ကြွပ်ကြွပ်လေးနဲ့ အရသာရှိလှတဲ့ အာလူးမျှင်ကြွပ်ကြော်
အာလူးသည် ဟင်းတော်တော်များများနှင့်လိုက်ဖက်ကာ ဟင်းအပွားခတ်ပေးသလို၊ အရသာရှိသလောက် ဈေးနှုန်းကလည်း ချိုသာ နေသောကြောင့် နိုင်ငံတကာရှိ လူမျိုးဘာသာစုံ သို့မဟုတ် အလွှာစုံ အိမ်ရှင်မများမှာ မတူညီသော အရသာတို့ဖြင့် နေ့စဉ်သုံး ဟင်းလျာအဖြစ် နည်းအမျိုးမျိုး ချက်ပြုတ်လျက် ရှိကြပါတယ်။
အဲဒီထဲကမှ အိမ်ရှင်မတို့ စိတ်ကြိုက် လွယ်လင့်တကူ ပြုလုပ်လို့ရမယ့် အာလူးမျှင်ကြွပ်ကြော် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
--------------------------
အာလူး - ၂ လုံး
ကော်မှုန့် - စားပွဲဇွန်း ၄ ဇွန်း
အကြော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
-------------------------------
အာလူးကို အခွံခွာပြီး အမျှင်များအဖြစ် ခြစ်ထားပေးပါ။
ပြီးလျှင် အရသာများနှင့် ကော်မှုန့်ထည့်ပြီး နယ်ထားပေးပါ။
အကြော်မှုန့်ကို ရေဖြင့် မုန့်နှစ်ဖျော်ပြီး အရသာနယ်ထားသော အာလူးများဖြင့် ရောပြီး နယ်ပေးပါ။ ပြီးလျှင် ပန်းကန်ပြားတစ်ချပ် ပေါ်မှာ အဝိုင်းပုံစံပြုလုပ်ပြီး ဆီပူပူထဲသို့ ဖြည်းဖြည်းချင်းထည့်ပြီး ကြော်ပေးပါ။ အဝိုင်းပုံစံ ကြွပ်ပြီးကျက်ပြီဆိုရင်တော့ ဆီစစ်ကာ ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။