ဘဲဥငပိချက်ချက်နည်း
မြန်မာလူမျိုးတွေဟာ ထမင်းစားပွဲဝိုင်းမှာ ငပိ အငန်တစ်မျိုးမျိုးပါမှ ထမင်းစားမြိန်တယ်ဆိုပြီး ပြောလေ့ပြောထရှိပါတယ်။ မိသားစုနဲ့ ထမင်းမြိန်ရှက်စွာစားနိုင်ပြီး လွယ်လွယ်ကူကူ နဲ့ ချက်လို့အဆင်ပြေမဲ့ ဘဲဥငပိချက်ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ…......
-ဘဲဥ ၁၀ လုံး
-ငရုတ်သီးခွဲခြမ်း ၅ ကျပ်သား(အစပ်ကြိုက်ရင်ပိုထည့်နိုင်ပါသည်)
-ပုစွန်ခြောက်မှုန့် ၅ ကျပ်သား
-ဆီ ၁၀ သား
-အချိုမှုန့်၊ ငံပြာရည်
ပြုလုပ်နည်းအဆင့်ဆင့်……….
-ဘဲဥများကို ပြုတ်ထားပါ။ကျက်သွားသည့်ဘဲဥများကို ကန့်လန့်ခြမ်းထားပါ။ ငရုတ်သီးခွဲခြမ်းများကို ရေနွေးဖြင့် ၅ မိနစ် ၁၀ မိနစ်ခန့်စိမ်ထားပါ။
-အိုးထဲသို့ ဆီ၁၀ သားထည့်ပြီး ရေနွေးစိမ်ထားသော ငရုတ်သီးခွဲခြမ်းများကို ဆီသတ်ပါ။
-ဆီသတ်၍ငရုတ်သီးကျက်သည့်အခါ ပုစွန်ခြောက်မှုန့်ကိုထည့်ပြီးမွှေပါ။
-ပုစွန်ခြောက်မှုန့် အနံ့လေးထွက်လာသည့်အခါတွင် ငံပြာရည် အချိုမှုန့် ထည့်ပါ။
-ပြီးရင်တော့ ခြမ်းထားသည့် ဘဲဥနှင့် ရေအနည်းငယ်ထည့်ပြီး မီးမျှင်းမျှင်းလေး ဖြင့် မွှေပါ။
-ဆီပြန်လာပြီဆိုရင်တော့ အရသာမြည်းကြည့်ပြီး လိုအပ်သည့်အရသာကို ထည့်ပါ။
အားလုံးပြီးပြီဆိုရင်တော့ အရသာရှိတဲ့ ဘဲဥငပိချက်လေးကို မိသားစုနဲ့အတူတူ ထမင်းမြိန်မြိန်စားလို့ရပါပြီ။