Up to 40% OFF

ပင်စိမ်းနံ့သင်းသင်းနဲ့ ချဉ်ချဉ်စပ်စပ်အရသာရှိတဲ့ ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ဟင်း

August 14, 2020

foodies တို့ထဲမှာ ဝက်ဆီဖတ်ကြိုက်တဲ့သူတွေ ရှိလား..။ ခု ဖော်ပြပေးချင်တာက ကရင်ဟင်းချက်နည်းတစ်မျိုးဖြစ်တဲ့ ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ဟင်းလေးပါ။

ဝက်ဆီဖတ်ဆိုသည်က အဆီထုတ်ထားသည့် ဝက်သားကို ဆိုလိုပါသည် ။ ဒယ်အိုးတွင် အဆီ ၊ အသား ၊ အခေါက်တွဲနေသည့် ဝက်သားအစိမ်းကို မီးအပူတိုက်ကာ အဆီ ထုတ်ယူထားသည့်အတွက် အဆီထုတ်ပြီးသား ဝက်ဆီဖတ်မှာ ကြော်ထားသကဲ့သို့ ရှိသည်။ 

အအီဓာတ်လျော့နေသည့်အတွက် သရေစာအဖြစ် စားကြသကဲ့သို့ ဟင်းလျာအဖြစ်လည်း အကြိုက်များသည်။

ပါဝင်ပစ္စည်းများ
 

ဝက်ဆီဖတ်  -  ၁၀ ကျပ်သား
ချဉ်ပေါင်ရွက်  -  ၃ စည်း
ကြက်သွန်နီ  -  ၂ လုံး
ရေချိုငါးပိရည်  -  စားပွဲဇွန်း ၄ ဇွန်း
ငရုတ်သီးစိမ်းတောင့်  -  ၅ တောင့်
ပင်စိမ်းရွက်  -  ၁ စည်း
ဆား  -  သင့်ရုံ
နနွင်း  -  သင့်ရုံ

ပြုလုပ်နည်း

ဝက်ဆီဖတ်များကို သင့်တော်သော အရွယ် ပိုင်းထားပါ။ ချဉ်ပေါင်ရွက်များကို ခြွေ၊ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီကို အခွံသင်ပြီး ခပ်ကြမ်း ကြမ်းလှီးပါ။ ငရုတ်သီးစိမ်းတောင့်များခြွေ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ။ 

အားလုံးပြီးပါက ရေစစ်ထားသည့် ချဉ်ပေါင်ရွက်များကို ဒယ်အိုး၌ လှော်ပါ။ ချဉ်ပေါင်ရွက် များ နွမ်းလာပါက ရေအနည်းငယ်ထည့်ကာ အရွက် များကြေအောင် မွှေပြီး ငါးပိရည်လောင်းကာ ရေကို လိုသလောက် ထည့်ချက်ပါ။ 

ဟင်းအိုးပွက်ပွက်ဆူ လာပါက အပေါ့အငန်မြည်းကာ အသင့်ပြင်ထားသော ဝက်ဆီဖတ်များ ထည့်ကာ အနှံ့မွှေ၊ ငရုတ်သီးစိမ်း ခွဲခြမ်းနှင့် ပင်စိမ်းအုပ်ကာ မီးဖိုမှချပါ ။

ပင်စိမ်းနံ့ တသင်းသင်းနှင့် ချဉ်ချဉ်စပ်စပ်၊ လေးလေးပင်ပင် ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ချက်ကို မြိန်ယှက်စွာ စားသုံးနိုင်မည် ဖြစ်ပါသည် ။ 

#TasteWindowMagazine


Read 687 times.