Eating Tips

ဟော့ပေါ့ဘူဖေးကို ကန့်သတ်ချိန်အတွင်း ပေးရတဲ့စျေးနဲ့ တန်အောင် ဘယ်လိုစားမလဲ?

June 28, 2023

အစားတလိုင်းလေးတွေကတော့ ဘူဖေးဆိုတဲ့ အသံကြားလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ ဘူဖေးသွားစားမယ်ဆိုရင် တစ်ယောက်တည်း သွားစားတာထက် သူငယ်ချင်းတွေ စုပြီးသွားရင် စျေးပိုတန်ပြီး ပိုလည်းပျော်ဖို့ကောင်းပါတယ်။

“မသိသူကျော်သွား၊ သိသူဖော်စား” ဆိုတဲ့ စကားအတိုင်း ဟော့ပေါ့ဘူးဖေးစားနည်းကို သိတဲ့သူကတော့ ပေးရတဲ့စျေးနဲ့ အတန်ဆုံးဖြစ်အောင် စားနိုင်မှာပါ။ ဘူဖေးစားတဲ့အခါမှာ ဒီလို လှည့်ကွက်လေးတွေ သုံးပြီး စားမယ်ဆိုရင် ဆိုင်က သတ်မှတ်ပေးထားတဲ့ အချိန်အတွင်းမှာ ကိုယ်ပေးထားရတဲ့ စျေးထက် ပိုပြီး များများစားလို့ရမှာပါနော်။

ဟော့ပေါ့ကို Buffet ရော Set ရော စားလို့ရမယ့် ဆိုင် (၅) ဆိုင်

> https://shorturl.at/hwxK1

၁။ ပထမဆုံးအနေနဲ့ ကိုယ်စားမယ့်ဆိုင်က အချိန်နဲ့လား အချိန်ကန့်သတ်ချက် မရှိတဲ့ ဆိုင်လားဆိုတာ သိအောင်လုပ်ပါ။ အချိန်အကန့်အသတ်နဲ့ဆို အနည်းဆုံး ၁ နာရီခွဲ ပေးတဲ့ဆိုင်မှ အဆင်ပြေပါမယ်။ ဒါတောင် အစားနှေးတဲ့သူဆို ၂ နာရီလောက်မှ အဆင်ပြေမှာပါ။ 

၂။ ဆိုင်ရွေးပြီးရင်တော့ ဟော့ပေါ့တစ်ပွဲရဲ့ အဓိက အရသာဖြစ်တဲ့ ဟင်းရည်ကို ရွေးရပါမယ်။ ဟင်းရည်ရွေးတဲ့နေရာမှာ မှားသွားရင် အရသာမကောင်းလို့ အများကြီး မစားနိုင်ဘဲ နေပါလိမ့်မယ်။ ကိုယ်စားနေကျ ဆိုင်ဆိုရင် ကိစ္စမရှိပေမယ့် အခုမှစပြီး စားဖူးမယ့် ဆိုင်မျိုးဆိုရင်တော့ ဆိုင်ရောက်တာနဲ့ လူကြိုက်များတဲ့ ဟင်းရည်ကို Recommend ပေးခိုင်းပါ။ 

၃။ ပြီးရင်တော့ စားစရာတွေ ယူရမယ့် အလှည့် ရောက်ပါပြီ။ စားစရာယူတဲ့အခါ အမျိုးအစားတစ်မျိုးထဲကို အများကြီး မယူပါနဲ့။ ဥပမာ - ကိုယ်က ၃ ထပ်သား ကြိုက်လို့ ၃ ထပ်သားကို အများကြီး ယူလိုက်တာမျိုး မလုပ်ပါနဲ့။ ဆိုင်မှာ ရှိသမျှ အသားလွှာတွေ၊ နယ်နှပ်ထားတဲ့ အသားတွေ၊ အသားလုံးတွေ၊ အရွက်တွေနဲ့ ပင်လယ်စာတွေကို နည်းနည်းစီယူပါ။ အရံဟင်းပွဲတွေကိုလည်း နည်းနည်းစီပဲ ယူပါ။ နောက်ထပ်စားချင်ရင် ပထမတစ်သုတ်ကုန်မှ ထယူလို့ရပါတယ်နော်။ လောဘကြီးပြီး အများကြီးယူပြီးမှ မစားနိုင်ဖြစ်ရင် ပိုက်ဆံဘယ်လောက်ဆိုပြီး ပြန်လျော်နေရပါလိမ့်မယ်။ 

၄။ အသားတွေနဲ့ တွဲစားတဲ့အခါ အရသာရှိဖို့ အချဥ်ရည်ကလည်း အရေးကြီးပါတယ်။ ကိုယ်က အချဥ်ကို ကျွမ်းကျွမ်းကျင်ကျင် မစပ်တတ်ဘူးဆိုရင် ဆိုင်မှာ စပ်ပြီးသားအချဥ် သို့မဟုတ် ဝန်ထမ်းတွေကို အချဥ်စပ်ခိုင်းတာမျိုး လုပ်ပါ။ အချဥ်ကောင်းကောင်းရဖို့ အကြံပေးရရင်တော့ ဆိုင်မှာ အသင့်ဖျော်စပ်ထားတဲ့ အချဥ်ရည်ကို ကြက်သွန်ဖြူနည်းနည်း၊ ကြက်သွန်မြိတ်နည်းနည်း၊ အသားမှုန့်နည်းနည်း၊ နှမ်းနည်းနည်းနဲ့ ငရုတ်သီးနည်းနည်း ထည့်ပြီး စားပါ။ ပုံမှန်ထက် ထူးခြားတဲ့ အချဥ်အရသာကို စားရပါလိမ့်မယ်။ 

Advertisement

Click Here > Phyo Eain Si

၅။ ဒါပြီးရင် ယူထားတာတွေကို စပြုတ်လို့ ရပါပြီ။ ပြုတ်တဲ့နေရာမှာ အသားလုံးတွေက ၆ မိနစ်၊ ၇ မိနစ်လောက် ပြုတ်ပေးရပါတယ်။ ပင်လယ်စာတွေက ၂ မိနစ်၊ ၃ မိနစ်လောက် ပြုတ်ရပါတယ်။ အသားလွှာတွေကတော့ စက္ကန့် ၃၀ လောက်ဆို ကျက်ပါပြီ။ အရွက်တွေကိုတော့ နောက်ဆုံးမှ ထည့်ပြုတ်ရင် ရပါတယ်။ ပြုတ်တဲ့နေရာမှာ ကြာချိန်အစဥ်လိုက်အတိုင်း ပြုတ်တာ ပိုကောင်းပါတယ်။ အသားလွှာတွေကို အကြာကြီး ပြုတ်ထားမိရင်  မာနေတတ်လို့ ဗိုက်မြန်မြန် တင်းစေပါတယ်။ 

၆။ အသားတွေ ပြုတ်ထားတဲ့အချိန်မှာ အူလမ်းကြောင်းကို ရှင်းတဲ့အနေနဲ့ အအေး ဒါမှမဟုတ် ရေအနည်းငယ် သောက်ထားပါ။ (နည်းနည်းပဲ သောက်နော်)။ အအေးသောက်တဲ့အခါ ဂတ်စ်ပါတဲ့ အချိုရည်တွေက အလွယ်တကူ ဗိုက်တင်းစေတတ်လို့ အအီပြေစေတဲ့ သံပုရာရည်၊ လိမ္မော်ရည်တို့လိုမျိုး ရိုးရိုးအအေးကို ပိုသောက်သင့်ပါတယ်။

၇။ ရေနွေးဆူလာပြီး အသားတွေ စားလို့ရပြီဆိုရင် ကိုယ်ရွေးလာတဲ့ထဲက အရသာအရှိဆုံးနဲ့ ကိုယ်အကြိုက်ဆုံး အသားကို အရင်ဆုံး စားပါ။ ပထမဆုံးစားတဲ့ အသားက စားသမျှထဲ အရသာအရှိဆုံး အသားဖြစ်မှ ကျန်တာတွေကို ဆက်စားဖို့ ခံတွင်းတွေ့စေမှာပါ။ အဲ့လိုမဟုတ်ဘဲ သိပ်မကြိုက်တဲ့ဟာမျိုးကို အရင်စားမိရင် ကိုယ်တစ်ကယ်စားမယ့် အသားအလှည့်ရောက်တော့ အီလည်လည်နဲ့ ထင်သလောက် အရသာမရှိ ဖြစ်နေတတ်ပါတယ်။ 

၈။ ကိုယ်အကြိုက်ဆုံးအသားကို စားပြီးရင်တော့ ကိုယ်မစားဖူးသေးတဲ့ အသား ဒါမှမဟုတ် ဈေးအကြီးဆုံးလို့ ထင်တဲ့ အသားကို ရွေးစားပါ။ အသားလုံး၊ အရွက်နဲ့ ပင်လယ်စာတွေကိုတော့ အသားစားပြီး အီလာတဲ့အချိန်မှာ စားပါ။ အသားအလွှာတွေစားပြီး နည်းနည်းဗိုက်ပြည့်လာတဲ့အခါ ပုဇွန်အခွံခွာတာ၊ ဂဏန်းစားတာ စတာတွေက အစာကြေဖို့ အချိန်ရသလို ဖြစ်စေပါတယ်။

၉။ အရွက်စားတဲ့အခါမှာ  ဆလပ်ရွက်ကို များများစားပေးပါ။ ဆလပ်ရွက်က ရင်ခေါင်းကို ပိုကျယ်စေပါတယ်။

၁၀။ စားပွဲပေါ်မှာ စားစရာတွေ ကုန်ခါနီးလို့ ဒုတိယတစ်ကျော့ ထပ်ယူမယ်ဆိုရင်တော့ ပထမတစ်ခေါက်တုန်းကလို အကုန်လုံးကို နည်းနည်းစီ လိုက်မယူပါနဲ့တော့။ ကိုယ်တစ်ကယ် စားချင်တာလောက်ပဲ ထပ်ယူပါ။ 

၁၁။ အားလုံးစားပြီးလို့ နောက်ဆုံးအပိတ်အနေနဲ့ အချိုတည်းမယ်ဆိုရင် စားဖူးနေကျ ရေခဲမုန့်၊ ကိတ်မုန့် တွေကိုပဲ စားတာထက် ဆိုင်ရဲ့ Signature အချိုပွဲလေးတွေကို လိုက်မြည်းစမ်းကြည့်ပါ။ ဘယ်မှာမှ မရနိုင်ဘဲ ဒီတစ်ဆိုင်ထဲမှာပဲ ရနိုင်မယ့် အချိုပွဲမျိုးဆို စားရတာလည်း တန်တဲ့အပြင် အရသာလည်း ထူးခြားမှာ အမှန်ပါပဲ။

ဟော့ပေါ့ဘူဖေး စနစ်တကျ စားပုံစားနည်းတွေကိုလည်း ပြောပြပြီးသွားပြီဆိုတော့ ကိုယ်နဲ့အတူ သွားစားမယ့်  ဟော့ပေါ့ဘူဖေးသရဲ သူငယ်ချင်းတွေကိုလည်း ဒီလိုအထာလေးတွေရှိတာ လက်တို့လိုက်ဦးနော်။ 

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဟောပေါ့ဘူဖေးဆိုင်တွေကို တစ်စုတစ်စည်းထဲ ရှာဖွေချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။

> https://www.restaurantguide.com.mm/listing/k:Hotpot


Read 606 times.