ်ပြီး ၁ နာရီလောက် နှပ်ထားပေးလိုက်ပါ။ စောင့်နေတဲ့ အချိန်အတောအတွင်းမှာ ဝက်သုံးထပ်သားကင်ရလာရင် ကိုရီးယားဆန်ဆန် တွဲစားဖို့ ကြက်သွန်မြိတ်သုပ်နဲ့ တခြား အရံအမယ်တွေ လုပ်ရပါမယ်။

ခုထပ်လုပ်ပြမှာက သုံးထပ်သားကင်နဲ့ တွဲစားဖို့ အရမ်းကိုမှ လိုက်ဖက်တဲ့ ကိုရီးယားစတိုင်လ် ကြက်သွန်မြိတ်သုပ်နည်းလေးပါ။ ကြက်သွန်မြိတ်မသုပ်ခင် သိသင့်တယ်ထင်လို့ ကြက်သွန်မြိတ်လှီးနည်းလေးကို အရင်ဆုံး သေချာပြောပြပေးမယ်နော်။ သူတို့က ကြက်သွန်မြိတ်တွေကို လက် ၄ လုံးစာလောက်လေးတွေ အရင်ဖြတ်၊ ပြီးရင် အဲ့ဒေါင်လိုက်ကလေးတွေကိုပဲ ဓားထက်ထက်လေးနဲ့ ခပ်သေးသေးအမျှင်လေးတွေဖြစ်အောင် လှီးပြီး သုပ်တာပါ။

လှီးပြီးတဲ့ ကြက်သွန်မြိတ်တွေကို လတ်နေအောင်နဲ့ အရမ်းမမွှန်အောင် ရိုးရိုးရေစိမ်ပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် တစ်ရေလောက် ဖွဖွလေးထပ်ဆေးပြီး ရေစစ်ထားလိုက်လို့ ရပါပြီ။ အစိမ်းနံ့ပျောက်ရုံ ခပ်လတ်လတ် အနေအထားမှာ ပဲပင်ပေါက်တွေကို ရေပူထဲက ဆယ်ပြီး ခုလို ရေအေးလေး စိမ်ထားပေးလိုက်ပါ။ ဒါဆို အသုပ်သုပ်ပြီးလို့ စားလိုက်တဲ့အချိန်ထိ ကဂျွတ်ဂျွတ်နဲ့ အရမ်းကောင်းပဲ။

ကြက်သွန်မြိတ်ကော၊ ပဲပင်ပေါက်ကော Ready ဖြစ်ပြီဆိုတော့ အသုပ်လေးဖြစ်သွားအောင် သုပ်လိုက်ကြရအောင်။ အရသာအစပ်အဟပ်အတွက် ထည့်မှာတွေက -

-  ကိုရီးယားငရုတ်သီးအနှစ် (ပါတယ်ဆိုရုံ ထမင်းစားဇွန်း တစ်ဝက်လောက်ပဲ ထည့်ပါတယ်။)

- ဆားနည်းနည်းနဲ့ ငရုတ်ကောင်းလေးနည်းနည်း

- အသုပ်စားလိုက်တိုင်း အဆိမ့်ဓာတ်လေးရစေဖို့ နှမ်းစေ့လေးတွေနဲ့

- အနံ့မွှေးစေဖို့ နှမ်းဆီရယ်ပဲ ဖြစ်ပါတယ်။

အရသာအစပ်အဟပ်တွေ အားလုံးကို ရောထည့်လိုက်မယ်။ ပြီးရင် တူလေးနဲ့ဖြစ်ဖြစ် လက်နဲ့ပဲဖြစ်ဖြစ် အရသာတွေ အားလုံးနှံ့သွားအောင် ခပ်ဖွဖွလေး ရောသမပေးလိုက်ပါ။ ဒါဆို ကိုရီးယား ဝက်သားသုံးထပ်သားကင်နဲ့ အရမ်းလိုက်ဖက်တဲ့ ကြက်သွန်မြိတ်သုပ် ရပါပြီ။ 

နောက်ထပ် တွဲစားဖို့ လိုက်ဖက်တဲ့ အစားအစာတွေ အနေနဲ့က -

- နှမ်းဆီထဲ နှမ်းစေ့လေးတွေရယ်၊ ပဲငံပြာရည်အကြည် ပါတယ်ဆိုရုံ ၂ စက် ၃ စက်လောက်ကို ထည့်မွှေထားတဲ့ နှမ်းဆီမွှေး ( အဲ့လိုလေး လုပ်ထားရင် သူ့ကို သုံးထပ်သားကင်ရင်း အပေါ်က သုတ်သုတ်၊ အကင်အိုးကိုပဲ မကပ်အောင် သုတ်သုတ် အဆင်ပြေပါတယ်)

- ကင်မ်ချီ ( မပါမဖြစ် အလိုက်ဖက်ဆုံး အစားအစာ)

- ဆလပ်ရွက်

- ကိုရီးယား ပဲငပိ 

- ကြက်သွန်ဖြူဥကြီး (ဒေါင်လိုက် ပါးပါးလှီးထားပါ)

- ငရုတ်ပွတောင့် (တစောင်းလေး မထူမပါးလှီးထားလိုက်ပါ)

ဒါဆို ဝက်သုံးထပ်သားကင်နဲ့ ကိုရီးယားဆန်ဆန် တွဲစားဖို့ အရံအစားအစာ အမယ်များ ပြင်ဆင်လို့ အားလုံးပြီးပါပြီ။

ပြီးရင် သုံးထပ်သားတွေ စကင်တော့မယ်ဆိုတော့ သုံးထပ်သားနဲ့ ရောကင်မယ့် မှို၊ ငရုတ်ပွတောင့်နဲ့ ကြက်သွန်နီဥကြီးတွေကိုလည်း လှီးဖြတ် ပြင်ဆင်ထားလိုက်ပါနော်။ ဒါဆို သုံးထပ်သားကင် ကျက်ခါနီးမှာ သူတို့လေးတွေကိုပါ အကင်အိုးပေါ်တင်ပြီး တန်းကင်ရုံပါပဲ။

ခုကစပြီး ဝက်သုံးထပ်သားတွေ စကင်ပါတော့မယ်။

အရင်ဦးဆုံး ကိုယ်ကင်မဲ့ အိုးအနှံ့ကို နှမ်းဆီမွှေးလေးတွေ သုတ်ပေးလိုက်ပါ။ အိုးက ကိုယ့်အိမ်မှာရှိတဲ့ Non-Stick ဒယ်ပြားအိုးတွေ သုံးလို့ရသလို မီးသွေးဖို၊ လျှပ်စစ်အကင်ဖိုတွေနဲ့လည်း ကင်လို့ရပါတယ်။

အိုးပူလာပြီဆို အစတည်းက အရသာနှပ်ထားတဲ့ သုံးထပ်သားတွေကို အကင်အိုးပေါ်တင်လိုက်ပါမယ်။ ဒီအချိန်မှာ မီးကို တအားမပြင်းအောင် သတိထားပါ။ မီးတအားပြင်းနေရင် သုံးထပ်သားတွေက အိုးပူနဲ့ရှဲကနဲထိပြီး ၁၀ စက္ကန့်လောက်နေတာနဲ့ တူးသွားတတ်ပါတယ်။

အကြာကြီး မကင်ပါဘူး။ တစ်ဖက်ကို ၁ မိနစ်ကျော်ကျော်လောက် အပြင်သားတင်းရုံ ကင်ပြီးပြီဆိုတာနဲ့ နောက်တစ်ဖက်ကို ချက်ချင်းလှန်ပေးပါ။ တစ်ဖက်ကို ၁ မိနစ်ခွဲ စီလောက် ကင်ပေးပြီးရင် အိုးထဲမှာပဲ ကတ်ကြေးနဲ့ လိုက်ညှပ်လို့ရပါတယ်။ အတွင်းအပြင် ကျက်အောက် ထပ်ကင်နေပါ။ တစ်ခြမ်းလုံဝကျက်မှ နောက်တစ်ခြမ်းလှန်တာမျိုး မလုပ်ဘဲ တစ်ဖက်ကို စက္ကန့် ၃၀ စီလာက် ကင်လိုက်၊ လှန်လိုက်၊ နောက် စက္ကန့် ၃၀ စီလာက် ကင်လိုက်၊ လှန်လိုက် အဆက်မပြတ်လုပ်ပြီး ကိုယ်လိုတဲ့ အနေအထားရောက်တဲ့ အထိ ကင်ပေးပါ။ ဒါမှ တစ်ခြမ်းတည်း တူးသွားတာမျိုးတွေ၊ မာသွားတာမျိုးတွေမဖြစ်ဘဲ အကျက်ညီပြီး မွှေးမွှေးလေးနဲ့ စားကောင်းမှာပါ။ 

သုံးထပ်သားတွေ စားလို့ရလောက်တဲ့ အနေအထားဖြစ်ပြီဆို မီးအရှိန်လျှော့ပြီး သူတို့အားလုံးကို ဒယ်အိုးတစ်ခြမ်း ကပ်လိုက်ပါမယ်။ ပြီးရင် တွဲကင်ဖို့ ခုနတည်းက အဆင်သင့် လှီးဖြတ်ထားတဲ့ ကြက်သွန်နီအကွင်းလိုက်တွေ၊ မှိုလေးတွေ၊ ငရုတ်ပွတောင့်တွေကို တင်ပြီး တစ်ဖက်ကို စက္ကန့် ၃၀ စီလောက်ကင်ပေးလိုက်ပါ။ အကြာကြီး ကင်စရာမလိုဘဲ အကျက်မြန်ပါတယ်။

သုံးထပ်သားထဲက ထွက်လာတဲ့ အဆီပိုတွေကို ကြက်သွန်နီတွေ မှိုတွေက စုပ်ယူပြီး သူတို့ထဲ အရသာအလိုလို ဝင်သွားပါတယ်။ အဲတော့ သူတို့လည်း အရသာရှိ၊ အိုးထဲမှာလည်း ဆီအပိုတွေ တအား ရှိမနေတော့ဘူးပေါ့။ 

ဝက်သားသုံးထပ်သားတွေကျက်ပြီး၊ မှို၊ ကြက်သွန်နီနဲ့ ငရုတ်ပွတောင့်တွေပါ အနံ့တွေ မွှေးလာပြီဆို အစတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ ကြက်သွန်မြိတ်သုပ်၊ ဆလပ်ရွက်၊ ပဲငပိ၊ ထမင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွစိမ်း၊ နှမ်းဆီမွှေး၊ ကင်မ်ချီတို့နဲ့ တွဲဖက်ကာ စိတ်ကြိုက်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ 

Click Here > Rhino

(၂) ထောပတ်ကြက်သွန်ဖြူ ပုစွန်ကင်

ထောပတ်ကြက်သွန်ဖြူ ပုစွန်ကင်က ပုစွန်အကောင်သေးသေးလေးတွေနဲ့ လုပ်တာထက်စာရင် ရေချိုပုစွန်ထုပ်ကြီးတွေနဲ့ လုပ်တာက ပိုပြီး စားကောင်းပါတယ်။ အရင်ဆုံး ပုစွန်ခေါင်းက မလိုအပ်တဲ့ လက်တံတွေ အမွှေးအမျှင်တွေကို ရှင်းအောင် ညှပ်ထုတ်ပစ်ရပါမယ်။ ကင်တဲ့အခါ သွားထောက်မနေအောင်ပါ။

ပြီးတော့ ပုစွန်ကို နှစ်ခြမ်းကွဲသွားအောင် အသာလေး ကပ်ကြေးနဲ့ အခွံကို ညှပ်ပြီး ဓားချွန်လေးနဲ့ ခလယ်ကနေ အသားတွေကို ထပ်ခြမ်းခြမ်းပေးပါ။ ခေါင်းကို ခြမ်းတဲ့အခါမှာတော့ ခေါင်းထဲက အညစ်ကြေးအိတ် ပေါက်ထွက်မသွားအောင် ဂရုစိုက်ပေးပါနော်။ ကပ်ကြေးလေးနဲ့ ဦးခေါင်းခွံကို ညှပ်ပြီးချိန်မှာ လက်နဲ့ နည်းနည်းလေးဟပြီး အညစ်ကြေးအိတ်လေးကို အသာလေး ဆွဲထုတ်ပေးပါ။ ပြီးမှ ခေါင်းကို ဓားနဲ့ ဆက်ခြမ်းပေးရင် အဆင်ပြေပါလိမ့်မယ်။ ဒါဆို သန့်စင်ပြီး ကင်ဖို့ အသင့်ဖြစ်နေတဲ့ ပုစွန်လေးတွေကို ရပါလိမ့်မယ်။

ဒါကတော့ နှစ်ခြမ်းခွဲထားတဲ့ ပုစွန်ကိုယ်လုံးထဲကို ထည့်သိပ်ပြီး ကင်ဖို့ အဆာပလာတွေပါ။ ဘာတွေလည်းဆိုရင် -

- နုတ်နုတ်လှီးထားတဲ့ တရုတ်နံနံ အနည်းငယ်

- ထောပတ် 

- အတုံးသေးသေးလေးတွေ ဖြစ်အောင် စင်းထားတဲ့ ကြက်သွန်ဖြူများ (ထောင်းထားတာမဟုတ်၊ သေးသေးနုတ်နုတ်ဖြစ်အောင် စင်းပါ)

- ငရုတ်ကောင်းမှုန့် အနည်းငယ်နဲ့

- ဆား အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပုစွန်ကင်စလုပ်ပါတော့မယ်။ အရင်ဆုံး ၂ ခြမ်းခွဲပြီးသား ပုစွန်လေးတွေကို ဆား၊ ငရုတ်ကောင်း မဆိုစလောက် ဖြူးပေးပြီး မီးဖိုပေါ်ကင်လိုက်ပါ။

ပုစွန်စကင်နေချိန်မှာ ဒီဘက်ကနေ အိုးတစ်ခုနဲ့ သူ့အပေါ်ဆမ်းမဲ့ ထောပတ်နဲ့ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။ ထောပတ်အရည်ပျော်လာပြီးဆို မီးလျှော့ပြီး နုတ်နုတ်လှီးထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ဆီသတ်ပါ။ ကြက်သွန်ဖြူမွှေးလာပြီဆို ပိုမွှေးသွားအောင် စင်းထားတဲ့ တရုတ်နံနံလေးတွေပါ ထည့်မွှေလိုက်ပါမယ်။ ပြီးရင် ဆားနည်းနည်းလေးနဲ့ ငရုတ်ကောင်းထည့်ပြီးတာနဲ့ ချက်ချင်းမီးပိတ်လိုက်ပါ။

ပြီးရင် ခုနက ကင်ထားတဲ့ ပုစွန်တွေဆီသွားပြီး ကိုယ်လုံးတွေကြားထဲကို ထောပတ်ဆီသတ်ထားတဲ့ ကြက်သွန်ဖြူနဲ့အမွှေးရွက်တွေ ထည့်လိုက်ပါ။ ခေါင်းထဲတော့ မထည့်ပါဘူး။ ပုစွန်ဆီတွေ အရသာရောကုန်မှာစိုးလို့။ 

အတည့်ခဏကင်ပြီးရင် ဘေးတစ်ဖက်လှည့်ပြီး ဆီသုတ်တံလေးနဲ့ ထောပတ်ဆီလေးတွေ လိုက်သုတ်ပေးပါ။ အရောင်လည်းလှ အနံ့လည်း မွှေးအောင်ပါ။ တစ်ဖက်ရဲလာပြီဆို နောက်တစ်ဖက်ကိုလည်း ခုလို အသာလေးလှန်ပြီး ထောပတ်ဆီသုတ်ပေးပါ။ ပုစွန်တစ်ကိုယ်လုံး ရဲလာပြီး အကျက်ညီသွားပြီဆို တအားကျက်အောင် ဆက်မထားတော့ဘဲ မီးဖိုပေါ်က ချပေးလိုက်လို့ ရပါပြီ။

တအားကျက်အောင် ဆက်ထားရင် ပုစွန်အသားတွေ မာသွားနိုင်သလို ခေါင်းထဲက ပုစွန်ဆီတွေလည်း ခဲသွားပြီး စားမကောင်းတော့လို့ပါ။ 

မီးဖိုပေါ်ကချပြီးရင် ပုစွန်ကိုယ်လုံးပေါ်  သံပုရာရည်လေး နည်းနည်ညှစ်ချလိုက်ပါ။ (မွှေးအောင်ပါ။) နောက်ဆုံးမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကို အပေါ်က ဖြူးချလိုက်ရင် အနံ့အရသာနဲ့ ပြည်စုံတဲ့ ထောပတ်ကြက်သွန်ဖြူ ပုစွန်ကင်မွှေးမွှေးလေး ရပါပြီ။ 

(၃) လီမွန်ကြက်ကင်

အရင်ဦးဆုံး ကြက်ပေါင်လေး တွေကို သန့်စင်ပြီး အရသာနှပ်တဲ့အခါ အထဲထိ အရသာဝင်နိုင်အောင်နဲ့ အကျက်မြန်အောင် ဓားလေးနဲ့ မွှန်းပေးထားပါ။ 

ကြက်ပေါင်တွေကို နှပ်ဖို့ အရသာအစပ်အဟပ်အတွက်က -

- လီမွန်သီး (သံပုယိုသီးလို့လည်း ခေါ်ကြပါတယ်၊ Supermarket တွေ ဈေးတွေထဲမှာ အလွယ်တကူ ဝယ်လို့ရပါတယ်)

- ငရုတ်ကောင်းမှုန့် အနည်းငယ်

- ဆားနဲ့ သကြား အနည်းငယ်

- တရုတ်မဆလာ အနည်းငယ်

- ဆီ 

- ခရုဆီ

- ပဲငံပြာရည်အကြည်တို့ပဲ လိုပါတယ်။ 

လီမွန်သီးတွေက လွဲပြီး ကျန်တာတွေ အားလုံးကို ကိုယ်အသုံးပြုမယ့် ကြက်သားပမာဏနဲ့ ချိန်ပြီး ကြက်သားတွေပေါ် စုထည့်လိုက်ပါမယ်။ ပြီးရင် နှံ့အောင် အသာအယာ ရောနယ်ပေးပါ။

ကြက်သားတွေကို အရသာနှံ့အောင် နယ်ပြီး နောက်ဆုံးမှ လီမွန်ရည်လေး အနည်းငယ်ကို အပေါ်က ညှစ်ချလိုက်ပါမယ်။ ကြက်သား ချဉ်သွားမှာ စိုးလို့ အများကြီး ညှစ်စရာမလိုပါဘူး။ ပြီးရင် အသားထဲကို အရသာတွေ အားလုံးစိမ့်ဝင်ဖို့ ၁ နာရီခန့် နှပ်ထားပေးရပါမယ်။

နှပ်ထားလို့ ကြက်သားတွေ အရသာဝင်လောက်ပြီဆို စကင်လို့ရပါပြီ။ လျှပ်စစ်အကင်အိုးနဲ့ဖြစ်ဖြစ် မီးသွေးနဲ့ဖြစ်ဖြစ် ကင်နိုင်ပါတယ်။ တစ်ခြမ်းလုံးကျက်မှ နောက်တစ်ခြမ်း လှန်ကင်တာမျိုး မလုပ်ဘဲ အကင်အိုးနားမှာပဲ ရပ်ပြီး ၃ မိနစ်တစ်ခါလောက် တစ်ဖက်တစ်ချက် လှန်လှန်ပြီး ဆီလေး သုတ်သုတ်ကင်ပေးပါ။ ဒါမှ ကြက်သားက အတွင်းအပြင် အကျက်ညီပြီး စားလို့ ကောင်းပါတယ်။ လိုချင်တဲ့ အနေအထားလောက်ရပြီဆိုရင် ကင်တာကို ရပ်လိုက်ပါ။ လီမွန်နံ့သင်းသင်းလေးနဲ့ လီမွန်ကြက်ကင်လေး ရပါပြီ။

(၄) ငါးကင်

အရင်ဦးဆုံး ဘာမှမလုပ်ခင်. ငါးအသားထဲကို အရသာဝင်အောင် အရင်နှပ်ပါ။ ဇလားဗီယားငါးကို သုံးထားပြီး အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆားအနည်းငယ်နဲ့ သကြားအနည်းငယ်ကို ငါးအနှံ့ဆုတ်ဆုတ်ပြီး ပွတ်ပေးလိုက်ပါတယ်။ ပြီးရင် သူ့ကို ဒီတိုင်း အရသာဝင်အောင် ခဏနှပ်ထားပြီးမှ ကျန်တာတွေ ဆက်လုပ်ပါမယ်။ 

ဒါကတော့ ခုနက ငါးရဲ့ ခေါင်းနဲ့ဝမ်းဗိုက်ထဲမှာ သွပ်မဲ့ အမွှေးအကြိုင်အရွက်တွေပါ။ ဘာတွေပါလဲဆိုတော့ -

- စပါးလင် ပါးပါးလှီး 

- ပင်စိမ်းရွက်

- ကြက်သွန်ဖြူ 

- မြန်မာနံနံပင် (မစားတတ်ရင် မသုံးလည်းရ)

- ဂျင်းပါးပါးလှီး 

- ရှမ်းနံနံ 

- ငရုတ်သီးစိမ်းအတောင့်ရှည်

- တရုတ်မဆလာ အနည်းငယ်ရယ်ပါ။ 

ခုနက ပြောခဲ့တာတွေကို ဆား၊ သကြား၊ ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပြီး ညက်သွားအောင် ထောင်းပေးပါ။ ဒါဆို ငါးထဲသွတ်မဲ့ အနှစ်ကိစ္စ ပြီးသွားပါပြီ။

အစတည်းက အရသာနှပ်ထားတဲ့ ငါးကို ယူပြီး အနှစ်တွေကို ငါးရဲ့ ပါးဟပ်ထဲနဲ့ ဝမ်းဗိုက်ထဲ  သွတ်ပေးလိုက်ပါမယ်။ ပြီးရင် ငါးကင် အရောင်ပိုလှစေဖို့ နနွင်းအနည်းငယ်နဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) အနည်းငယ်ယူပြီး ဆီလေးနဲ့ရောကာ ငါးကိုယ်ပေါ်မှာ ပွတ်ပေးလိုက်ပါ။ ဒါဆို ငါးလေးက ကင်ပြီးတဲ့အခါ အရောင်လေးကော အနံ့လေးကော ပြည့်စုံနေပါလိမ့်မယ်။

အဲ့အဆင့်ပြီးရင် ငါးကို အရသာပိုဝင်အောင် မိနစ် ၃၀ မှ ၃နာရီခန့်အထိ မိမိ အချိန်ရသလို မကင်ခင် နှပ်ထားလို့ရပါတယ်။ အချိန်သိပ်မရရင်လည်း လုပ်ပြီးတာနဲ့ပဲ တန်းကင်လိုက်ပါ။ ငါးကိစ္စပြီးတော့ သူ့ကို မကင်ခင် ခဏလေးနှပ်ထားတုန်း အချဉ်ရည်အတွက် စတင်ပြင်ဆင်ရပါမယ်။ ပါဝင်ရမှာတွေကတော့ -

- အချဉ်ဓာတ်အတွက် မန်းကျည်းမှည့် လိုသလောက်ကို ရေနွေးလေးနဲ့ ခဏစိမ်ပြီး အနှစ်တိုက်ထုတ်ပြီး အဖတ်တွေ စစ်လိုက်ပါ။

- အချိုဓာတ်အတွက် ထန်းလျက်အရည်ကြို 

- ညက်နေအောင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးစိမ်း

- ဆားအနည်းငယ်

- မြန်မာနံနံပင် အနည်းငယ်

ပြီးရင် အဲ့ဒါတွေအားလုံးကို ပျော်ဝင်နှံ့စပ်သွားအောင် မွှေပေးလိုက်ပါ။ အချို၊ အချဉ်၊ အငန်၊ အစပ်ကိုက မိမိလိုသလိုရအောင် ဖြည့်စွက်ပြင်ဆင်နိုင်ပါတယ်။ ဒါဆို ငါးကင်နဲ့ အင်မတန်လိုက်ဖက်တဲ့ မန်းကျည်းမှည့်ချဉ်စပ်ဆော့စ်လေးလည်း ပြီးသွားပါပြီ။

ငါးစကင်ပါတော့မယ်။ ငါးကို Microwave တွေ၊ လျှပ်စပ်အကင်အိုးတွေနဲ့ ကင်တာထက်စာရင် မီးသွေးမီးနဲ့ ကင်တာက ပိုစားကောင်းပြီး ပိုလည်းမွှေးပါတယ်။ မီးအနေတော်နဲ့ပဲ ၃ မိနစ်တစ်ခါ တစ်ဖက်တစ်ချက် လှန်လှန်ပြီး ဆီလေးသုတ်သုတ်ပြီး အေးအေးဆေးဆေး ကင်သွားပေးပါ။ ၃ မိနစ်ခြား တစ်ခါ တစ်ဖက်စီလှည့်လှည့်ကင်ရင်း ၁၅ မိနစ်လောက်ကြာတဲ့ အခါမှာတော့ ငါးကင်မွှေးမွှေးလေးကို စားလို့ရပါပြီ။

Source From Nandar Kitchen 

အကင်တွေနဲ့ တွဲဖက်စားဖို့ ဆော့စ်လုပ်နည်းအမျိုးမျိုး

>> https://www.restaurantguide.com.mm/article/sauce.html


Read 574 times.