၀က်သားနှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဝက်သားကြိုက်နှစ်သက်သူများအတွက် ထမင်းလည်းစားမြိန်စေမည့် ဝက်သားနှပ်ပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ...
ဝက်သား၊
ချင်း၊
ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊
နာနတ်ပွင့်၊
ရှာလကာရည်၊
ဟင်းခတ်မှုန့်နှင့်
ဆားတို့ လိုအပ်ပါမယ်။
ပြုလုပ်နည်း
========
ပထမဦးဆုံး ဝက်သားကို အရွယ်တော် အတုံးကလေးတွေလှီးပြီး ရေသန့်စင်အောင် ဆေးကြောထားပါ။ ပြီးလျှင် ရှာလကာရည်၊ ဟင်းခတ်မှုန့်နှင့် ဆားတို့ ရောနယ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို အခွံနွှာထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကို လေးစိပ် စိပ်ထားပေးပါ။ ချင်းကိုလည်း ခပ်ပါးပါးလေးလှီးထားပြီး နာနတ်ပွင့်ကိုလည်း မညက်တညက်လေးထောင်းထားပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့် မီးဖိုပေါ်တင်လိုက်ပါ။ ဆီထဲကို သကြားအနည်းငယ်ထည့်ပြီးမွှေပေးထားပါ။ ဆီပွက်လာလျှင် ဝက်သားကိုထည့်ပြီး သမအောင်မွှေပေးထားပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ နာနတ်ပွင့်နှင့် ချင်းကိုထည့်လိုက်ပြီး ဝက်သားနှင့် ရောသမအောင်မွှေပေးထားပါ။ အိုးအဖုံးအုပ်ပြီး အသားထဲက ထွက်လာမယ့်အရည်နှင့် ပထမတစ်ရည်ခမ်းအောင် တည်ထားပေးပါ။ပထမတစ်ရည်ခမ်းသွားပြီဆိုလျှင် နောက်ထပ် ရေထပ်ပြီး ဟင်းအိုးကို မီးအသင့်အတင့်နှင့် တည်ပေးထားပါ။
ဝက်သားတွေကို အထက်အောက်မွှေပေးပြီး နူးတဲ့အထိ တည်ပေးထားပါ။ အသားများ နူးအိလာပြီဆိုလျှင် အရသာ အပေါ့အငန်မြည်းကြည့်နိုင်ပါတယ်။ဝက်ခါက်လေးတွေကလည်း နူးအိပြီး အသားတွေမှာလည်း ချိုချိုချဉ်ချဉ်လေးတွေနှင့် အနံ့အရသာ ပြည့်စုံတဲ့ ဝက်သားနှပ်လေးကို ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။