အရသာအရမ်းရှိလှတဲ့ Tom Yum ဟင်းရည်
foodies တို့ရေ အိမ်မှာနေရင်း ကိုယ့်ရဲ့အိမ်တွင်းလက်ရာလေးနဲ့ ဟင်းပွဲတွေ ဖန်တီးကြမလား..။
လွယ်လင့်တကူ ချက်ပြုတ်လို့ရမယ့် Tom Yum ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်..။
Tom Yum
-------------------------
ပါဝင်ပစ္စည်းများ
ရှီတာကီမှို - ၄၀ ဂရမ်
အပ်မှို - ၄၀ ဂရမ်
မှို - ၃၀ ဂရမ်
ဆီ - စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ - ၆၀ ဂရမ်
ကြက်သွန်ဖြူ - ၃ ဂရမ်
ကြက်သွန်မြိတ် - ၁၅ ဂရမ်
မုန်လာဥနီ - ၅၅ ဂရမ်
ငရုတ်ပွ - ၁၅ ဂရမ်
နံနံပင် - အနည်းငယ်
ချင်း - ၃ ဂရမ်
စပါးလင် - ၁ ချောင်း
သံပရာရည် - စားပွဲဇွန်း ၃ ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - ၂ လီတာ
ပတဲကော - ၃ ဂရမ်
ရှောက်ရွက် - ၃ ရွက်
ငရုတ်သီးစိမ်း - ၃ ဂရမ်
ပြုလုပ်နည်း
အသီးအရွက်တုံယမ်းဟင်းရည်ချက်ဖို့အတွက်ကိုတော့ အရင်ဆုံး အသီးအရွက်လေးတွေကို အသုံးပြုပြီး ပြုတ်ရည်ရအောင် ပြုလုပ်ပေးရပါမယ်။ အိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ နံနံပင်အမြစ်၊ ရေတို့ကို ထည့်ပြီး ပြုတ်ရည်ရအောင် ၄၅ မိနစ်ခန့် ပြုတ်ထားပေးရပါမယ်။
ကြက်သွန်နီ ၁၀ ဂရမ်လောက်၊ ကြက်သွန်ဖြူ၊ တို့ကို နုပ်နုပ်စဉ်းထားပါ။ ချင်းကို ပါးပါးလှီးထားပါ။ စပါးလင်တစ်ချောင်း ကို ဓားပြားရိုက်ပြီး နှစ်ပိုင်းပိုင်းထားပေးပါ။ ဟင်းရည်ထဲကို ထည့်ချက်ဖို့ ကြက်သွန်နီ ၅၀ ဂရမ်လောက်ကို မီးကင်ထားပေးပါ။ မုန်လာဥနီ၊ ငရုတ်ပွလေးတွေကိုလည်း အတုံးလေးတွေ လှီးထားပေးပါ။
မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်၊ စပါးလင်၊ ပတဲကော၊ ရှောက်ရွက်ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးလျှင် ကြက်သွန်နီကို မီးကင်ထားတာ၊ မှိုသုံးမျိုး၊ သံပရာရည်၊ အသီးအရွက်ပြုတ်ရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်း၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ငရုတ်သီးစိမ်းထည့် နံနံပင် အုပ်ပြီးရင်တော့ အရသာရှိတဲ့ Vegetable Tom Yum လေး ရပါပြီနော်။
-------------------------
TasteWindowMagazine