Up to 40% OFF

ငါးထမင်းနယ်

December 7, 2019

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ငါးထမင်းနယ်အကြောင်းလေးကို တင်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ....

ရှမ်းဆန်၊

မြေပဲကြော်၊

ငရုတ်ခြောက်တောင့်၊

ငါးရံ့၊

အာလူး၊

ခရမ်းချဉ်သီး၊

ရှမ်းပဲပုတ်ပြား၊

ဆီ၊

ဆား၊

နနွင်း၊

ကြက်သွန်ဖြူ၊

နံနံပင်၊

ဂျူးမြစ်၊

ဆလပ်ရွက် တို့လိုအပ်ပါမယ်။


ပြုလုပ်နည်း

========

ပထမဆုံး ဆန်ကို အနည်းငယ်ပျော့အောင်ချက်ပြီး အအေးခံထားပါ။ပြီးလျှင် ငါးကို ဆား၊ နနွင်းအနည်းငယ်၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်ကာ ပြုတ်ပြီး အအေးခံထားပါ။ ငါးအေးပြီဆိုရင် အရေခွံတွေဖယ်ပြီး အသားနွှင်ထားပါ။

 

ခရမ်းချဉ်သီးကိုလည်း နနွင်းမှုန့်၊ အရောင်တင်အနည်းငယ်ထည့်ပြုတ်ပြီး အခွံတွေ ဖယ်ထုတ်ကာ အနှစ်ရအောင် ချေထားပါ။အာလူးကိုပြုတ်ပြီး ပါးပါးလှီးထားပါ၊ ရှမ်းပဲပုတ်ကို ကြွပ်အောင်ကင်ပြီးမှုန့် နေအောင်ထောင်းပေး ပါ။

 

ထမင်းသုပ်နှင့်တွဲဖက်စားသုံးရန်အတွက် မြေပဲကြော် ၊ ငရုတ်ခြောက်တောင့်ကြော်၊ ကြက် သွန်ဖြူဆီချက်တွေ ပြင်ဆင်ထားပါ။ နောက်ထပ်တွဲဖက်စားသုံးရန်အတွက် နံနံပင်၊ ဂျူးမြစ်၊ ဆလပ်ရွက်တွေကို ရေဆေးသန့်စင်ပါ။

 

အအေးခံထားတဲ့ထမင်းကို ဇလုံကြီးကြီးထဲမှာထည့်ပြီး ၊ ငါးပြုတ် ၊ ခရမ်းချဉ်သီးအနှစ်၊ ပဲပုတ်ထောင်း၊ အာလူးပြုတ်တွေကို ရောထည့်ကာ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး နှံ့အောင်နယ်ပေးပါ။ထမင်းသုပ်ပြီးလျှင် ပန်းကန်လုံး အရွယ်လေးတော်လေးထဲထည့်၍ ပုံစံခွက်လေးဖြစ်အောင်လုပ်ပြီးမှ ပန်းကန်ပြားထဲသို့ ထည့်လိုက်ပါ။


ပြီးနောက် ကြက်သွန်ဖြူ ဆီချက်လေးဆမ်းပြီး မြေပဲကြော်၊ ငရုတ်ခြောက်တောင့်ကြော်၊ ဂျူးမြစ်၊ နံနံပင်၊ ဆလတ်ရွက်လေးတွေနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Read 346 times.